ဧဒင်အချစ်ပုံပြင်: ဘဏ်သို့ရောက်လာသော အက်ဖ်အီးစီများကို ပြန်မထုတ်သောနည်းလမ်းဖြင့် သိမ်းနေပြီ

Wednesday 21 March 2012

ဘဏ်သို့ရောက်လာသော အက်ဖ်အီးစီများကို ပြန်မထုတ်သောနည်းလမ်းဖြင့် သိမ်းနေပြီ


ဘဏ်စနစ်ထဲသို့ ရောက်လာသည့် အက်ဖ်အီးစီကို ပြန်မထုတ်ပေးသော နည်းလမ်းဖြင့် ပြန်လည်သိမ်းဆည်းနေပြီဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အက်ဖ်အီးစီအား ဖျက်သိမ်းသွားမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌကြီးမှ တရားဝင်ထုတ်ဖော် ပြောဆိုမှုများရှိခဲ့ရာ မည်သည့် အချိန်နောက်ဆုံးထားကာ သိမ်းယူမည့်အပေါ် ဗဟို ဘဏ်မှ တာဝန်ရှိသူကပင် ‘သတိမထားမိကြလို့ပါ။ ဗဟိုဘဏ်အပါအဝင် ပုဂ္ဂလိကက ဘယ်ဘဏ် ကို ရောက်ရောက် ပြန်မှမထုတ်ပေးတော့တာ”ဟု ပြောသည်။
လှည့်လည်သုံးစွဲငွေများထဲမှ ၁၅ ကျပ်၊ ၄၅ ကျပ်နှင့် ကျပ် ၉ဝ တန် ငွေစက္ကူကဲ့သို့ တဖြည်းဖြည်း သိမ်းယူသည့်
နည်းလမ်းများဖြင့် ပပျောက်သွားရန် ဆောင်ရွက်သွား မည်ဖြစ်ရာ အက်ဖ်အီးစီမှာမူ အချိန်များစွာယူရမည်တော့ မဟုတ်ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
နိုင်ငံတွင်း၌ အက်ဖ်အီးစီး စတင်ထုတ်စဉ် အခါကတည်းက ယာယီသဘောသာဖြစ်ပြီး ပြန်လည်သိမ်းမည့်အစီအစဉ် ရှိထားပြီးဖြစ်သော်လည်း၊ အချိန်ကြာမြင့်သွား ခဲ့ကြောင်း၊ ယခုမှာမူအက်ဖ်အီးစီကို သိမ်းရန်ဆုံးဖြတ် ခဲ့မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
”အက်ဖ်အီးစီကို စထုတ်ကတည်းကိုက ပြည်တွင်းကို ရောက်လာတဲ့ နိုင်ငံခြားသားတွေ ငွေကြေးကိုင်ဆောင် သုံးစွဲရမှု အဆင်ပြေအောင် လုပ်ပေးထားတဲ့ သဘောပဲလေ။ အခုနိုင်ငံခြား ငွေလဲလှယ်တဲ့ကောင်တာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတဲ့အတွက် ဒီအက်ဖ်အီးစီကို ပြန်သိမ်းတဲ့သဘောပါပဲ။ လက်ရှိကိုင်တွယ် သုံးစွဲနေမှုနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး။ ဆက်သုံးနေလို့ရပါ တယ်။ ဘယ်သူ့အတွက်မှ နစ်နာဆုံးရှုံးမှု မရှိစေအောင် စီစဉ်ထားတာပါ။ ဒီအတွက် ဘာမှစိုးရိမ်စရာ မရှိ ပါဘူး”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ”ဒါက ဗဟိုဘဏ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့သဘောလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
ဗဟိုဘဏ်အနေဖြင့် အက်ဖ်အီးစီအား ဈေးကွက်မှတဖြည်းဖြည်း ဖျက်သိမ်းသွားနေသည့်အပြင် အမျိုးမျိုးဖြစ်နေသော နိုင်ငံခြားငွေ လဲလှယ်နှုန်းထားအား တစ်မျိုး တည်းဖြင့် နှုန်းရှင်သတ်မှတ်သော ငွေကြေးမူဝါဒအား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြောင်းလဲကျင့်သုံး သွားမည်ဟုလည်း ဗဟိုဘဏ်မှသိရသည်။ ဗဟိုဘဏ် တာဝန်ရှိသူက ”နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ငွေကြေးစနစ်အတိုင်း သွားတဲ့ သဘောပါပဲ”ဟုပြောသည်။ စီးပွားရေးပညာရှင် ဒေါက်တာစိုးထွန်းက ”ဒါကလည်း ကောင်း တဲ့ လက္ခဏာပါ။ ဒါကိုဗဟိုဘဏ်က ထိန်းညှိပေးဖို့ တော့ လိုပါတယ်။ ဒါမှ ဈေးကွက်က လည်ပတ်နိုင်မှာပါ” ဟု ပြောသည်။
မင်းသုအောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...