ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ရှိနေတဲ့ နေရာက အမေရိကန်၊ ကယ်လီဖိုးနီးယား
ပြည်နယ်မြောက်ပိုင်းက Fort Bragg မြို့ ကမ်းခြေတစ်ခုမှာ
ဖြစ်ပါတယ်။ အောက်က ပုံတွေမှာ ဖော်ပြထားတဲ့ အတိုင်းပါဘဲ။
ကမ်းခြေတစ်လျှောက်မှာ သဲတွေနဲ့အတူ အရောင်စုံနေတဲ့ ကျောက်ခဲငယ်လေးတွေအရွယ်
ကြည်လင်တောက်ပနေတဲ့ အရာလေးတွေ အများကြီး တွေ့ရပါလိမ့်မယ်။

ရောင်စုံ ဖန်သားကမ်းခြေ
အရောင်စုံပြီး တောက်ပနေပုံများ အံ့မခန်းလှပဆန်းကြယ်လို့ နေပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါဘဲ.. အရောင်တွေ စုံလင်လှပြီး ကြည်လင်တောက်ပနေတာကို
တွေ့ရမှာပါ။ ကမ်းစပ်မှာ ဖြစ်ပေါ်နေတဲ့ လှလှပပ ဖန်သားစလေးတွေဟာ တကယ်တမ်းတော့
လူတွေက ပြုလုပ်သုံးစွဲကြတဲ့ ဖန်ထည်တွေ၊ ပုလင်းတွေ၊ ဖန်ကရားအိုးတွေ စသဖြင့်
ဖန်နဲ့ ပြုလုပ်တဲ့ သုံးစွဲစရာ ပစ္စည်းတွေ ပင်လယ်တွင်း စွန့်ပစ်ကြရာကနေ
ကွဲကြေပျက်စီးပြီး ပင်လယ်ရေလှိုင်းရဲ့ ကာလကြာရှည် တိုက်စားမှုကြောင့်
ဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ ပြုလုပ်ချက်ကြောင့် မဟုတ်ဘဲ
သဘာဝတရားရဲ့ ဆန်းကြယ်စွာ ဖန်တီးချက်ကြောင့် အခုလို အရောင်စုံနေတဲ့
ဖန်သားကမ်းခြေ ( Glass Beach) ရယ်လို့ ခေါ်ရလောက်အောင် ဖန်သားရောင်စုံတွေ
ကမ်းစပ်မှာ ပြည့်နေခဲ့တာပါ။

သို့သော်လည်း ထူးခြားချက်က အခုလို ဖန်သားရောင်စုံတွေဟာ အခြား ဘယ်ကမ်းစပ်မှာမှ
မရှိနိုင်ဘဲ ဒီနေရာတစ်ခုတည်းမှာသာ ဖြစ်ပေါ်နေခဲ့တာပါ။ ပင်လယ်ရဲ့ ဆားငံရေတွေက
လူတွေ စွန့်ပစ်ထားတဲ့ ဖန်ပုလင်းတွေ အစရှိတဲ့ ဖန်ထည်တွေကို
တိုက်စားလိုက်တာကြောင့် ဖန်ကွဲစလေးတွေဟာ အစွန်းအတက်တွေ မရှိဘဲ
မျက်နှာပြင်ဟာ ညီညာချောမွတ်၊ တောက်ပနေခဲ့ပါတယ်။ ပင်လယ်ရေကြောင့်
ဖြစ်ပေါ်လာတဲ့ ( Sea Glass) ဖန်သားစလေးတွေဟာ အဖြူရောင်၊ အညိုရောင် ၊
အစိမ်းရောင် တို့သာ များပေမဲ့ အခြားသော အရောင်များကိုလည်း ရှားရှားပါးပါး
တွေ့ရတတ်တယ်လို့ သိရပါတယ်.။ ခုလိုချောမွတ်တဲ့ ဖန်စလေးတွေဖြစ်အောင်
ပင်လယ်ဟာ ဘယ်လောက်ကြာအောင်များ တိုက်စားခဲ့တယ်ဆိုတာ မသိနိုင်လောက်အောင်
အံ့သြဖို့ကောင်းနေပါတယ်။

