ဧဒင်အချစ်ပုံပြင်: ရဲတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူတစ်စု ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

Sunday 1 December 2013

ရဲတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူတစ်စု ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းနှင့် နဝဒေးပတ်လမ်းဆုံ အနီးတွင် နိုဝင်ဘာလ ၂၉ ရက် ည ၈နာရီ ခန့်က လမ်းပေါ် ဆိုင်ကယ်ရပ်ခဲ့သော အမျိုးသား သုံးဦးနှင့် ရဲတပ်သားနှစ်ဦး အပါအဝင် လူငါးဦး စကားများရာမှ ရဲတပ်ဖွဲ့ဟု ပြောသူက လက်ထိတ်၊ သံတုတ်၊ လက်နက်ပုန်း တို့ဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ရာ အသက် ၂၇နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောကြားသည်။


ဆိုင်ကယ် ကယ်ရီမောင်း သန့်ဇော် နှင့် ၄င်းသူငယ်ချင်းနှစ်ဦးသည် ဗစ်တိုးရီးယား ကုန်တိုက်သို့ သွားရန် ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာစဉ် ကျန်စစ်သားလမ်းနှင့် နဝဒေးပတ်လမ်းဆုံ အနီးတွင် ဆိုင်ကယ် ပေါ်လိုက်ပါလာသူ မင်းသူထက်က အပေါ့သွားရန် ဆိုင်ကယ်ရပ်ခဲ့ကြောင်း၊ ယင်း အချိန်တွင် ရဲတပ်ဖွဲဝင် စိုးပိုင်နှင့် သက်ပိုင် အရပ်သားရဲသွေး၊ နိုင်ထူးရှိန်နှင့် မစုလတ် တို့က ဆိုင်ကယ်နှစ်စီးကို စီးနင်းကာ ဖြတ်ကျော်သွားစဉ် ဆိုင်ကယ်ကို လမ်းပေါ်ရပ်သည့် အကြောင်း ပြောဆိုရာမှ စကားများကာ ရိုက်နှက်ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့ရာ မင်းသူထက်က ရဲတပ်သား စိုးပိုင်ကို စတင် ထိုးကြိတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှင့် အတူပါလာသူ အမျိုးသားတစ်ဦးက မင်းသူထက်ကို စကေဘာဖြင့် ထိုးခဲ့ပြီး ရဲတပ်သားဖြစ်သူ စိုးပိုင်နှင့် သက်ပိုင်တို့က လုံးပတ်နှစ်လက်မ နီးပါးရှိ သံတုတ်၊ လက်ထိတ် တို့ဖြင့် ထပ်မံရိုက်နှက် ခဲ့သောကြောင့် လမ်းဘေးရေမြောင်းထဲသို့ ပြုတ်ကျ ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ အမှုစစ် အရာရှိက ပြောကြားသည်။

အရိုက်ခံရသူနှင့် အတူပါလာသော ကိုစောမင်းနိုင်က မရိုက်နှက်ရန် ဝင်တားခဲ့ရာ လက်သီးဖြင့် ထိုးကြိတ်ခံခဲ့ရပြီး သက်ပိုင် တို့အုပ်စုက ဆိုင်ကယ်ဖြင့် ထွက်ခွာသွား ခဲ့ကြောင်း၊ ယင်းနောက် ရေမြောင်းထဲ ကျနေသော အသက် ၂၇ နှစ်အရွယ် မင်းသူထက် ကို ဆယ်ယူကာ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း အဆိုပါ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

"အမျိုးသမီး တစ်ယောက်ရဲ့ အော်သံ ကြားလိုက်တယ်။ မှောင်ကလည်း မှောင်နေတော့ သဲသဲကွဲကွဲ မမြင်ရဘူး၊ နေရာက လူလည်း ပြတ်တယ်။ နောက်ပိုင်းကျမှ ရန်ဖြစ်ကြမှန်း သိတာ" ဟု အဆိုပါ လမ်းထိပ်တွင် ကွမ်းယာဆိုင် ဖွင့်လှစ်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
သေဆုံးသူ မင်းသူထက်ကို လှိုင်သာယာ မြို့နယ်ဆေးရုံက ရင်ခွဲစစ်ဆေးရာ ကျောက်ကပ်တွင် စကေဘာဖြင့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ အစာအိမ်ပေါက်၊ အဆုတ်ကွဲအက် ဒဏ်ရာများ ရရှိခဲ့သည်ဟု ရင်ခွဲစစ်ဆေးချက် အရ သိရှိရသည်။

အဆိုပါ ရိုက်နှက်သူများ ထဲတွင် လှိုင်သာယာ မြို့မစခန်းမှ ရဲတပ်သား စိုးပိုင် နှင့် ၄င်း၏ ညီဖြစ်သူ သင်္ဃန်းကျွန်း မြို့မ ရဲစခန်းမှ ရဲတပ်သား သက်ပိုင်၊ အရပ်သား များဖြစ်သော နိုင်ထူးရှိန် ၊ ရဲသွေးနှင့် မသီတာအေးတို့ကို (ပ) ၁၃၇၆/၁၃ ၊ ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိပြီး ရဲတပ်သား သက်ပိုင်နှင့် မသီတာအေး တို့မှာ ထွက်ပြေးတိမ်းရှောင် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...