ဧဒင်အချစ်ပုံပြင်: မြန်မာ လူငယ်များကြား စိတ်ကြွဆေး သုံးစွဲမှုမြင့်တက်

Thursday 20 September 2012

မြန်မာ လူငယ်များကြား စိတ်ကြွဆေး သုံးစွဲမှုမြင့်တက်

မြန်မာလူငယ်များအတွင်း စိတ်ကြွဆေးသုံးစွဲမှု မြင့်မားလာနေပါသည်။ခံစားနေရသည့်စိတ်ဖိစီးမှုများ ပြေပျောက်ရန်၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ချက် မြင့်တက်စေရန်၊ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊
နိုက်ကလပ်များတွင် ပိုမိုပျော်ပါးနိုင်ရန်၊ သူငယ်ချင်းများ အညွှန်းကောင်းသည့်အတွက် စမ်းသပ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လူငယ်ထုအတွင်းစိတ်ကြွဆေးအမျိုးမျိုး သုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။
Methampetamine (မီသမ်ဖီတာမင်း)ဟုခေါ်သည့် စိတ်ကြွဆေးသုံးသော အသက်အရွယ်သည် များသောအားဖြင့် အသက် ၁၈ နှစ်ဝန်းကျင်မှ ၃၅ နှစ်ခန့်အထိများပြားလေ့ရှိပြီး အချို့စိတ်ကြွစေသော ဆေးဝါးများ အသုံးပြုသည့် အသက်အရွယ်သည် ၁၅ နှစ်ဝန်းကျင်ခန့်လည်း ဖြစ်လေ့ရှိကြောင်း HIV ကာကွယ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။

