ဧဒင်အချစ်ပုံပြင်: ပေါ်ပြူလာဖြစ်ပြီး ပျောက်သွားတာမျိုး မဖြစ်ချင်ဘူးဆိုတဲ့ စံရတီမိုးမြင့်

Saturday 25 August 2012

ပေါ်ပြူလာဖြစ်ပြီး ပျောက်သွားတာမျိုး မဖြစ်ချင်ဘူးဆိုတဲ့ စံရတီမိုးမြင့်

အခု စာချုပ် ချုပ်ထားတဲ့ ထုတ်လုပ်ရေး အပြင် တခြား တိုက်တစ်ခု က ပြောင်းခေါ်လာခဲ့ရင် လုပ်ဖြစ်မှာပါလား။
ညီမနဲ့တွဲလုပ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက နားလည်မှုပေးထားပါတယ်။ သူတို့ရိုက်မယ့် ဇာတ်မဟုတ်ရင် ကြိုက်တဲ့တိုက်ကို ရိုက်လို့ရတဲ့အတွက် အဆင်ပြေ ပါတယ်။
ပရိသတ်ရဲ့ ပြောသံ ပြန်ကြားရပါတယ်။ ကြော်ငြာတိုင်းမှာ စံရတီရဲ့ အိုက်တင်တွေက ချစ်စရာကောင်းတယ်လို့၊ ဒါကြောင့် အိုက်တင်ချင်း မထပ်အောင် ဘယ်လိုကြိုးစားရလဲ။
အိုက်တင်ချင်းမထပ်အောင် ကြိုးစားရတာမျိုး မရှိဘူး။ ကြော်ငြာလည်း ခက်သလို၊ ရုပ်ရှင်ကလည်း သူ့ဘာသာသူ ခက်ခဲပါတယ်။ ကြော်ငြာကျတော့ သီချင်းကို ကြည့်တယ်။ ကုန်ပစ္စည်းကို သေချာကြည့်တယ်။ ရိုက်ကွင်းကျမှ ပြုံးပြုံးရယ်ရယ်လေးနဲ့ သရုပ်ဆောင်ဖြစ်တာကို ပရိသတ်က
ချစ်ခင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
အခု ကြော်ငြာတွေထဲမှာ တွေ့ရတာ နည်းနည်း ဝိတ်တက် လာသလားလို့။
ဟုတ်တယ်။ နည်းနည်း ဝိတ်တတ်လာတယ်။ အရင်တုန်းက ညအိပ်ခါနီးထိ ညစာစားပြီး အိပ်တော့ ဝတာ။ ညစာ လုံးဝမစားဘူးလို့ ဆုံးဖြတ်ထားတာ ဒီနေ့နောက်ဆုံး နောက်ဆုံးဆိုပြီး စားတာကလည်း များနေပြီလေ။ (ရယ်လျက်) ရှုတင်ရောက်လာပြီး ဇာတ်ကားရိုက်၊ အခုလို ဓာတ်ပုံတွေ ရိုက်တဲ့ အချိန်ကျရင် ဘာမှကို မစားဖြစ်တာ။ အိမ်ရောက်မှစားတော့ ဝတော့တာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်း ညစာမစားဘဲ ဝိတ်ကျအောင် ကြိုးစားနေတယ်။
စံရတီမိုးမြင့်ဆိုတဲ့ နာမည်ကို ဘယ်သူပေးခဲ့တာပါလဲ။
စံရတီမိုးမြင့်ဆိုတာ နာမည်အရင်း မဟုတ်ပါဘူး။ တချို့ ရင်းနှီးတဲ့ သူတွေကတော့ “သဲသဲ” လို့ ခေါ်ကြတယ်။ စံရတီမိုးမြင့်ကျတော့ အနုပညာ အလုပ်လုပ်မှ မေမေက ပေးထားတဲ့ နာမည်ပါ။
သဲသဲဘဝနဲ့ စံရတီမိုးမြင့်ဘဝ၊ ဘာတွေ ကွာခြားချက်ရှိလဲ။
