ဧဒင်အချစ်ပုံပြင်: ဖခင်ဖြစ်သူ ကျန်းမာရေးအကြောင်း ပြောတဲ့ချစ်သုဝေ

Tuesday 3 April 2012

ဖခင်ဖြစ်သူ ကျန်းမာရေးအကြောင်း ပြောတဲ့ချစ်သုဝေ

ရုပ်ရှင်အနုပညာရှင်တွေနဲ့အတူ မဲပညာပေးခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ ချစ်သုဝေရဲ့ ဖခင်က ကျန်းမာရေး အခြေအနေကြောင့် မန္တလေးဆေးရုံကို အရေးပေါ်လူနာတင် ကားနဲ့ပို့ရပြီး ဆေးကုသမှု ခံယူနေရကြောင်းနဲ့ ခရီးစဉ်အတွင်း ပြင်ဦးလွင်မြို့အပြီး စစ်ကိုင်းမှာ ပြဇာတ်ကပြနေပြီးချိန်မှာ ဖခင်ရဲ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာ ခဲ့ခြင်းအပေါ် ”အစ်မစစ်ကိုင်းမှာ ဖျော်ဖြေရေးပွဲမှာ ပြဇာတ်အပြီး၊ ဖေဖေ့ကျန်းမာရေးက မကောင်းတော့ဘူး။ ဖေဖေ့ကို ပြုစုနေရင်း ဆရာဝန်စောင့်နေတုန်း အစ်မ အလှည့် ရောက်လာလို့ သီချင်းတောင်
ဆိုလိုက်သေးတယ်”လို့ ချစ်သုဝေကပြောပါတယ်။ ”သီချင်းဆိုပြီးပြီးချင်း၊ ဖေဖေ့ကိုခေါ်ပြီး အရေးပေါ်လူနာတင်ကားနဲ့ စစ်ကိုင်း သီတဂူကို အရင်သွားတယ်။ နောက်ပြီးတော့မှ ညတွင်းချင်းပဲ မန္တလေးဆေးရုံကြီးကို ရွှေ့တယ်။ စစ်ကိုင်းက ညတွင်းခြင်း ထွက်တာဆိုတော့ ပုလဲမြို့ခရီးစဉ်ကိုတော့ ဘယ်လိုမှ မလိုက်နိုင်တော့ဘူး။ ဖေဖေက လုံးဝမသိဘူး။ ဘာဝေဒနာမှ မပြဘူး”လို့ အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။ အခုဆိုရင် ချစ်သုဝေရဲ့ ဖခင် ဦးဇော်ဝင်းက မန္တလေးဆေးရုံကြီး နှလုံးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှုခံယူနေတုန်းပဲ ဖြစ်ပါတယ်။ မဲပေးခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ချစ်သုဝေရော၊ ချစ်ဆုဝေရော ဖခင်ရဲ့အနီး မှာ ပြုစုပေးနေကြပြီး မိခင်ဖြစ်သူကိုလည်း ဖုန်းဆက်ပြီး အကြောင်းကြား ထားကြောင်း သိရပါတယ်။ ဖခင်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေ အကြောင်းကိုလည်း… “၄-၅ရက်နေလောက် ခုတင်ပေါ်က လုံးဝမထရဘူး။ ဆီးသွားဝမ်းသွားလည်း အားလုံးအပေါ်မှာပဲ။ စကားတောင် မပြောဘဲ၊ မျက်လုံးတောင် မဖွင့်ခိုင်းဘူး။ နောက် ၃-၄ ရက်ကတော့ လေယာဉ်စီးဖို့မပြောနဲ့ လမ်းထလျှောက်ဖို့တောင် မဖြစ်နိုင်ဘူး။ ကြပ်မတ်ကုသဆောင်မှာပဲ နေရမယ်။ Pressure လည်း ကျသွားပြီ။ အဓိကက တစ်ခုခုဖြစ် သွားမှာစိုးလို့၊ အနားယူ ခိုင်းထားတဲ့ သဘောပေါ့။ECG ပဲအမြဲ ကြည့်aနရတဲ့သဘောပေါ့”လို့ ပြောပါတယ်။  ဇာတ်ကားရိုက်ကူးဖို့ လက်ခံပြီးသား ဖြစ်နေတဲ့အတွက် မတ်လ ၃ဝရက်နေ့မှာတော့ ရန်ကုန်ပြန်လာပြီး ဇာတ်ကားရိုက်ကူး ပေးမှာဖြစ်ပါတယ်။ နောက် ဇာတ်ကားမှာတော့ ၂ရက် လောက်ခွင့်ယူပြီး မန္တလေးပြန်သွားမယ်လို့ ချစ်သုဝေ က ပြောပါတယ်။ ပြင်ဦးလွင်နဲ့ စစ်ကိုင်းမှာ မဲပညာပေးဖျော်ဖြေပွဲအနေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်းလည်း ချစ်သုဝေက ပြောပါတယ်။ ပုလဲမြို့ မလိုက်ဖြစ်ခဲ့တဲ့အတွက် ပရိသတ်တွေ တစ်မျိုးမြင်မှာကိုတော့ စိုးရိမ်မိပြီး နားလည်ပေးစေ ချင်ကြောင်းလည်း ပရိသတ်တွေကို ပြောပါတယ်။
”ဒီခရီးစဉ်တွေသွားဖို့ စတိတ်ရှိုးဖျက်တယ်။ ရိုက်ကွင်းကျတော့ ဖျက်ရခက်တယ်။ ပါဝင်ပတ်သက်ရတဲ့ လူတွေများတယ်။ တအား ကံကောင်းချင်တော့ ကိုနေတိုးကလည်း လိုက်သွားဖို့အတွက် ရိုက်ကွင်းရက် ပြန်ညှိပေးတယ်။ မကြည်ဖြူကလည်း ခွင့်ပေးတယ်။ အဲဒါ ကြောင့် စိတ်ဖြောင့်ဖြောင့်လေး သွားနိုင်တာပေါ့။ အလုပ်တောင်ဖျက်ပြီး လိုက်တာ။ ဖေဖေဖြစ်လို့သာ ပုလဲမြို့ကို မလိုက်သွားနိုင်တာ။ အစ်မ ချစ်ဆုဝေလည်း ပါတယ်။ ဖေဖေ့နားမှာ မရှိလို့မဖြစ်ဘူး။ အချိန်မီအသက် ဘေးကြုံရတဲ့ အခြေအနေ ဆိုတော့ ဖေဖေ့ ကျန်းမာရေးကို ဦးစားပေးလိုက်ရတာပါ။ အသက်အန္တရာယ် တအားစိုးရိမ်နေရတဲ့ အတွက်ကြောင့်ပါ”လို့ ပုလဲမြို့ခရီးနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့ပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ-ထွဋ်မြတ်

2 comments:

  1. ချစ်သုဝေရဲ့ဖေဖေ အမြန်ကျန်းမာရေးကောင်းပါစေ

    ReplyDelete
  2. သတင်းလေးလာဖတ်သွားတယ်သယ်ရင်းရေ......ကျန်းမာလာပါစေ......

    ReplyDelete

Related Posts Plugin for WordPress, Blogger...