ဧဒင်အချစ်ပုံပြင်: ဘောင်းဘောင်း ဖက်ရှင်

Saturday 25 August 2012

ဘောင်းဘောင်း ဖက်ရှင်

ယောက်ျား တစ်ယောက်ရဲ့ အကောင်းဆုံး အဖော်တွေ ထဲမှာ ဘောင်းဘီ လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။  ဘောင်းဘီဟာ အခုခေတ်မှာ ဒီဇိုင်းမျိုးစုံနဲ့ ဝင်ရောက်နေပါတယ်။ စတိုင်လ်ဘောင်းဘီ၊ စကင်းနီဘောင်းဘီ စသဖြင့် ဝင်လာနေပါတယ်။ ဘယ်လိုပဲလာလာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဘောင်းဘီကို ဝတ်မှသာ ကြည့်ကောင်းမှာ ဖြစ်ပါတယ်။ ဘောင်းဘီဝတ်တဲ့ အလေ့ဟာ ၁၉ ရာစုနှောင်းပိုင်းမှ စတင်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီစကား ဖြစ်တဲ့ Pantalone ဟာ ဘောင်းဘီလို့ အနက်ရပြီး အခုအချိန်မှာ ကမ္ဘာနဲ့တစ်ဝန်းတွင် ကျယ်နေတဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။
အရောင်အသွေးအလိုက် ဝတ်ဆင်ခြင်း
၂၀၁၂ မှာ ခေတ်စားနေတဲ့ ဖက်ရှင်ထဲမှာ အရောင်တောက်တောက် ဘောင်းဘီဖက်ရှင်တွေလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ များသောအားဖြင့် ယောက်ျားများအနေနဲ့ အနက်၊ မီးခိုး၊ အပြာရင့်လောက်သာ ဝတ်ဆင်ကြပါတယ်။ အခုခေတ်မှာတော့ အရောင်စိုစို၊ တောက်တောက်လေးတွေ ဝတ်ဆင်လာကြပါတယ်။ ကိုရီးယားကနေ ကူးစက်လာတဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းမှာလည်း အခါနဲ့ရာသီ ချိန်ညှိပြီး ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ အဝတ်များတဲ့ အရောင်တွေနဲ့ ဘယ်လို ဝတ်ဆင်သင့်တယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။

