Sunday, 24 June 2012
အမျိုးသမီး ဆိုင်ကယ်ကယ်ရီ နေပြည်တော် တွင် ရှိလာ၍ အမျိုးသမီး ခရီးသွားများ အဆင်ပြေ
နေပြည်တော် ကောင်စီနယ်မြေအတွင်း အမျိုးသမီး ဆိုင်ကယ်
ယာဉ်မောင်းအချို့ရှိလာသောကြောင့် ခရီးသွား အမျိုးသမီးများက ကြိုဆိုလက်ခံကြောင်း နေပြည်တော် ဘူတာကြီးအနီး ဆိုင်ကယ် အငှားဂိတ် များမှ သိရှိရသည်။ သို့ရာတွင် ၎င်းအမျိုးသမီးများသည် တရားဝင် ဆိုင်ကယ် အငှားယာဉ်မောင်းများ မဟုတ်ကြသည့်အပြင် အချိန်ပြည့် လုပ်ကိုင်ခြင်းလည်း မဟုတ်ဟု သိရသည်။ ၎င်းတို့သည် အသက်အရွယ်အားဖြင့် ၂၅ နှစ်မှ ၃၀ နှစ်ကျော် အမျိုးသမီးများ ဖြစ်ကြပြီး အမျိုးသမီး ခရီးသည်တို့ကို အဓိက လိုက်လံပို့ဆောင်ကြသည်ဟု မကြာခဏ ကြုံတွေ့သူတို့က ဆိုသည်။
“ဘူတာကြီးနားမှာလည်း တွေ့တယ်။ သပြေကုန်းဘက်မှာလည်း တွေ့တယ်။ သိပ်များများစားစားကြီး တွေ့ရတာ မဟုတ်ဘူး။ ညပိုင်းတွေမှာလည်း တွေ့ရလေ့ မရှိဘူး။
ဘူတာကြီးနားမှာဆို ကွမ်းယာနဲ့ ဓာတ်ဆီတွဲရောင်းတဲ့ ဆိုင်ကလေးတွေ ဖွင့်ရင်း ခရီးသည်ရရင် လိုက်ပို့ကြတာ” ဟု ၎င်းတို့က ဆက်လက် ပြောကြားသည်။ အမျိုးသား ဆိုင်ကယ်မောင်းသူတို့နှင့် အဆင်မပြေကြသည့် အမျိုးသမီး ခရီးသည်များပြားလာသောကြောင့် အဆိုပါ အမျိုးသမီး ဆိုင်ကယ် အငှားယာဉ်မောင်းများမှာ ဒေသတွင်း အမျိုးသမီးတို့အတွက် မရှိမဖြစ် လိုအပ်နေသည်ဟု ဥတ္တရသီရိမြို့ ဆောက်လုပ်ရေး လုပ်ငန်းမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ရှုမြင်သည်။
“အမျိုးသမီးချင်း စီးရတာ လွတ်လပ်ပေါ့ပါးပြီး အန္တရာယ်ကင်းတယ်။ အမျိုးသားတွေနောက်မှာ လိုက်စီးရရင် နောက်တန်းကို တင်းတင်းကိုင်ပြီး တောင့်တောင့်ကြီး စီးရတယ်။ ယိုင်မသွားအောင်လို့ပါ။ နောက်ပြီး အမျိုးသမီးချင်းက လုံခြုံမှု ပိုရှိတယ်လို့ မြင်တယ်။ နေပြည်တော် မဖြစ်ခင်ကတည်းက ဒီဒေသမှာ ဆိုင်ကယ် ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တဲ့ အမျိုးသမီးတွေ ရှိတယ်။ အမျိုးသမီးတွေရဲ့ ဆိုင်ကယ်ငှားစီးရတဲ့ စိတ်ခံစားမှုကို အမျိုးသမီးတွေပဲ သိတယ်။ ဒါကြောင့် သူတို့ကို သက်ဆိုင်ရာက ဆိုင်ကယ်အငှား ယာဉ်မောင်းခွင့် လိုင်စင် ကျယ်ကျယ်ပြန့်ပြန့် ပေးသင့်တယ်လို့ ယူဆပါတယ်” ဟု နေပြည်တော်သို့ လာရောက်ကာ တာဝန်ထမ်းဆောင်သော အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှ မန္တလေးနှင့် မြစ်ကြီးနား မြို့တွင်လည်း အမျိုးသမီး ဆိုင်ကယ်အငှား ယာဉ်မောင်းများ ရှိနေကြောင်း အထက်ပါ ဝန်ထမ်းက ပြောသည်။
စွမ်းရဲထွဋ်
Subscribe to:
Post Comments (Atom)
ခရီးသွားတွေအရင်ကထက်အဆင်ပြေလာတာပေါ့နော်
ReplyDeleteဟုတ်တယ် အဲ့ဒါတော့ ထောက်ခံတယ် သွားရင် အဲ့လိုပဲ
ReplyDeleteအဆင်ပြေချင်တယ်..ခပ်များများ သာ စီစဉ်ပေးကြပါ..