ဧဒင်အချစ်ပုံပြင်: ညီမအပေါ် လွှမ်းမိုးခဲ့တဲ့ ရုပ်ရှင်မင်းသမီးတွေက စိုးမြတ်သူဇာနဲ့ အိန္ဒြာကျော်ဇင်ပါပဲ လို့ပြောတဲ့ ခိုင်သဇင်ယုဝါ

Wednesday, 21 November 2012

ညီမအပေါ် လွှမ်းမိုးခဲ့တဲ့ ရုပ်ရှင်မင်းသမီးတွေက စိုးမြတ်သူဇာနဲ့ အိန္ဒြာကျော်ဇင်ပါပဲ လို့ပြောတဲ့ ခိုင်သဇင်ယုဝါ

Beautiful Myanmar Model PhotosQ. ဒီလောကထဲမှာ နေရာရဖို့ ကြိုးစားနေတဲ့ တခြားမင်းသမီးငယ် တချို့နဲ့ ပြိုင်ဆိုင်ဖို့အတွက် ညီမ ဘာလုပ်မှာပါလဲ။
A. အတုယူစရာ၊ လေ့လာစရာတွေ အများကြီး ရှိသေးပါတယ်။ သူများကို လိုက်ပြီး ပြိုင်ဖို့အတွက် စိတ်ကူးမရှိဘူး။ ကိုယ်တတ်နိုင်တာလေး၊ ကြိုးစားသလောက် ဖြစ်တာလေးကိုပဲ သမီးလိုချင်တယ်။ ပြိုင်ဆိုင်ပြီးမှ ရတဲ့ ရလဒ်မျိုးကိုတော့ မလိုချင်ဘူး။ ကိုယ်လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်လို့ရလာတဲ့ ရလဒ်တစ်ခုကို ဂုဏ်ယူမိမှာပါ။
Q. ညီမအပေါ် လွှမ်းမိုးခဲ့တဲံ တခြားရုပ်ရှင်မင်းသမီးတွေက ဘယ်သူတွေလဲ။
A. စိုးမြတ်သူဇာနဲ့ အိန္ဒြာကျော်ဇင်ပါ။ မအူဝဲဆိုရင် စရိုက်ပေါင်းစုံနဲ့ သရုပ်ဆောင်တာတို့၊ သူရဲ့ အက်ရှင်၊ သူဖြတ်သန်းလာခဲ့တဲ့ အနုပညာ ခရီးလမ်းကအစ အခုတိုင်အထိ သူ့ကို အားကျတယ်။ ရိုးသားပြီးရတဲ့ ရလဒ်က သူ့အတွက် အရမ်းကောင်းတယ်။ မကြီးစိုးကျတော့ သမီးတို့ထက် စီနီယာကျပြီး။
သရုပ်ဆောင်တာတွေ အရမ်းကြိုက်တဲ့အတွက် အားကျမိတာပေါ့။
Q. လက်တွေ့ဖြစ်လာဖို့အတွက် မျှော်လင့်ထားတဲ့ အခြားစိတ်ကူးတွေ ရှိသေးလား။
A. ထိပ်ဆုံးထိ ရည်မှန်းထားတာမျိုးတော့ မရှိပါဘူး။ ရတဲ့အလုပ်တစ်ခုမှာ အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ သရုပ်ဆောင် ဖြစ်လာခဲ့မယ်ဆိုရင်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။
Q. ပထမဦးဆုံးရရှိတဲ့ အနုသုခုမကြေးကို ဘယ်လိုသုံးဖြစ်လဲ။
A. မော်ဒယ်(လ်) စလုပ်ကတည်းက အနုပညာကြေးကို အမေကို အပ်ရတာပေါ့။ ပြီးမှ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ပေးတယ်။ ကိုယ်အရမ်းလိုချင်တဲ့ ဥပမာ Phone Update Handset ဆိုရင် ပိုက်ဆံ တစ်ဝက်စုပြီး ကျန်တာကို အမေ့ကို စိုက်ခိုင်းပြီး ဝယ်တတ်တယ်။ ဒါကြောင့် အများအားဖြင့် အနုပညာကြေးကို အမေ့ကို ပြန်ပေးတတ်ပါတယ်။
Q. ညီမအတွက် နောင်အနာဂတ်မှာ ဘာတွေ ရှိနိုင်မလဲ။
A. သမီးဘွဲ့ရပြီးသွားရင်တော့ အလှပြင်ဆိုင် ဖွင့်ဖို့ရှိတယ်။ ပြီးတော့ မော်ဒယ်(လ်) အလုပ်ကို သမီးကံပါတဲ့အထိ လုပ်သွားမယ်။ သမီးဘွဲ့ရပြီးသွားရင် အလုပ်တစ်ခုတည်းကို ဇောက်ချလုပ်သွားဖို့ ရှိပါတယ်။
Q. ညီအတွက် ဘယ်ပြဿနာက အရေးကြီးဆုံးလဲ။
A. အခုမော်ဒယ်(လ်) အလုပ်လုပ်နေတာဆိုတော့ ပညာရေးက အဓိက ပြဿနာဖြစ်နေတယ်။ သတိထားရတယ်။ လစ်ဟာသွားရင် အနုပညာဖက်မှာလည်း ခုတုံးတစ်ခုလို ဖြစ်သွားမှာ စိုးတဲ့အတွက်ကြောင့်ပါ။
