ဧဒင်အချစ်ပုံပြင်: ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဘ၀ ရုပ်ရုပ်ကား အား FED က စီစဉ် ရိုက်ကူး”

Sunday 13 May 2012

ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဘ၀ ရုပ်ရုပ်ကား အား FED က စီစဉ် ရိုက်ကူး”





ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘ၀ပေးအနေအထားများနှင့် ၎င်းတို့၏ သားသမီးများ ပညာရေး အခြေအနေများကို အဓိက ဖေါ်ကျူးထားသည့် ရုပ်ရှင်ဇါတ်ကား တစ်ကားအား၊ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်းFED က  စီစဉ်ဦးစီးလျှက် ယမန်နေ့က စတင်ရိုက်ကူးနေကြောင်း သိရှိရသည်။

ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း FED အဖွဲ့၏ မေတ္တာရပ်ခံ ဖိတ်ခေါ်ခြင်း ကြောင့် ၀တ္ထု ဇါတ်ညွှန်းကို ဧရာဝတီသတင်းဌာန မှ သတင်းထောက်  အေးချမ်းမြေ့(ခ)မတူးတူးသာ က ရေးသားပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ရုပ်ရှင်အနုပညာရှင် ရဲတိုက်၊ ချစ်သုဝေ၊ ကောင်းပြည့် နှင့် သန္တာဗိုလ်တို့ က အခကြေးငွေမယူပဲ လာရောက် ရိုက်ကူးပေးကြခြင်းဖြစ်သည်။ FED ဒါရိုက်တာ ဦးထူးချစ် က“တိုင်းပြည်နဲ့လူမျိုး တိုးတက်ရေးအတွက် ကလေးတွေရဲ့ပညာတတ်မြောက်မှု ဟာ အရေးကြီးပါတယ်။ ထိုင်းနိုင်ငံထဲမှာ ရောက်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေ ပညာ တတ်ဖို့ လိုပါတယ်။ ဒီကလေးတွေ ပညာသင်ကြားရေးမှာ ကျနော်တို့  အခက်အခဲတွေကြုံနေရတာတွေကို နိုင်ငံတကာ နဲ့ ပြည်တွင်း ပြည်ပ က မြန်မာတွေသိရှိဖို့နဲ့ ရွေ့ပြောင်းမြန်မာကလေးတွေ အတွက်ပညာရေး တိုးတက်ဖို့ဟာ ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနဲ့ နိုင်ငံတကာမှာ တာဝန်ရှိတယ် ဆိုတာကို ပြချင်လို့ ဒီရုပ်ရှင်ကားကို ရိုက်ကူးရခြင်းဖြစ်ပါတယ်၊ လူငယ်အနုပညာရှင်တွေ တာဝန်သိသိ လာရောက်ကူညီပေးတာကို အလွန်ပဲဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်းတင်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော်လူ့အခွင့်အရေးလှုပ်ရှားသူ၊ ထိုင်းအထက်လွှတ်တော်အမတ်ဟောင်း လည်းဖြစ် FED အဖွဲ့၏  ဥက္ကဌ လည်း ဖြစ်သော ခရိုင်ဆတ်ချွန်နဝန် က“ရွှေ့ပြောင်းအလုပ်သမားနဲ့ပတ်သက်ပြီး  ဒီရုပ်ရှင်ကား ဟာ ပထမဦးဆုံး ရိုက်ကူးတဲ့ ကားဖြစ်တယ်၊ ဒီရုပ်ရှင်ကား ပြီးရင်ထိုင်းအနုပညာခန်းမှာ နိုင်ငံတကာပညာရှင် တွေ မီဒီယာတွေ သံဝန်ထမ်းတွေကို ဖိတ်ကြားပြီးတော့ ဖွင့်ပွဲလုပ်မယ်”ဟု ရိုက်ကွင်းသို့ လာရောက်အားပေး စကားပြောကြားသွားခဲ့သည်။ ရုပ်ရှင်အဖွဲ့အား ဦးဆောင်သူ  စွယ်စုံအနုပညာရှင် ဇာဂနာ က“ပြည်ပမှာရှိနေတဲ့မြန်မာအလုပ်သမားတွေရဲ့ပညာရေးအတွက် သာမကပြည်တွင်းက ကလေးတွေအတွက်ပါ ပညာရေး အရေးကြီးကြောင်းကို ပြသတဲ့မှတ်တမ်းရုပ်ရှင်ကားပါ” ဟုပြောသည်။ ခေါင်းဆောင်မင်းသား ရဲတိုက် က “ရွှေ့ပြောင်းကလေးတွေရဲ့ပညာရေးကို အထောက်အပံ့ဖြစ်စေမယ့် ဇါတ်လမ်း ဖြစ်နေတာကြောင့် လာရောက်ရိုက်ကူးပေးတာပါ” ဟုပြောသည်။

မြန်မာပြည်အသွင်ကူးပြောင်းရေးအခြေအနေပေါ်မူတည်၍ နိုင်ငံတကာအလှူရှင်အဖွဲ့အတော်များများတို့ ပြည်တွင်းသို့ တိုက်ရိုက် အကူအညီများပေး ဆောင်နေကြပြီဖြစ်သဖြင့် ပြည်ပအခြေစိုက်မြန်မာအဖွဲ့အစည်း  အချို့တို့၏ လုပ်ငန်းဆောင်တာအချို့တို့ အခက်အခဲကြုံနေကြကြောင်း သိရှိရသည်။
ရွှေ့ပြောင်း အလုပ်သမားများ၏ပကတိအနေအထားများနှင့်  ကလေးငယ်များ ပညာရေးအတွက် လိုအပ်ချက် များအား မြန်မာနှင့် နိုင်ငံတကာတို့က သိရှိစေရန် ရည်ရွယ်ထုတ်လုပ်သည့် ယခုရုပ်ရှင်ကားတွင် ပြည်တွင်းမှလာရောက်  ကူညီပေးကြသည့် အနုပညာရှင်များနှင့်အတူ FED ၀န်ထမ်းများ နှင့်ရွှေ့ပြောင်းအလုပ်သမားများလည်းပါဝင်ရိုက်ကူးကြကြောင်း သိရှိရသည်။

@GHREC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...