Saturday, 16 June 2012
ရွှေတိဂုံ စေတီတော်ကြီးတွင် ဆန္ဒပြခြင်း မပြုရန် တားမြစ်ချက် ထပ်မံ ထုတ်ပြန်
မြန်မာနိုင်ငံ၏ အထင်ကရ ကမ္ဘာကျော် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ သာသနာ့မြေပေါ်တွင် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ခြင်းများ မပြုလုပ်ရန် တားမြစ်ချက်ကို ယနေ့ (ဇွန်လ ၁၅ ရက်) တွင် ထုတ်ပြန် လိုက်ကြောင်း ရွှေတိဂုံဘုရား ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ရွှေတိဂုံ စေတီတော် ရင်ပြင်၊ ပရဝုဏ် နှင့် ဝတ္တုကမြေ အတွင်းတွင် ဘာသာရေးနှင့် မအပ်စပ်သော အပြုအမှုများ ဖြစ်သည့် စာတမ်းကိုင်ကာ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော် စီတန်း လှည့်လည်ခြင်း ၊ ဟောပြော လှုံ့ဆော် စည်းရုံးခြင်း၊ ကျယ်လောင်စွာ ရွတ်ဆို ဆုတောင်းခြင်းများနှင့် ရန်ပုံငွေ (အလှူငွေ) မကောက်ခံရန် ယင်းတားမြစ်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့် ခံရသည့် အမှုတွဲမှ အစပြုကာ ဖြစ်ပွားလာသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများက ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ သုံးရက်ဆက်တိုက် ဆန္ဒ ထုတ်ဖော် ခဲ့သည့်အတွက် ယင်းတားမြစ်ချက်ကို ထပ်မံ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။
ယင်းကဲ့သို့ တားမြစ်ချက်ကို သံဃာတော်များနှင့် ပြည်သူများ သွေးထွက်သံယို နှိမ်နှင်းခံခဲ့ရသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှု အပြီးတွင်လည်း ထုတ်ပြန် ကြေညာခဲ့သည်။
"ကျွန်တော်တို့ တားမြစ်ချက်ကို မလိုက်နာဘူး ဆိုရင်တော့ သက်ဆိုင်ရာ တိုင်ကြားပြီးတော့ အမှုဖွင့် ပါမယ်။ ဆန္ဒပြတဲ့သူတွေက ဒီစည်းကမ်းချက်ကို မသိဘဲ လုပ်တဲ့အတွက် တိုင်ကြားတာမျိုးတော့ မလုပ်တော့ဘူး။ ဒီစည်းကမ်းတွေ ရှိတယ်ဆိုတာက ထုတ်ပြတာပါ" ဟု ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူပေါင်း ရာနှင့်ချီ ဆန္ဒထုတ်ဖော် ခဲ့ကြသည့် အတွက် ရွှေတိဂုံဘုရား စောင်းတန်းတွင် သာသနာ့ပစ္စည်း ရောင်းချနေသူ အချို့ စိုးရိမ်စိတ်ဖြင့် ဆိုင်ပိတ်ခဲ့ရကြောင်း ဘုရားကြီး အရှေ့ဘက်မုဒ်ရှိ အရောင်းဆိုင်မှ အသက် ၃၂ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။
ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင်ကလည်း "ဘုရားဖူးတွေ အနှောက်အယှက် မဖြစ်စေချင်လို့ တားမြစ်ချက်ကို ပြန်ထုတ်ရတာပါ" ဟု ထပ်လောင်း ပြောကြားသည်။
အဆိုပါ တားမြစ်ချက်သည် ဂေါပကအဖွဲ့ စည်းမျဉ်း အပိုဒ် - ၇၇ (ဏ) တွင် ပါဝင်ပြီး ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုထားခြင်း ဖြစ်သည်။
by The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment