ဧဒင်အချစ်ပုံပြင်: ဘောလုံး ဝါသနာအိုးများ စိတ်ညစ်နေ

Saturday 23 June 2012

ဘောလုံး ဝါသနာအိုးများ စိတ်ညစ်နေ

ပြည်တွင်း ဘောလုံး အားကစား ပရိသတ်များ မျှော်လင့်နေခဲ့ကြသည့် ယူရို ၂၀၁၂
ပွဲစဉ်များကို အခမဲ့ ရုပ်သံလိုင်းများမှ ပြသလာခြင်း မရှိသောကြောင့် ကြည့်ရှုလိုသူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။ ပုဂ္ဂလိက ရုပ်သံလိုင်းတစ်ခုဖြစ်သော စကိုင်းနက် (Sky Net TV Channel) မှ အဆိုပါ ပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်အား တစ်ဦးတည်း မူပိုင်ရယူထားခြင်း ဖြစ်ခြင်းကြောင့် အခမဲ့ ရုပ်သံလိုင်းများကို အားကိုးနေကြရသည့် ဘောလုံး ပရိသတ်များ အတွက် အခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်သည်။

“ ယူရိုပွဲကို ကြည့်ချင်တာ တော်တော်အဆင်မပြေဖြစ်နေတယ်။ လေးနှစ်မှ တစ်ခေါက် ကြည့်ရတဲ့ပွဲဆိုတော့ တစ်ပွဲမှ အလွတ်မခံဘဲ ကြည့်ချင်တာ။ အခုလို မူပိုင်နဲ့ လုပ်လိုက်တော့ တော်တော်စိတ်ပျက်မိတယ်။ စီးပွားရေးသမားတွေ အပြိုင်အဆိုင် လုပ်လာတာက ကျွန်တော်တို့လို ပရိသတ်တွေကို လာပြီး ထိခိုက်နေတယ်။ ကိုယ့်စီးပွားရေး ကိုယ်လုပ်တာဆိုပေမယ့်လည်း အခြေခံလူတန်းစား ဘောလုံးပရိသတ်တွေကိုလည်း ငဲ့ကြည့်စေချင်ပါတယ်” ဟု အသက် (၂၇) နှစ်အရွယ် အမျိုးသား ဘောလုံး ပရိသတ် တစ်ဦးက ပြောသည်။
၂၀၁၂ ဇွန်လ ၉ ရက်မှ စတင် ယှဉ်ပြိုင်လျက်ရှိသည့် ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲသည် ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးလျှင် ဒုတိယ အဆင့်မြင့်ဆုံး နိုင်ငံတကာ ပြိုင်ပွဲ ဖြစ်သည်။ ဥရောပ၏ ထိပ်သီး ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါ ပွဲစဉ်များ၏ ယှဉ်ပြိုင် ကစားချိန်များမှာလည်း မြန်မာစံတော်ချိန်အရ ညနက်ပိုင်းအချိန် ဖြစ်နေခြင်းက အပြင်ထွက်ကြည့်ရှုလိုသူ ပရိသတ်များအတွက် အခက်အခဲ ဖြစ်ပေါ်စေသည်။ “အိမ်မှာ စကိုင်းနက်မရှိတော့ ရှိတဲ့နေရာကို သွားကြည့်ရတယ်။ ဘောလုံးပွဲလာတဲ့အချိန်တွေကလည်း ညဥ့်နက်ပိုင်းတွေဆိုတော့ ကြည့်ရတာ အဆင်မပြေဘူး။ အခမဲ့ ရုပ်သံလိုင်းတွေက လွှင့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ နောက်ပိုင်း ပွဲစဉ်တွေကို အခမဲ့ ရုပ်သံလိုင်းတစ်ခုမှာ အိမ်ကနေ အေးအေးဆေးဆေး ကြည့်နိုင်ဖို့ မျှော်လင့်နေတုန်းပါပဲ” ဟု အသက် (၃၅) နှစ်အရွယ် ဘောလုံးပရိသတ် တစ်ဦးကလည်း ၎င်း၏ အခက်အခဲကို ပြောသည်။
“ကျွန်မက ဘောလုံးပွဲတွေဆို အလွတ်မပေးဘူး။ ပရီးမီးယားလိဂ်ကအစ အားပေးတာ။ ပြီးတော့ ကမ္ဘာ့ဖလား၊ ဥရောပ ဖလားပွဲတွေကိုလည်း လေးနှစ်တစ်ခါ ငယ်ငယ်တည်းက ရုပ်မြင်သံကြားကနေတစ်ဆင့် အားပေးလာတာ။ ရုပ်မြင်သံကြားကနေ ပြသပေးခဲ့တုန်းက ကိုယ့်အိမ်မှာ ကိုယ်ကြည့်လို့ရခဲ့တော့ အရမ်းအဆင်ပြေတယ်။ အခုလိုကျတော့ မိန်းကလေးဖြစ်နေတာကြောင့် အရမ်း ကြည့်ချင်တာတောင် အပြင်ထွက် ကြည့်လို့မရဘူး” ဟု အသက် (၂၉) နှစ်အရွယ်ရှိ အမျိုးသမီး ဘောလုံး ပရိသတ်တစ်ဦးက ပြောသည်။
ဘောလုံးဝါသနာရှင်များ အနေဖြင့်လည်း ယခုလက်ရှိအချိန် စကိုင်းနက် ရုပ်သံလိုင်းတွင်သာ ပြသနေသော ၂၀၁၂ ဥရောပဖလား ပြိုင်ပွဲ၏ နောက်ပိုင်း အရေးကြီး ပွဲစဉ်များကို အခမဲ့ ရုပ်သံလိုင်းများမှ ပြသပေးလာရန်ကိုလည်း မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။ “အနည်းဆုံးတော့ အကြို ဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကိုတော့ အိမ်ကနေ ကြည့်ရဖို့မျှော်လင့်ပါတယ်” အသက် (၃၀) အရွယ် အမျိုးသား ဘောလုံး ပရိသတ် တစ်ဦးကလည်း ၎င်း၏ ဆန္ဒကို ပြောလာသည်။
ယုဇနကိုကို၊ ဗိုလ်ဗိုလ်ဝင်း
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...