အဖြူ
ဘောင်းဘီဖြူဟာ အောက်က ဖိနပ်အနက်နဲ့ အပေါ်က မီးခိုးရောင်နဲ့ တွဲဝတ်ရင် အင်မတန်မှ လိုက်ဖက်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။ လိုက်ဖက်သလို အဖြူဘောင်းဘီ ဝတ်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတစ်ခုကလည်း ဖိနပ်ကို အနက်ရောင် ဝတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ စနီကာဖြစ်စေ၊ ရှူးဖြစ်စေ အနက်ရောင်လေး တွဲဝတ်မှ ပေါ်လွင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဖိနပ်ကို အနက်ရောင် မဝတ်ချင်ဘူးဆိုရင် ခြေအိတ်ကို အနက်ရောင်လေး ဝတ်ပေးသင့်ပါတယ်။ တစ်ကိုယ်လုံး အပေါ်အောက် အဖြူ ဝတ်မယ်ဆိုရင် အရောင်ကွဲလေး တစ်ခုလောက် အောက်ကနေ ထပ်ပြီး ဝတ်ပေးဖို့ လိုအပ်ပါတယ်။ အနက်ရောင်ကို ပိုပြီး ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ပဝါဖြစ်စေ ရင်ဘတ်မှာ ထိုးထားပေးသင့်ပါတယ်။
ပန်းရောင်
ပန်းရောင်ကို ယောက်ျား အတော်များများက အနက်နဲ့ တွဲဝတ်လေ့ ရှိပါတယ်။ အနက်အပြင် တခြားအရောင်တွေနဲ့လည်း တွဲဝတ်ကြည့်စေချင်ပါတယ်။ အနက်ကို ဖိနပ်နေရာမှာသာ ဝတ်ဆင်ပြီး ကျန်တဲ့ အပေါ်ပိုင်းကို တခြားအရောင်တွေ ဝတ်ဆင် ပေးနိုင်ပါတယ်။
အဝါ
အဝါဟာလည်း အရောင်နုတစ်မျိုး ဖြစ်ပြီး အခုခေတ် ခေတ်စားနေတဲ့ အရောင်ဖက်ရှင် တစ်မျိုးပဲ ဖြစ်ပါတယ်။ အဝါကို အပေါ်ကနေ အနက်အင်္ကျီဝတ်ပြီး တွဲဝတ်ပေးပါ။
အနီ
ဖက်ရှင် ဂုရုကြီးတွေရဲ့ မိန့်မှာကြားထားချက်အရ အရောင်အစို၊ အတောက်တွေဟာ နွေရာသီကာလနဲ့သာ လိုက်ဖက် သင့်တော်လှပါတယ်။ အဖြူ၊ ပန်းရောင်တို့ဟာ နွေရာသီနဲ့ လိုက်ဖက်တဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရောင် တောက်တောက်စိုစိုတွေဟာ ယောက်ျားတိုင်းနဲ့ မလိုက်ဖက်ပါဘူး။ အသားအရေပေါ် မူတည်ပြီး ရွေးချယ်သင့်ပါသေးတယ်။ ကိုယ့်အသားအရောင်နဲ့ မလိုက်ဖက်တဲ့ အရောင်ကိုတော့ မရွေးချယ်မိဖို့ လိုအပ်ပါတယ်။
ဂျင်း
ဂျင်းပန်ဝတ်တာနဲ့ ပတ်သက်ပြီး အရင်အပတ်တွေမှာ အခါအားလျော်စွာ ဖော်ပြခဲ့ပြီး ဖြစ်တာမို့ သီးသန့်ကြီး မဖော်ပြတော့ပါဘူး။ ဂရုထားသင့်တဲ့ဟာတွေကိုသာ ဖော်ပြပေးသွားပါမယ်။ ဂျင်းပန်ဝတ်တဲ့အခါမှာ ခါးအထက်မြင့်ပြီး မဝတ်ပါနဲ့။ အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ်။ ခါးပတ်ကိုလည်းလျှောမကျအောင်ဆိုပြီး တင်းတင်းကြီး မပတ်ထားပါနဲ့။ အစာအိမ် ထိတတ်ပါတယ်။
အတို
အတိုဟာလည်း ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစမှာသာ ပေါ်လာတာ ဖြစ်ပါတယ်။ စပေါ်ကာစမှာ အတိုဟာ ကျောင်းသုံး အတွက်သာ ဝတ်ဆင်ခဲ့ကြပါတယ်။ စစ်အတွင်းက အပူပိုင်းဒေသသွားတဲ့ စစ်သားတွေလည်း ဝတ်ဆင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ အတိုဝတ်ဆင်မှုဟာ နေရာအနှံ့မှာ ပုရိသကြားထဲ ခေတ်စားနေပြီ ဖြစ်ပါတယ်။
အတိုကို ဝတ်ဆင်ရာမှာ ပထမတစ်ချက်က ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ နေရာအနေအထားပေါ်လိုက်ပြီး ဝတ်ဆင်သင့်ပါတယ်။ နောက်တစ်ချက်က လွတ်လွတ်လပ်လပ် တွေ့ဆုံမှုတွေမှာ ဝတ်ဆင်သင့်ပါတယ်။ စီးပွားရေးအတွက် အချိန်းအချက် လုပ်တာမျိုးတို့၊ အခမ်းအနားတို့မှာ မဝတ်ဆင်သင့်ပါဘူး။ အပန်းဖြေခရီး ထွက်တဲ့အခါမျိုးကျရင် ဝတ်ဆင်သင့်ပါတယ်။
နောက်ပြီး အတိုကို ဝတ်တဲ့အခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားလိုက် အတိုအနေအထားကို ရွေးချယ်သင့်ပါတယ်။ ဒူးပေါ် မှန်သမျှ အတိုထဲ အကျုံးဝင်ပါတယ်။ ဒူးနည်းနည်းဖုံးရင် အားကစားသမားတွေနဲ့ လိုက်ဖက်ပါတယ်။ အားကစားလုပ်တဲ့အခါ ဝတ်ဆင်သင့်ပါတယ်။ အတိုဝတ်တဲ့အခါ အပေါ်ပိုင်းက ရှပ်အင်္ကျီနဲ့ဝတ်တာ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။
ရှပ်အင်္ကျီတောင် အတိုနဲ့ဝတ်တာ ပိုကောင်းပါတယ်။ အရှည်ကို ဘယ်တော့မှ မဝတ်ပါနဲ့။ ဘောင်းဘီဝတ်တဲ့အခါမှာ ဖိနပ်ဟာလည်း မပါမဖြစ် အရေးပါတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ ဒါကြောင့် ဘောင်းဘီဖက်ရှင်အတွက် နဖူးပေါ်လက်တင် စဉ်းစားတော့မယ်ဆိုရင် ဖိနပ်အတွက်ပါ ထည့်သွင်း စဉ်းစားထားသင့်ကြောင်း အကြံပြုရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ..။

ကလောင် - နွေဦးအိမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...