“သဲသဲ” ဘဝက ကလေးဆန်တယ်လို့ ထင်ရတယ်။ စံရတီမိုးမြင့်ဘဝက ကလေးဆန်လို့ မရပါဘူး။ “သဲသဲ” က လွတ်လပ်တယ်။ စံရတီမိုးမြင့်က မလွတ်လပ်ဘူးပေါ့။ရင့်ကျက်ရတဲ့ အပိုင်းတွေလည်း ကွာခြားသွားတယ်။
အနုပညာအလုပ်ဆိုတာ စိတ်နဲ့ လုပ်ရတာဆိုတော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ တစ်ခါတလေ ဘာတွေလုပ်ဖြစ်လဲ။
ဒါက ကိုယ်ဝါသနာပါလို့ ပျော်လို့လုပ်တဲ့ အလုပ်တစ်ခုပဲလေ။ အလုပ်တစ်ခုမှာ ဘယ်လောက် ဝါသနာပါတဲ့ အလုပ်တစ်ခုပဲ ပြောပြော၊ စိတ်ညစ်တဲ့ အချိန်ကတော့ ရှိမှာပဲ။  ကိုယ်နဲ့ ရွယ်တူတန်းတူ သူများတွေကို ကြည့်ရင် ပျော်ပျော်ပါးပါး နေနေကြတယ်။ တစ်ခါတလေကျရင် အလုပ်အရမ်းရှုပ်ပြီး၊ စိတ်ညစ်မိတဲ့ အချိန်ကျရင် သူတို့လို နေချင်မိတယ်။ စိတ်ထဲမှာသာဖြစ်တာ အနုပညာရှင် ဖြစ်လာတော့ ဒီလိုမျိုး မလုပ်ဖြစ်ဘူး။
အပြိုင်အဆိုင် ကြိုးစားနေရတဲ့ ယခုခေတ်မှာ နောက်မကျကျန်ရစ်ခဲ့အောင် ဘယ်လို ကြိုးစားအားထုတ်သင့်တယ်လို့ ထင်ပါလဲ။
ညီမထင်တာကတော့ ကြိုးစားမှုနဲ့ လေ့လာမှုတွေရှိဖို့ လိုပါတယ်။ ညီမလည်း အများကြီး လိုအပ်ပါသေးတယ်။ ညီမလည်း အခုထိ ကြိုးစားနေရတုန်းပဲ။ ဇာတ်ကားရိုက်တဲ့အခါ သရုပ်ဆောင်မှုဝါအရ အရမ်းနုသေးတော့ အများကြီး ကြိုးစားရနေတုန်းပါပဲ။ အပြိုင်အဆိုင်ခေတ်မှာ ကြိုးစားမှု၊ လေ့လာမှု၊ ဇွဲ၊ လုံ့လတွေရှိဖို့သာ အများကြီး လိုအပ်ပါတယ်။
အနုပညာဆိုတာ စိတ်နဲ့လုပ်ရတဲ့အတွက် စိတ်ရောဂါသည်လို့ခေါ်ရင် ဘယ်လို တုံ့ပြန်တတ်ပါလဲ။
(ရယ်လျက်) နည်းနည်းတော့ မှန်ချင်မှန်မှာပေါ့နော်။ အခုငိုလိုက် အခုရယ်လိုက် ဆိုတော့လေ။ ဒါပေမဲ့ လူဆိုတာက စိတ်ခံစားမှု၊ နှလုံးသားနဲ့ လုပ်ရတာလေ။ ကာရိုက်တာတစ်ခုကို စိတ်သွင်းလိုက်ပြီ ဆိုတာနဲ့ စံရတီမိုးမြင့် မဟုတ်တော့ဘူး။ အခုပဲ စံရတီဖြစ်လိုက် အခုပဲ မဖြူဖြစ်လိုက် ဆိုတာကျတော့ သူများအမြင်မှာတော့ မှန်မယ်။ ဒါပေမဲ့ ကိုယ်တွေကိုယ်တိုင်က ဘယ်လောက်ထိ စိတ်နှစ်ပြီး လုပ်ရတယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ။
ရုပ်ရှင်၊ ရင်ရှုပ်ဆိုတဲ့ စကားအပေါ် ဘယ်လိုမြင်ပါလဲ။
ညီမ သိပ်ပြီးတော့ မသိပါဘူး။ ဒါပေမဲ့ ဟာသတစ်ခုအနေနဲ့ပြောတာ ကြားဖူးပါတယ်။ ရုပ်ရှင်၊ ရင်ရှုပ်ဆိုပေမယ့် ဘယ်သူမှ မကြည့်ဘဲ မနေနိုင်ကြတာပဲနော်။ (ရယ်လျက်) ပြောတဲ့သူတွေ ကိုယ်တိုင်လည်း ကြည့်နေကြတာပဲလေ။
မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ အရှက်တရားဟာ ဘဝဆိုရင် ဘဝတစ်ခုကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်သင့်တယ်လို့ ထင်လဲ။
မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘဝဆို၊ အရှက်တရား သိက္ခာဆိုတာက မြန်မာနိုင်ငံက မြန်မာအမျိုးသမီးလေးတွေ အတွက်တော့ ပိုပြီး သင့်လျော်တယ်လေ။ သူများနိုင်ငံတွေကျတော့ ဒါကို သိပ်ပြီး အဓိကထားကြတာ မဟုတ်ဘူး။ တန်ဖိုးထားကြတာ မဟုတ်ဘူး။ ပိုပြီး အလေးထားသင့်တာက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ပိုပြီး ထိန်းသင့်သလို၊ အမျိုးသမီးတိုင်း ထိန်းသင့်တဲ့အရာ တစ်ခုပါ။
အနုပညာရှင်ဆိုတာက ပြည်သူတွေရဲ့ စံပြဖြစ်ရမှာဆိုတော့ ပိုပြီး ထိန်းသိမ်းသင့်တယ်လို့ မထင်မိဘူးလား။
ထင်မိပါတယ်။ အနေအထိုင် အသွားအလာ အပြောအဆိုကအစ အရာရာကို ကြည့်နေကြတော့ အနုပညာရှင်တွေကို ပိုပြီး ဝေဖန်ခံရတာပေါ့။ အခုချိန်မှာ လူငယ်တွေကအစ အနုပညာရှင်တွေကို ကြည့်ပြီး အားကျတာပဲလေ။ ညီမတို့ အနုပညာရှင် အချင်းချင်းတောင် ကိုရီးယားက အနုပညာရှင်တွေကို ကြည့်ပြီး အားကျခဲ့ရတာပဲ။ သူတို့ ဘယ်လိုနေတယ်၊ ဝတ်စားတယ်ဆိုတာကို အတုယူရတာပဲလေ။ ဒါပေမဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာပြီဆိုရင်တော့ အနေအထိုင်ကအစ ဆင်ဆင်ခြင်ခြင် ထိန်းသိမ်းပြီး နေသင့်ပါတယ်။
ပြဿနာတိုင်းမှာ အခု ထိပ်တိုက် ကြုံတွေ့နေရတဲ့ အွန်လိုင်းပေါ်က ပြဿနာပေါင်းများစွာကို ခေတ်လူငယ် တစ်ယောက်အနေနဲ့ သုံးသပ်ပြပါဦး။
ကိစ္စတစ်ခုမှာ ကောင်းတာဆိုးတာက ဒွန်တွဲပြီး ရှိနေတာပဲလေ။ ကိုယ်ကိုယ်တိုင်လည်း Online ကို သုံးနေတဲ့အတွက် ကောင်းတာလည်း ရှိတယ်။ ဆိုးတာလည်း ရှိတာပဲ။  မကောင်းတာကတော့ မဟုတ်တဲ့ ကိစ္စတွေပေါ့။ အနုပညာရှင်မှာ အများဆုံး ကြုံရတတ်တယ်။ သာမန်လူတွေမှာတော့ အဲဒီလောက် မဟုတ်ဘူး။ အင်တာနက် ဆိုးကျိုးအတွက် အများဆုံး အနုပညာရှင်တွေမှာ ထိခိုက်တာကတော့ လုံးဝမကောင်းပါဘူး။
အောင်မြင်အောင် ကြိုးစားချင်ကြတဲ့၊ ကြိုးစားနေကြတဲ့ လူငယ်တွေရဲ့ကိုယ်စား ဘာပြောချင်လဲ။
