ဧဒင်အချစ်ပုံပြင်: အာဇာနည်နေ့မှာ ရင်သိမ့်သိမ့်တုန်အောင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံ နားဆင်ချင်သူ

Tuesday 17 July 2012

အာဇာနည်နေ့မှာ ရင်သိမ့်သိမ့်တုန်အောင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံ နားဆင်ချင်သူ

၁၉၄၇ခုနှစ်၊ဇူလိုင်လ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံးအစည်းအဝေး ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင်များ မြန်မာနိုင်ငံရှေ့ဆက်လုပ်ငန်းစဉ် များအတွက် အစည်းအဝေးပွဲ ကျင်းပနေစဉ် နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ကြရသည်။ ထိုအချိန် မှစပြီး ဇူလိုင်၁၉ရက်နေ့ကို ပြည်သူအပေါင်းက အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး ထိုနေ့ရောက်တိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ် သတိရသောအားဖြင့် အထိမ်းအမှတ်များပြုလုပ်ကာ အာဇာနည်နေ့
အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။ ခေတ်ကာလများ ရွှေ့လျားလာသည့်နောက်ပိုင်း လူငယ်များက အာဇာနည်နေ့ဆိုသည်ကို သမိုင်းထဲတွင်သာ ရှိတော့ပြီး တေးသံရှင် Rဇာနည်နှင့် ရောထွေးစွာ အမှတ်မှားနေကြသည်ကိုလည်း တွေ့ရသည်။ ထိုသို့သော    အကြောင်း အရာများကို စေ့ငုကြည့်ဖို့ရာ တေးသံရှင်Rဇာနည်နှင့်  တွေ့ဆုံပြီးRဇာနည်နဲ့ အာဇာနည်နေ့ခံစားမှု၊ သားလေးဖစ်ဖစ်တုန် အပေါ်မှာ Rဇာနည်၏ အာဇာနည်နေ့လက် ဆင့်ကမ်း အမွေ သဘောထားတွေကို မေးဖြစ်ခဲ့ကြသည်။
”အာဇာနည်နေ့ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့နေ့။ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးသွားတဲ့အတွက် စိတ်မကောင်း ဖြစ်မိတာပေါ့။ တစ်ခုရှိတာက သူတို့ရဲ့ကြိုးစားအားထုတ်ခဲ့မှုကြောင့်ကျွန်တော်တို့ မြန်မာ နိုင်ငံကြီးက သူ့ကျွန်ဘဝကနေ လွတ်မြောက် ခဲ့ရတယ်။ အဲဒါကိုတော့ အမြဲတမ်းအမှတ်ရမိတယ်”
အရင်နဲ့မတူ ကွာခြားသွားတဲ့ အာဇာနည်နေ့
”ဥသြသံတွေမကြားရတော့ဘူး။ ကျွန် တော်တို့ လူမှန်းသိတတ်စမှာ တီဗီက စပေါ်တာ။ အဲဒီမတိုင်ခင်က ရေဒီယိုပဲ အားကိုးရတယ်။ ရေဒီယိုကနေ ကြေညာထားတယ်။ ပြီးတော့ ကျွန်တော်တို့က ဗဟန်းမှာနေတာဆိုတော့ အာဇာနည်နေ့ရောက်ရင် ဥသြဆွဲသံ ကြားရတယ်။ အလေးပြုသံတို့ကြားရင် စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ `အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု´ဆိုတဲ့ အသံကြားရင် ကျွန်တော်တို့ကပါ အိမ်ကနေလိုက်ပြီး အလေးပြုကြတယ်။ ကျွန်တော်တို့ငါးတန်းနှစ် အထိပေါ့။ အဲဒီနောက်တော့မရှိတော့ဘူး။”