ဘိန်းကဲ့သို့ ဈေးမကြီးဘဲ နေရာအချို့တွင် အလွယ်တကူ ရရှိနိုင်ခြင်း၊ တစ်ပိုင်တစ်နိုင် လွယ်လွယ်ကူကူ ဆေးထုတ်လုပ်နိုင်ခြင်း၊ ဈေးနှုန်းသင့်တင့်သည့်အတွက် လူတိုင်းလက်လှမ်းမီခြင်း၊ ဘိန်းကဲ့သို့ အဖမ်းအဆီး မပြင်းထန်ခြင်း စသည့် အကြောင်းအရင်းများစွာက ယခင် နယ်စပ်ဒေသများတွင်သာ အသုံးတွင်ကျယ်သည့် အခြေအနေမှ မြို့ကြီးများရှိ လူငယ်ထုများကြား စိတ်ကြွဆေးသုံးစွဲမှု တဖြည်းဖြည်း ပိုမိုမြင့်မားလာသည်။
ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ်လည်း သတ်မှတ်ခံရသည့် မြန်မာနိုင်ငံတွင် စိတ်ကြွဆေး ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ဓာတုပစ္စည်းများမှာ ပြည်တွင်းတွင်မရှိဘဲ ထိုပစ္စည်းများအား အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှ ထုတ်ပြန်ချက်များအရ သိရသည်။
စိတ်ကြွဆေး ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပါဝင်သည့် ဆူဒိုအက်ဖတမင်း ပါဝင်သော  အိမ်သုံးဆေးဝါးများ ဖမ်းဆီးရမိမှု အနေဖြင့်  မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်များမှ အများဆုံး ဖမ်းဆီးရမိသည်ကို တွေ့ရှိရသည်။
တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်း ဖမ်းဆီးရမှုမှာ အိန္ဒိယပြီးလျှင် ဒုတိယအများဆုံးဖြစ်ကြောင်းသိရသည်။
အာရှနှင့် ပစိဖိတ်ဒေသတို့တွင် သုံးစွဲမှုအများဆုံးဖြစ်သည့် မီသမ်ဖီတာမင်းဆေးဝါးထုတ်လုပ်ရာ အဓိကနိုင်ငံများတွင်လည်း မြန်မာပါဝင်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
စိတ်ကြွဆေးသည် ဗဟိုအာရုံကြော အဖွဲ့အစည်းကို နှိုးဆွခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ပေးသည်။
ထိုဆေးများ၏ စွဲမက်စရာ အာနိသင်များမှာ ဆေးသုံးစွဲထားသူအား တက်ကြွခြင်း၊ နိုးကြားထက်သန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိခြင်း၊ သန်စွမ်းကြံ့ခိုင်ခြင်း စသည်တို့ကို ခံစားမိစေသည့်အတွက် သဘောကျ နှစ်သက်ကြခြင်းဖြစ်သည်။
သုတေသနများအရ လူများစုသည် အပျော်သဘော၊ ညနေချမ်း၊ ညချမ်းစိတ်ဖြေဖျောက်ရန်၊ မိတ်ဆွေများနှင့်အတူ အပန်းဖြေရန်တို့ဖြစ်ပြီး အချို့သူများမှာ မိမိတို့ အလုပ်ကို ပိုမိုပြင်းပြင်းထန်ထန်၊ အချိန်ကြာရှည်စွာ ပြုလုပ်နိုင်ရန် ခွန်အားရယူလိုခြင်းဖြစ်ပြီး အခြားအကြောင်းများကြောင့် ဖြစ်သည့် အတွက် ငွေကြေးချမ်းသာသည့် အသိုင်းအ၀ိုင်းမှ လူငယ်များလည်း အသုံးပြုမှု များပြားကြကြောင်း ဘားနက်အင်စတီကျူဒ်မှ ထုတ်ဝေသည့် လက်ကမ်းစာစဉ်တွင် ဖော်ပြထားသည်။
“စိတ်ကြွဆေးဆိုတာ ၀ယ်ရတာ အရမ်းလွယ်တယ်။ တက္ကသိုလ်တက်ရင်းနဲ့ သုံးဖြစ်တာ ခြောက်နှစ်လောက် စွဲသွားတယ်။ စိတ်ကြွဆေးက သုံးထားတဲ့အချိန်ဆိုရင် စိတ်က အရမ်းကြည်လင်နေတယ်။
တိမ်တွေပေါ် လမ်းလျှောက်နေရသလိုပဲ။ အလုပ်တစ်ခုခု လုပ်ပြီဆိုရင်လည်း တစ်စိုက်မတ်မတ်ပဲ လုပ်နိုင်တယ်။
ဒါပေမဲ့ မသုံးရတဲ့ အချိန်မှာတော့ “ယဉ်းကိုက်” တယ်လို့ ခေါ်တယ်။စိတ်မငြိမ်ဘူး၊ ရင်ဘတ်ထဲမှာ ယားသလို ခံစားရတယ်။ ရင်ပူတာတွေ
ဖြစ်တယ်။
ရန်ကုန်မှာ အလုပ်လာလုပ်မှ ဆေးပြတ်သွားတာ။ ဒီမှာကတော့ လုပ်လို့မရဘူး။ အဖမ်းခံရမယ်လေ”ဟု လက်ရှိ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေပြီး ရှမ်းပြည်နယ်မှ ပြောင်းရွှေ့လာသည့် ဆေးသုံးစွဲဖူးသူ အမျိုးသားတစ်ဦးကပြောသည်။
စွဲမက်စရာ မကောင်းလှသော ရုပ်ပိုင်းဆိုင်ရာ ယာယီအကျိုးသက်ရောက်မှုများမှာ ပြောနေ၊ စဉ်းစားနေသော အကြောင်းအရာများ ရုတ်တရက် ပြောင်းလဲသွားခြင်း (ထို့ကြောင့် ဆေးသုံးသူ ပြောပုံ၊ စဉ်းစားပုံကို နားလည်နိုင်ရန် မလွယ်ကူစေပါ) ၊ ကြောက်စိတ်မွှန်ခြင်း၊
စိတ်သောကရောက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ ရန်လိုခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ ဖျားနာ၍မဟုတ်ဘဲ လွန်လွန်မင်းမင်း ကိုယ်အပူချိန်တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း လက္ခဏာများအား အက်ဖီတမင်း ခန္ဓာကိုယ်ထဲ ရှိနေသည့်အချိန်တွင် ခံစားရနိုင်ကြောင်း သိရသည်။
စိတ်ကြွဆေး၏ အကျိုးအာနိသင်သည် ဦးနှောက်ဖွဲ့စည်းပုံအား ထိခိုက်သဖြင့် ဆေးကု၍ မရတော့သည်အထိ ရူးသွားခြင်းပင်ဖြစ်သည်။ အနောက်နိုင်ငံများတွင်
ဘိန်းထက် အသုံးများသည့် ဆေးဝါးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ၌ ဂျပန်၊ကိုရီးယားနိုင်ငံများတွင် သုံးစွဲမှု များပြားပြီး  မြန်မာနိုင်ငံတွင် လက်ရှိ ဘိန်းအသုံးပြုမှုများပြားနေသော်လည်း ဖမ်းမိသည့် စာရင်းများနှင့် စိတ်ရောဂါကု ဆေးရုံများသို့ စိတ်ကြွဆေးသုံးစွဲပြီး ရောက်လာကြသော  လူနာစာရင်းများအရ တဖြည်းဖြည်းလူငယ်ထုအတွင်း သုံးစွဲမှုများပြားလာကြောင်း သိနိုင်သည့် အချက်များပင်ဖြစ်ကြောင်းHIV နှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသော ထိုအဆင့်မြင့်အရာရှိက ဆက်လက်ပြောသည်။ အုပ်ချုပ်မှုဒေသ ၁၇ ခု ရှိသည့်အထဲ ၁၆ နေရာတွင် ဖမ်းမိသည့် သတင်းများ ရှိနေသည့်အတွက် ယင်းမှာ နိုင်ငံတစ်ဝန်းလုံး စိတ်ကြွဆေးများ ရနေခြင်းကို မီးမောင်းထိုးပြထားခြင်းပင် ဖြစ်သည်။ သို့သော် အများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းများရှိ ထုတ်လုပ်မှုဇုန်များနှင့် နီးစပ်သည့် နေရာများတွင် ပိုမိုဖမ်းမိကြောင်းUNODC ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းနှင့်ဆက်စပ်သည့် ဆေးဝါးများ ထုတ်လုပ်နေသည့် နေရာများတွင် အသုံးပြုမှုမှာ ယခင်ကတည်းက များပြားနေသော်လည်း ယခုနှစ်များအတွင်း ရန်ကုန်၊ မန္တလေး အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာများသို့ပါ အသုံးပြုမှု များပြားလာကြောင်း အဆင့်မြင့်အရာရှိက ပြောသည်။
“၂၀၀၀ ၀န်းကျင်လောက်က လုပ်ခဲ့တဲ့ သုတေသနအချို့အရ စိတ်ကြွဆေးသုံးစွဲမှုမရှိဘဲ ဒိုင်ယာစီဗင်လောက်ကိုသာ အနည်းငယ် စမ်းသပ်သုံးစွဲတာကို တွေ့ရှိရတယ်”ဟုမူးယစ်ဗဟိုရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စိတ်ကြွဆေးက ဘိန်းလိုမျိုး မစွဲဘူး။ အန္တရာယ်လည်း မကြီးမားပါဘူးဆိုပြီး သုံးကြတယ်။ ဒါပေမဲ့ တွေ့ဖူးတဲ့ လူနာတွေထဲမှာဆိုရင် တစ်ခါလောက်သုံးပြီး စိတ်ဖောက်ပြန်သွားလို့ ရောက်လာတဲ့ လူနာတွေလည်း ရှိတယ်။
သူက ဆေးပြတ်သွားရင် ဘိန်းလို ခန္ဓာကိုယ်က တောင့်တပြီး ယင်းထတာမျိုး မရှိတဲ့အတွက် ဘိန်းလိုမစွဲဘူးလို့ ပြောကြပေမယ့် စိတ်ကစွဲလမ်းမှုတော့ ရှိတယ်။
နယ်ဘက်ဆိုရင် စိတ်ဖောက်ပြန်ပြီး ရောက်လာလို့ လူနာနောက်ကြောင်းရာဇ၀င်ကို မေးလိုက်ရင် အများစုက ဆေးချထားလို့ စိတ်ဖောက်ပြန်တာပဲ”ဟု ကရင်ပြည်နယ်အတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးကပြောသည်။
“တချို့ကလပ်တွေမှာလည်း လွယ်လွယ်ဝယ်နိုင်တယ်။ နမူနာ လိုက်ဝေနေတာတွေတောင် ရှိတယ်လို့ ကြားမိတယ်။ ပျော်ချင်ပါးချင်တဲ့ အထက်တန်းလွှာက သူတွေလည်း အများအပြား သုံးစွဲကြတဲ့အခါ စိတ်ကြွဆေးသုံးတဲ့သူတွေက မြုပ်နေတယ်”ဟု အဆင့်မြင့်အရာရှိက ပြောသည်။
စိတ်ကြွဆေး ရောင်းဝယ်ဖောက်ကားမှုများအား ဥပဒေပြဋ္ဌာန်းချက်များအရ ဘိန်းရောင်းဝယ်မှုများကဲ့သို့ အပြစ်ဒဏ် ပေးနိုင်သော်လည်း စိတ်ကြွဆေး သုံးစွဲထားသူများအား ဥပဒေအရအရေးယူ အပြစ်ဒဏ်ပေးခြင်း မရှိပေ။
“လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူအနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဆေးကုဌာနများ (သို့မဟုတ်) ဆေးကုဂေဟာများမှာ တရားဝင်သွားရောက် မှတ်ပုံတင်ပြီး ဆေးကုသမှု ခံယူရမယ်။
အဲဒါကို ပျက်ကွက်ရင်တော့ အရေးယူ အပြစ်ပေးခံရမယ်”ဟု မူးယစ်ဗဟိုမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးများ ရောင်းဝယ်ဖောက်ကားခြင်းများအား အမြဲမပြတ် စောင့်ကြည့်ပြီး တားဆီးနှိမ်နင်းရေး အဖွဲ့များမှာလည်း ထိရောက်စွာ အရေးယူ
လျက်ရှိသည်။
စိတ်ကြွဆေးအန္တရာယ်အား ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ပိုမိုပညာပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှသိရသည်။
ချောင်းဆိုးပျောက်ဆေး အချို့အား စိတ်ကြွဆေးအဖြစ် အသုံးပြုမှု များပြားသည့်အတွက် ဆေးဆိုင်များတွင် ချောင်းဆိုးပျောက်ဆေးရည်များ ရောင်းဝယ်မှု ပိတ်ပင်ထားသော်လည်း အချို့သော နေရာများတွင် ဘိန်းမည်းအား အရည်ဖျော်ပြီး ချောင်းဆိုးပျောက်ဆေးများနှင့် တွဲဖက်သုံးစွဲခြင်း၊ နေရာဒေသ အလိုက် ဆေးအမျိုးမျိုးစပ်၍ သုံးစွဲခြင်းများလည်းရှိကြောင်း သိရသည်။
ပြည်တွင်းတွင် စိတ်ကြွဆေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိမှုသေချာသော ကိန်းဂဏန်းလည်းမရှိသေးသည့် အတွက် နိုင်ငံတကာမှ ထောက်ပံ့သည့် ငွေကြေးများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့များမှလည်း စိတ်ကြွဆေးနှင့် ပတ်သက်သည့် ပညာပေး၊ ကာကွယ်၊ ကုသမှုများ ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများလည်း မရှိသေးကြောင်း သိရသည်။
စိတ်ကြွဆေးသည် ထုတ်လုပ်သည့် စက်ပစ္စည်းရှိလျှင်ပင် မိသားစုစီးပွားရေးအနေဖြင့်ထုတ်လုပ်နိုင်သည့် အခြေအနေရှိပြီး အမြတ်အစွန်းများစွာ ရသည့်အတွက် ယခင်ကဲ့သို့တစ်ဦးတည်း အများအပြားထုတ်လုပ် ဖြန့်ချိခြင်းထက် လူအများမှ အနည်းငယ်ဆီ ထုတ်လုပ်လာသည့်အတွက် ထုတ်လုပ်မှုပမာဏမှာလည်း တိုးမြင့်လာပြီး သုံးစွဲမှုများလည်း များပြားလာခြင်းဖြစ်ကြောင်း ပညာရှင်များမှ သုံးသပ်ပြောကြားသည်။
“ဒါပေမဲ့ အခုတော့ သုံးစွဲမှုက များလာတော့ တဖြည်းဖြည်းနဲ့ အဖွဲ့အစည်းတွေကလည်း ပြောလာကြပြီ။ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေ လည်း လေ့လာနေကြပါပြီ”ဟု အဆင့်မြင့်အရာရှိက  ပြောသည်။