အခုဆိုရင် အသစ်တွေ အများကြီး ပေါ်လာတယ်။ အမှန်တကယ်သာ ပြောရမယ်ဆိုရင် အသစ် ငယ်ငယ်ရွယ်ရွယ်လေး ပေါ်လာပြီဆိုရင် ဖျက်စီးချင်တဲ့သူတွေ ရှိတယ်။ ဥပမာ အပျော်အပါး ကိစ္စလိုမျိုး ကိုယ် စတင် လျှောက်လှမ်းတုန်းက ကိုယ့်ပန်းတိုင်က တစ်ခု၊ ဒါပေမဲ့ အရှိန်ရလာပြီဆိုတဲ့အခါမှာ အပျော်အပါးတွေ ပါလာမယ်။ အဲဒီချိန်မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မေ့ပြီးတော့ အပျော်အပါးဘက်ကို ရောက်သွားရင် လမ်းမှားရောက်တယ်လို့ ခေါ်တာပဲလေ။
အနုပညာ ပန်းတိုင်ဆိုတာက ဘယ်တော့မှ ဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ Target လေးတစ်ခု ကိုယ်ရောက်ချင်တဲ့ နေရာလေးတစ်ခုကို ရောက်အောင် သွားနိုင်ဖို့ အရေးကြီးတယ်။အနုပညာ လောကထဲကို ဝင်လာတဲ့အခါမှာ နာမည်လေးတစ်ခုကိုတော့ ကျန်ခဲ့စေချင်တယ်။ ဝင်လာတယ်။ ဘယ်သူမှ ဘာမှန်းမသိဘဲနဲ့ Popular ဖြစ်ပြီး ပျောက်သွားတာမျိုးတော့ ညီမလည်း မရှိစေချင်ဘူး။
စံရတီမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ချရေးဖြစ်တဲ့ အကျင့်ရှိပါသလား။
စာရွက်ပေါ်မှာတော့ ချမရေးဖြစ်ဘူး။ ဒါပေမဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာတော့ အပြည့်ရှိပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ဖို့ပေါ့။
စံရတီရဲ့ ယခုလတ်တလော ရင်ခုန်သံက၊ ဂီတစည်းချက်အတိုင်း တည်ရှိနေတုန်းပဲလား။
လောလောဆယ်တော့ ရင်ခုန်သံက ရပ်သွားပြီ။ (ရယ်လျက်) ပရိသတ်အတွက်ပဲ ရှိပါတယ်။ အရာရာအားလုံးက ပရိသတ်အတွက်ပဲ ကြိုးစားနေတာပါ။
ဘာကြောင့် ရင်ခုန်သံ ရပ်သွားရတာလဲ။
ကိုယ့်ရဲ့ ရည်မှန်းချက်အတိုင်း အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်တယ်။ အဲဒီတော့ ဦးခေါင်းထဲမှာ ပရိသတ်ရယ်၊ အလုပ်ရယ်ပဲ ရှိပါတယ်။
နောက်ဆုံးအနေနဲ့ 8 DAYS ပရိသတ်ကို နှုတ်ဆက်စကား ပြောပေးပါဦး။
အခု ကြော်ငြာတွေ၊ ဇာတ်ကားတွေကို ပုံမှန် ရိုက်ကူးထားပါတယ်။ ဇာတ်ကားတွေ ထွက်လာရင်လည်း ဝေဖန်ပေးကြပါဦး၊ အားပေးကြတဲ့ ပရိသတ်ကြီးကိုလည်း အရမ်းချစ်ပြီး ကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်ချင်ပါတယ်။
8 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...