မျှော်လင့်မိတဲ့ အာဇာနည်နေ့
”တကယ်ကိုအသိမှတ်ပြု လေးစားထိုက်တဲ့ သူတွေကို ဂုဏ်ပြုတဲ့အစဉ်အလာလေးကို နောင်လာနောက်သားတွေ လက်ထက်မှာလည်း မပျောက်ပျက်စေချင်ဘူး။ ခုဟာက အဲဒါကြီး ပျောက်ကွယ်သွားတဲ့အခါကျတော့ ကျွန်တော်အဆိုတော် Rဇာနည်ပဲ တစ်ကိုယ်တော်ရှိုးလုပ်တဲ့နေ့လိုလို၊ မွေးနေ့လိုလိုဖြစ်နေတာတွေ မဖြစ်စေချင်ဘူး။ အိမ်က လူကြီးတွေ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဒီနေ့၊ဒီရက်ဟာ ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့နေ့ဆိုတာမျိုးကို မိဘတွေကလည်း သားသမီးတွေ ကို သွန်သင် မှတ်သားစေသင့်ပါတယ်”
သားကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြပေး
”ကျွန်တော်က သူ့ကို ဗိုလ်ချုပ်အောင်ဆန်း၊ဒေါ်အောင်ဆန်းစုကြည်စသဖြင့် ပြထားတယ်။ ဘွားဘွားစုရဲ့ဖေဖေက ဗိုလ်ချုပ်အောင်ဆန်းလို့လည်း ပြောပြထားတယ်။ အဲဒါနဲ့ အန်တီစုနဲ့တွေ့တဲ့အခါ သူကသွားမေးတယ်။ `ဘွားဘွားစု ဗိုလ်ချုပ်အောင်ဆန်းကော´တဲ့။ အဲဒါ ကျွန်တော်တို့လည်း လုံးဝ သင်ပေးမထားဘူး။ သူက ကျွန်တော့်ကို ပါပါးလို့ခေါ်တော့ သူ့ကို ဘွားဘွားစုရဲ့ပါပါးက ဗိုလ်ချုပ်အောင်ဆန်းလို့ပြောပြထားတာကို သူက အန်တီစုနဲ့တွေ့တော့သွားမေးတာ။ သားလေးကိုတော့ သူအရွယ်ရ လာတာနဲ့ အမျှ အဲဒီလို နေ့ထူးနေ့မြတ်တွေကို မမေ့ မလျော့ရှိအောင် သင်ပြပေးသွားမှာပါ”
အာဇာနည်နေ့က     Rဇာနည်နေ့မဟုတ်ပါဘူး
”အခု ဒီစာစုလေးကို ဖတ်မိတဲ့သူတိုင်း အာဇာနည်နေ့ဆိုတာ ကျွန်တော့်မွေးနေ့လည်း မဟုတ်ပါဘူး။ ကျွန်တော် ရှိုးဆိုတဲ့နေ့ လည်းမဟုတ်ဘူး။ အာဇာနည်နေ့မှာ ကျောင်း ပိတ်တာလည်း ကျွန်တော့်ကို ဂုဏ်ပြုပြီး ကျောင်းပိတ်တာမဟုတ်ဘူး။ ဗိုလ်ချုပ်အပါ အဝင် အာဇာနည်သူရဲကောင်းကြီးတွေ ကျဆုံးတဲ့နေ့ကို ဂုဏ်ပြုပြီး အာဇာနည်နေ့လို့ သတ်မှတ်တာပါ။ ဒီနေ့လေးကို ရောက်တိုင်း အာဇာနည်သူရဲကောင်းကြီးတွေ အားထုတ်ပေးခဲ့ကြတဲ့အတွက် ငါတို့တိုင်းပြည်က သူ့ကျွန်ဘဝကနေ လွတ်မြောက်တယ် ဆိုတဲ့ အသိစိတ်တွေ ခေါင်းထဲမှာရှိပြီး တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်တွေ ပိုပြီးတော့ ရှိလာကြစေချင်တယ်”
ရဲရဲ


Share

1 comment:

  1. Rဇာနည်ပြောသလိုမျိုး ထင်နေကြတဲ့သူတွေရှိသတဲ့လား...? စိတ်ညစ်စရာပါလားဗျာ........

    ReplyDelete

Related Posts Plugin for WordPress, Blogger...