2 comments:

  1. မစွဲလွယ်ဘူးဆိုပေမဲ့ တကယ်ပြောရရင် ဘိန်းထက်မက စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကိုထိခိုက်စေတဲ့ အရာကြီးပါ။
    စိတ်ကြွဆေးကို ဝက်သားပေါ်တင်ထားကြည့်ပေါ့.. တစ်နာရီအတွင်း ပေါက်ထွက်သွားနိုင်တဲ့ စွမ်းအားရှိနေတာ...။ ခုတော့ မသိဘူးပေါ့၊ဟိုတုန်းကဆို အသားပေါ်တင်လို့မှ မပေါက်ဘူးဆိုရင် ဆေးပြားအတုဆိုပြီး ဝယ်မသုံးကြဘူး။ဖာကန်ကျောက်စိမ်မော်မှာဆို အမိန့်ရဆေးဆိုင်များလားအောင်းမေ့ရတယ်။ အနံကလည်း အစုံ ချောကလက်၊ စပျစ်၊ လိမွန်...အရောင်းကလည်း အစိမ်း အဝါ ပန်းရောင် စုံနေတာပဲ ...။ လေ့လာမယ်ဆို တစ်ခေါက်လောက်တော့သွားကြည့်ကြပေါ့...။ ဒါပေမဲ့ စမ်းတော့မကြည့်လိုက်နဲ့ဗျာ....။

    ReplyDelete

Related Posts Plugin for WordPress, Blogger...