ဧဒင်အချစ်ပုံပြင်: ပညာသင်ချင်လို့ လက်ဖြတ်ခံရတယ်

Monday 5 March 2012

ပညာသင်ချင်လို့ လက်ဖြတ်ခံရတယ်

Her fingers were cut by her husband
လူ့အခွင့်အရေး အဖွဲ့အစည်းများက မိမိဇနီးရဲ့ လက်ချောင်းများကို ရက်စက်စွာဖြတ်ပစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားအား ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးရန် တောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အသက် ၃၀ အရွယ် ရာဖီကူးအစ်စလန် (Rafiqul Islam) က သူ့ရဲ့ခွင့်ပြုချက်မတောင်းဘဲ ၂၁ နှစ်အရွယ် ဇနီးသည်ဖြစ်သူ အက်သာ (Akther) က ကောလိပ်ကျောင်းဝင်ခွင့်လျှောက်ခဲ့တာကြောင့် ယခုလိုပြုလုပ်ခဲ့ကြောင်း ၀န်ခံထားပါတယ်။

UAE (United Arab Emirates) အာရပ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူ ရာဖီကူးဟာ အက်သာကိုကြိုးနဲ့ချည်တုတ်ပြီး ပါးစပ်ကိုတိပ်နဲ့ပိတ်ထားကာ သူမရဲ့လက်ချောင်းငါးချောင်းစလုံးကို ဖြတ်ပစ်ခဲ့ပါတယ်။ “သူကကျမရဲ့ပါးစပ်ကိုတိပ်နဲ့ပိတ်ပြီး ထူးဆန်းတဲ့လက်ဆောင်ပေးမယ်လို့ပြောပြီး ကျမလက်ချောင်းကို ဖြတ်တော့တာပဲ” ဟု အက်သာက ပြန်ပြောပြပါတယ်။ အဆင့်မြင့်ပညာရေးကို ဆက်လက်လေ့လာလိုတဲ့ အက်သာက ကောလိပ်ကျောင်းတစ်ခုမှာ ကျောင်းအပ်ခဲ့တာကို ပညာမတတ်တဲ့ သူ့ယောက်ျားက သဘောမတူဘူးလို့ ဆက်လက်ပြောပြပါတယ်။
“ကျမလက်ချောင်းတွေကို ၆ နာရီအတွင်းမှာ ပြန်ဆက်ပေးလို့ရတယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒါပေမဲ့ ကျမယောက်ျားက ပြတ်သွားတဲ့လက်ချောင်းတွေ ပြန်မပေးဘဲ သူ့ဆွေမျိုးတယောက်က လက်ချောင်းတွေကို အမှိုက်ပုံးထဲကိုတောင် ပစ်ထားခဲ့တယ်။ နောက်ဆုံးတော့ ကျမလက်ချောင်းတွေကို ပြန်ရှာတွေ့တယ် ဒါပေမဲ့ သိပ်နောက်ကျသွားပြီ ပြန်ဆက်လို့မရတော့ဘူး” ဟု အက်သာက ရှင်းပြပါတယ်။
အက်သာက သူ့ယောက်ျားနဲ့လည်း ပြန်လည်ပေါင်းသင်းဖို့ လုံးဝဆန္ဒမရှိတော့ဘဲ ယခုအချိန်မှာ သူမရဲ့မိခင်အိမ်မှာ နေထိုင်လျက်ရှိပါတယ်။
“အခု ကျမဘယ်ဖက်လက်နဲ့ စာရေးလေ့ကျင့်နေပါတယ်။ ကျမအတတ်နိုင်ဆုံး ကြိုးစားကြည့်ပါမယ်။ ကျမဘ၀မှာ စာသင်ချင်လို့ ကျမလက်ချောင်းဖြတ်ခံရမယ်ဆိုတာ ဘယ်တော့မှ မတွေးမိခဲ့ဘူး” လို့ အက်သာက ပြောပြပါတယ်။
ပညာတတ်အမျိုးသမီးများကို အကြမ်းဖက်တိုက်ခိုက်မှုများ ဒီလပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်မှာ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဂျွန်လမှာလည်း တက္ကသိုလ်ဆရာမတစ်ဦး မျက်လုံးတစ်ဖက်ကန်းသွားပြီး နောက်အမျိုးသမီးတစ်ဦးကလည်း ယောက်ျားရဲ့နှိပ်စက်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 ဂျွန် မှတင်ပြသော

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...