Q. အသွေးအသားထဲက တောင့်တမိတဲ့အရာဟာ မော်ဒယ်(လ်)တစ်ယောက်လား၊ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တာလား။
A. သမီးက မော်ဒယ်(လ်) အရမ်းဖြစ်ချင်တယ်လေ။ လုံးဝ နိုင်ငံတကာ အဆင့်အတန်းနဲ့မှီတဲ့ မော်ဒယ်(လ်)တစ်ယောက် ဖြစ်ချင်တာ။ Show လျှောက်ရုံသက်သက်ပဲ မော်ဒယ်(လ်) ဖြစ်ချင်တာ။ သရုပ်ဆောင် ဆိုတာကျတော့ သမီးအတွက် အရမ်းအလှမ်းဝေးသေးတယ်။ အတွေ့အကြုံ မရှိသေးတော့ စိမ်းနေသေးတာပေါ့။ တကယ်လို့ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။
Q. ညီမတို့လို အနုပညာရှင် အသစ်တွေအတွက် တံတားတစ်စင်းလို့ ပြောလို့ရတဲ့ ပုံနှိပ် မီဒီယာနဲ့ ရုပ်သံမီဒီယာ နှစ်ခုအပေါ် ညီမ ဘယ်လိုမြင်ပြီး သုံးသပ်ချင်ပါသလဲ။
A. မီဒီယာတွေ အများကြီး ပေါ်ထွက်လာတာ အရမ်းကောင်းတယ်။ ဒီ့ထက်မကလည်း ပေါ်ထွက်လာစေချင်တယ်။ အခုဆိုရင် Channel အသစ်တွေ ထွက်လာတယ်။ မီဒီယာဆိုတာ အနုပညာရဲ့ အသက်၊ လူတွေအားလုံးရဲ့ ဆက်သွယ်မှု၊ ပြည်သူ့အတွက် စတုတ္ထမဏ္ဍိုင် တစ်ခုဆိုတော့ အရေးပါဆုံးပေါ့။ ပုံနှိပ်နဲ့ ရုပ်သံကွာခြားချက်ဆိုရင် သရုပ်ဆောင်တွေအနေနဲ့ ပရိသတ်နဲ့ ပိုပြီး ရင်းနှီးစေတယ်။ ဂျာနယ်၊ မဂ္ဂဇင်းကျတော့ ပရိသတ်ကို ဗဟုသုတတွေ ပေးနိုင်သလို၊ fashion နဲ့ ပတ်သက်ပြီး လူငယ်တွေအတွက် ပိုပြီး မျက်စိပွင့် နားပွင့်စေတာပေါ့။
Q. ထင်ပေါ်ကျော်ကြားမှုကို ကြိုက်နှစ်သက်ပါသလား။
A. ကောင်းတဲ့ဘက်ကဆိုရင် နှစ်သက်ပြီး။ မကောင်းတဲ့ဘက်ကဆိုရင် မနှစ်သက်ပါဘူး။ အရမ်းထင်ပေါ် ကျော်ကြားလာတဲ့သူမှန်သမျှ နေရထိုင်ရတာ အရမ်းကျဉ်းကျပ်သွားပြီ။ ဒါကြောင့် တခါတလေကျရင် နာမည်အရမ်းကြီးချင်ပြီး တခါတလေကျရင် နာမည်မကြီးချင်ဘူး။
Q. နေပူထဲမှာ အပင်ပန်းမခံရဘဲ ပိုက်ဆံရတဲ့အလုပ်ဟာ သရုပ်ဆောင်အလုပ်ဆိုပြီး ပေါ်ပင်လုပ်ချင်ကြတဲ့ တချို့လူတွေအတွက် ဘာပြောချင်ပါသလဲ။
A. အဲဒါ လုံးဝမဟုတ်ပါဘူးရှင်။ လုံးဝမှားပါတယ်။ ဘယ်အလုပ်မဆို မလွယ်ကူပါဘူး။ ပိုက်ဆံရဖို့အတွက် အလုပ်လုပ်ရတယ်။ အဲဒီချိန်မှာ ကိုယ်ကြိုးစားမှ ပိုက်ဆံရမှာ၊ ကိုယ်မကြိုးစားပဲနဲ့ ဘယ်အရာမှ မရပါဘူး။
Q. နောက်ဆုံးအနေနဲ့ ညီမချစ်တဲ့ ပရိသတ်ကို ဆက်လက်လှုပ်ရှားသွားမယ့် အနုပညာ လှုပ်ရှားမှုတွေနဲ့ အတူ နှုတ်ဆက်စကား ပြောပေးပါဦး။
A. သမီးအနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဒီ့ထက်မက ကြိုးစားပြီး လှုပ်ရှားသွားဦးမှာပါ။ အနုပညာနဲ့ ပညာရေးကိုလည်း ဆက်ပြီး ကြိုးစားသွားမှာပါ။ သမီးအမှားအယွင်း ရှိရင်လည်း ပရိသတ်ကြီးက ဝေဖန်အကြံဉာဏ်လေးပေးပြီး ဝေဖန်နိုင်ပါတယ်။ ပရိသတ်ကြီး ကျန်းမာချမ်းသာပါစေလို့ နှုတ်ဆက်ပါရစေ။
Ref: 8 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...