ဧဒင်အချစ်ပုံပြင်: သမ္ဗန်တစ်စင်း နစ်မြုပ်ခဲ့လို့ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း တစ်ရွာလုံးရှိ သမ္ဗန်များအား ပြေးဆွဲခွင့် ပိတ်ထား၊လှေသမား ၁၀၇ ယောက် အလုပ်လက်မဲ့ဖြစ်နေ

Tuesday 15 May 2012

သမ္ဗန်တစ်စင်း နစ်မြုပ်ခဲ့လို့ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း တစ်ရွာလုံးရှိ သမ္ဗန်များအား ပြေးဆွဲခွင့် ပိတ်ထား၊လှေသမား ၁၀၇ ယောက် အလုပ်လက်မဲ့ဖြစ်နေ



ပြေးဆွဲခွင့် ပိတ်ခံထားရသဖြင့် ကမ်းနားတွင် ဆိုက်ကပ်ထားရသော သမ္ဗန်များကိုတွေ့ရစဉ်။
ဓာတ်ပုံ-နိုနိုအောင်
မတ်လလယ်က သမ္ဗန်တစ်စင်း နစ်မြုပ်ကာ လူတစ်ဦးသေဆုံးခဲ့မှု ဖြစ်ပွားပြီး နောက် ကာယကံရှင် သမ္ဗန်မောင်းသူကို အရေးယူသည့် အပြင် တစ်ရွာလုံးရှိ သမ္ဗန်များကို မောင်းခွင့်ပိတ်သိမ်းထားရာ စားဝတ်နေရေးခက်ခဲလျက်ရှိကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရွာမှ ရွာသူရွာသားများက မေလအစောပိုင်းက ပြောသည်။


"တစ်ရွာလုံးမှာ သမ္ဗန် ၁၀၈ စင်းရှိတယ်။ တိုက်မိတဲ့တစ်စင်းကတော့ အချုပ်ထဲမှာ။ ကျန်သမ္ဗန် ၁၀၇ စင်းရှိတယ်။ အားလုံးကို ပိတ်ထားတယ်။ အခုဆို တစ်လနဲ့ ရှစ်ရက်ရှိပြီ"ဟု ရေယာဉ်လုပ်သား ဦးသန်းအောင် ထွေးက ယခုလ ၄ ရက်နေ့ နံနက်ပိုင်းက ပြောသည်။
"မတ်လ ၂၁ ရက်နေ့က စက်ဆန်းကူးတို့ဆိပ်က ကိုလှရွှေမောင်းတဲ့ ခရီးသည်ငါးယောက်ပါတဲ့ စက်လှေက ကျောက်တံတားကူးတို့ဆိပ် (ကြည့်မြင်တိုင်)ကိုအကူး ရေလယ်စပ်မှာ စက်သေပြီး အေးချမ်းမောင် ဆိုတဲ့ သစ်လုံးတင်တဲ့ နှစ်စီးတွဲ သင်္ဘောဆီ ၀င်သွားတယ်။ လှမြင့်ထွန်းဆိုတဲ့ ကောင်လေးက သင်္ဘောအောက်ဝင်ပြီး ပျောက်သွား တယ်။ နောက်သုံးရက်နေမှ အလောင်းကို ကမာရွတ်ဆိပ်ကမ်းမှာ ပြန်တွေ့တယ်။ ကိုလှရွှေရဲ့ သမ္ဗန်ကိုတော့ ၂၈၀/၃၀၄(က)နဲ့ ဆိပ်ကမ်းရဲက အရေး ယူထားတယ်"ဟု ၎င်းက ပြောသည်။

ထို့နောက် မတ်လ ၂၅ ရက်နေ့မှ စတင်ခါ သမ္ဗန်များကြံ့ခိုင်ရေးပြင်ဆင်ရန်အတွက် ခေတ္တနားထားရမည်ဖြစ်ကြောင်းနှုတ်မိန့်ဖြင့်
ပြောခဲ့သည်ဟု ၎င်းက ပြောသည်။"ပထမတုန်းက ဒါ ဂိတ်ပိတ်တာ မဟုတ်ဘူး။ သမ္ဗန်ပြင်ဆင်ဖို့အတွက် ခဏနားပြီး
သမ္ဗန်ကိုပြင်ဆင်ပါဆိုပြီး ပြောတာ။ လာပြောတဲ့ အချိန်မှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စာရေးတစ်ယောက် ပါတယ်။ စက်ဆန်း၊ အောက်ရုံ၊ အလတ်ချောင်း သုံးရွာအုပ်ချုပ်ရေးမှူး ပါတယ်။ မတ်လ ၂၆ ရက်နေ့ကျ တစ်ရွာလုံး သမ္ဗန် ပြေးဆွဲခွင့် ရပ်ဆိုင်းထားဖို့ စာကျလာတယ်"ဟု ဦးသန်းအောင်ထွေးက ပြော သည်။

အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ ရောက် ရှိလာသောစာတွင် "စက်ဆန်း သမ္ဗန် ရေယာဉ်ဂိတ်မှ ယာဉ်မောင်း ဦးလှရွှေ မောင်းနှင်သော သမ္ဗန်ရေယာဉ်သည် ၂၁-၃-၂၀၁၂ နေ့တွင် သစ်လုံးတင် စီဘီတွဲအောက် ရောက်ရှိနစ်မြုပ်ခဲ့ သဖြင့် အဆိုပါစက်ဆန်းရေယာဉ် တစ်ဂိတ်လုံး အား ၂၅-၃-၂၀၁၂ ရက်နေ့မှ ဤ ရေယာဉ်ဂိတ်တစ်ဂိတ်လုံး ပြေးဆွဲခွင့် ရပ်ဆိုင်း ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားရှိလာခဲ့ပါသည်" ဟူ၍ ပါရှိသည်ကို တွေ့ရသည်။
"ဂိတ်ပိတ်တဲ့အချိန်မှာ ရွာရဲ့သွားရေး လာရေးအတွက် ဘလုပ်ညွန့်က ငါးစင်း၊ စက်ကလေးက အစင်း ၂၀ နဲ့ အောက်ရုံက အစင်း ၂၀ ကို ပြေးဆွဲခွင့်ပေးထားတယ်" ဟု ရေယာဉ်လုပ်သား ကိုဝင်းနိုင်ကပြော သည်။

"တခြားရွာတွေမှာလည်း ဒီကိစ္စမျိုး ဖြစ်တတ်တာပဲ။ ဒါပေမယ့် ဖြစ်တဲ့သမ္ဗန်ကို အရေးယူတာပဲရှိတယ်။ ဒီလို တစ်ရွာ လုံးပိတ်တာ မကြားဖူးဘူး။ အခု လှေသမား ၁၀၇ ယောက် အလုပ်လက်မဲ့ဖြစ်နေတယ်။ သူတို့ကို မှီခိုနေတဲ့ လူပေါင်းက ၆၀၀ ကျော်ရှိတယ်။ မော်တာတွေရော၊ အ၀တ်အစားတွေရော အပေါင်ဆိုင် ရောက်ကုန်ပြီ။ ကျောင်းသားရှိတဲ့ မိသားစုတွေလည်း အများကြီးပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။

"အရင်က တစ်နေ့ကို ၀င်ငွေ ကျပ် ၄,၅၀၀၊ ၅,၀၀၀ လောက်ရတယ်။ အခု ၀င်ငွေမရှိတော့ ကလေးကျောင်းအပ်ဖို့ တောင်မှ အခက် အခဲဖြစ်နေတယ်။ လောလောဆယ် မိုးရွာလို့ အိမ်မိုးဖို့ တောင် မတတ်နိုင်ဘူး။ ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခု တစ်လကျော်ပြီ။ သမ္ဗန်တွေကလည်း ကုန်းပေါ်တင်ထားရတော့ ပျက်စီးကုန် ပြီ။ ကျွန်တော်တို့ကလည်း ပြန်ဆွဲရမယ် ဆိုတာသေချာမှ ပြင်နိုင်မှာ။ ကျွန်တော် တို့က အားကိုးရာလည်းမရှိတော့ ဘယ်နေ့ ပြန်ဖွင့်မလဲဆိုတာပဲ နားထောင်နေရတာပဲ"ဟု ရေယာဉ်လုပ်သား တစ်ဦးဖြစ် သူ ဦးသိန်းထွန်းက ပြောသည်။

မေလ ၄ ရက်နေ့ နေ့လယ်အချိန်တွင် စက်ဆန်းရေယာဉ်ဂိတ်မှ တာဝန်ရှိသူတို့ အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အစည်း အဝေး ခေါ်ခဲ့ရာ အစည်းအဝေးပြီးချိန်တွင် စက်ဆန်း ရေယာဉ်ဂိတ်အား လောလောဆယ် နှစ်လပိတ်ထားမည်ဖြစ်ကြောင်းနှင့် နှစ်လ ပြည့်ပါက စာတင်ရ မည်ဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ကိုတော့ စက်လှေမြုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်လပိတ်လိုက်ပြီတဲ့။ နှစ်လပြည့်ရင် မောင်းခွင့်ရဖို့ အတွက် အသနားခံစာ ပြန်တင်ရမယ် လို့ ပြောတယ်။ စာလည်းပြတယ်။ တစ်ရွာလုံးကို ပိတ်ရတဲ့ တခြား အကြောင်းရင်းတော့ မသိရဘူး"ဟု စက်ဆန်းသမ္ဗန် အဖွဲ့ အတွင်းရေးမှူး ကိုသော်ဇင်က မေလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြောသည်။

တစ်ရွာလုံးရှိ သမ္ဗန်များကို ပြေးဆွဲခွင့် ပိတ်ထားရသည့် အကြောင်းရင်းအား ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေးထံသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာတွင် ၎င်းဖြေဆိုခွင့်မရှိကြောင်း ပြောကြားသည်။

မြန်မာ့တိုင်းမ်
ကိုလတ်(ပန်ဘဲတန်း)

1 comment:

  1. လှေသမားတွေရဲ့ စားဝတ်နေရေး ဘယ်လိုများဖြေရှင်မလဲနော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...