ဖန်စလေးမှာ ကောက်ယူစုဆောင်း ရှာဖွေနေသူ
အချို့သော သူတွေက ရောင်စုံဖန်သားကမ်းခြေကို တကူးတက အလည်အပတ်သွားရောက်ကြရင်းနဲ့
အခုဆိုရင် အဲဒီ ကမ်းခြေဟာ လူသိများတဲ့ ကမ်းခြေ တစ်ခု ဖြစ်နေခဲ့ပါပြီ။
ကမ်းခြေကို လာရောက်လည်ပတ်ကြသူတိုင်းကလည်း ကမ်းစပ်က ဖန်သား
ရောင်စုံလေးတွေကို ရှာဖွေ ကောက်ယူပြီး အမှတ်တရအဖြစ် ယူဆောင်သွားကြလွန်းလို့
နောက်ဆိုရင် ရောင်စုံဖန်သားလေးတွေ ရှားပါးသွားမှာကို စိုးရိမ်နေရပါတယ်။
ကမ်းခြေ အနီးတစ်ဝိုက်က ဆိုင်တွေမှာတော့ ပင်လယ်ကမ်းစပ်က ရရှိတဲ့ သဘာဝ
ဖန်သားလေးတွေနဲ့ ပုံစံတူ လူလုပ် ဖန်သားစေ့ကလေးတွေ ရောင်းချတဲ့ဆိုင်တွေ
များပြားလာခဲ့ပါတယ်။ ပင်လယ်ဖန်သားကျောက်လေးတွေကို ဖန်စီပစ္စည်းလေးတွေ
ပြုလုပ်သလို၊ အခမ်းအနား ဧည့်ခံပွဲတွေမှာလည်း အလှဆင်ပစ္စည်းအဖြစ်
အသုံးပြုကြပါတယ်။ ရေပန်းစား လူကြိုက်များလာတဲ့ ပင်လယ်ဖန်သားစလေးတွေကြောင့်
အတုပြုလုပ်တဲ့လူတွေလည်း များပြားလာနေပါတယ်။

ပင်လယ်ဖန်သားနဲ့ ပုံစံတူ ပြုလုပ်ရောင်းချတဲ့ ဆပ်ပြာတစ်မျိုးပါ။
ဒီပုံလေးတွေကတော့ ပင်လယ်ကမ်းစပ်က ရတဲ့ ဖန်စလေးတွေနဲ့ ဖန်စီလေးတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
လူတွေဟာ အဲဒီကမ်းခြေကို ရောက်လာကြတိုင်း လှပတဲ့ ရောင်စုံဖန်သားစလေးတွေ
အမှတ်တရအဖြစ် ကောက်ယူ စုဆောင်းကြလွန်းလို့ ကြာလာရင် လှပနေတဲ့ ကမ်းခြေဟာ
ဖန်သားရောင်စုံစလေးတွေ မရှိတော့ဘဲ Glass Beach ဆိုတဲ့အမည်နဲ့
မလိုက်ဖက်အောင် အလှပျက်သွားမှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်။ သဘာဝတရားက
လှပစွာ ဖန်ဆင်းထားပေမဲ့ အဲဒီသဘာဝကိုလည်း လူတွေကသာ ပြန်လည်
ဖျက်ဆီးပစ်နိုင်တာပါ။ ၁၉၅၀ ကနေ ၁၉၆၇ခုနှစ်အထိတုန်းကတော့ ၄င်းကမ်းခြေဟာ
လှပသာယာမှုမရှိဘဲ အမှိုက်တွေရှုပ်ပွနေတဲ့ သာမန်ကမ်းခြေ တစ်ခုသာ ဖြစ်ခဲ့ပါတယ်.
နှစ်တွေကြာလာတဲ့အခါမှာတော့ အမှိုက်သရိုက်တွေကို ဖယ်ရှား
ရှင်းလင်းပစ်ခဲ့ကြတဲ့အခါ အရင်က ရှိခဲ့တဲ့ ဖန်ပုလင်း၊ ဖန်ပစ္စည်းတွေဟာ
ရောင်စုံဖန်စလေးတွေ ဖြစ်နေခဲ့ပြီး သာယာတဲ့ ကမ်းခြေတစ်ခုအဖြစ်
ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။ သို့သော် ခုချိန်မှာတော့
ဒီဖန်ရောင်စုံစလေးတွေကို ကောက်ယူခွင့်ကတ်သန့်ထားလိုက်ပြီ လို့ သိရပါတယ်။

ဖန်ရောင်စုံလေးတွေကို မကောက်ယူကြဘဲ ဒီအတိုင်းထားထားမယ် ဆိုရင် အခုလို
မြင်တွေ့ရတဲ့အတိုင်းသဘာဝရဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့ ရောင်စုံကမ်းခြေဟာ
ကြည်လင်တောက်ပနေတဲ့ ရောင်စုံဖန်သားလေးတွေနဲ့ ကြည်နူးဖွယ်
လှပတင့်တယ်နေဦးတော့မှာ သေချာပါတယ်။

esther kying
No comments:
Post a Comment