ဧဒင်အချစ်ပုံပြင်: ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းထက် အငှားဈေးကွက်သွက်လျက်ရှိ

Saturday 1 December 2012

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းထက် အငှားဈေးကွက်သွက်လျက်ရှိ


ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက် ၌ အရောင်းအဝယ် ထက် အငှားဈေးကွက်က သွက်လျက် ရှိကြောင်း အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင် သူများ ထံမှ သိရသည်။

အိမ်ခြံမြေ ဈေးကွက်၌ မြေကွက်များ၊ စက်မှုဇုန်များ၊ တိုက်ခန်းများ အရောင်းအဝယ် အေးနေပြီး ကျပ် သိန်း ၂ဝဝဝ နှင့် ၅ဝဝဝ ကြား တန်ဖိုးရှိ အိမ်ခြံမြေများ အရောင်း အဝယ် ဖြစ်ထွန်းမှု အနည်းငယ်မျှ သာရှိကြောင်း မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။ ထိုသို့ အရောင်း အဝယ် ဖြစ်ထွန်းမှု နည်းပါး သော်လည်း ဈေးနှုန်းများမှာ ကျဆင်း ခြင်းမရှိဘဲ ယခင်နှစ် များထက် နှိုင်းယှဉ်ပါ က ဈေးနှုန်း မြင့်တက်မှုများ ရှိနေကြောင်း သိရသည်။

'' အိမ်ခြံမြေ ဈေးကွက်က ဒီနှစ် အေးနေပါတယ်။ သီတင်းကျွတ် ကာလ ကနေ တန်ဆောင်တိုင် တစ်လျှောက် အေးနေပါတယ်။ ဟိုး အရင်နှစ် တွေကလဲ ဒီလိုပ အေးလေ့ ရှိတယ်။ ရာသီလိုက် အေးတတ်တဲ့ ကာလရှိတယ်။ ရာသီ လိုက် ဈေးကွက် တောင်းဆိုချက် ရှိပါ တယ်။ ကထိန်တို့ သင်္ကြန်တို့ဆို အေး တတ်တဲ့ သဘော ရှိပါတယ်။ အခွန်စနစ် ဟောင်းကို ပြန်ကျင့်သုံး လိုက်တဲ့အပေါ် ကြောင့်လည်း အိမ်ခြံမြေ ဈေးကွက် အေးတဲ့ အကြောင်း ရင်းထဲမှာ ပါဝင် ပါတယ်။ ဈေးကွက် အနေအထားက အရင်အနေ အထားအတိုင်း ပြန်ရောက် သွားတယ်။ မြေကွက်လည်း အရောင်း အဝယ်ပါးတယ်။ တိုက်ခန်းလည်း အ ရောင်းအဝယ် ပါးပါတယ်။ စက်မှုဇုန် တွေလည်း ပါးပါတယ်။ တိုက်ခန်းတို့ မြေကွက်တို့က ကြိုကြား ကြိုကြား ရောင်းနေရတာ ကြားပေမယ့် ပါးပါတယ်။ ပွဲတော်တွေ ရှိနေတာ ကြောင့်လည်း အရောင်းအဝယ် အေးနေတာ ပါ။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက် ကို ခြုံ ပြောရရင် အရောင်းအဝယ် အေးတယ်။ ဈေးမကြဘူး။ ထင်သာ မြင်သာ ရှိတဲ့အချက် က ပွဲတော်တွေ ကြောင့်လို့ ပြောလို့ ရပါတယ်။ အခွန်စနစ် ကိုလည်း စနစ်ဟောင်း အတိုင်း ပြန်ကျင့်သုံး နေလို့ အ ရောင်း အဝယ် အေးသွားတာ လည်း ဖြစ်ပါတယ်။ အခွန်နှုန်း မြင့်တယ်။ မြေဈေးက မကျဘူး။ အရောင်းအဝယ် အေးနေ တယ်'' ဟု ယင်းက ပြောသည်။

''ဈေးနှုန်းက ကျလားဆိုရင် ဈေး နှုန်းမကျပါဘူး။ အခု အရောင်း အဝယ် ကြိုကြား ကြိုကြား ဖြစ်နေတဲ့ အိမ်ခြံမြေ ဈေးတွေက သိန်း ၂ဝဝဝ နဲ့ ၃ဝဝဝ ကြား အရောင်းအဝယ် ဖြစ်တယ်။ သိန်း ၂ဝဝဝ အောက် အရောင်းအဝယ် ပိုဖြစ် တယ်လို့ သိရတယ်။ ဒါပေမယ့် အရင် သိန်း ၁၈ဝဝ ရှိတဲ့ဈေးက အခု ၂ဝဝဝ ဖြစ်နေတယ်။ ဈေးတက် ရောင်းတယ်။ ဝယ်တဲ့သူ လည်းရှိတယ်။ ဈေးနှုန်း ကျ မသွားဘူး။ ပါမစ် မြေကွက်တွေလည်း အရောင်း အဝယ် အေးတယ်။ ဒဂုံမြို့သစ် အရှေ့ဘက်တို့ ဆိပ်ကမ်း မြို့နယ် တွေမှာ အရင်က ၁၂ သိန်း ၁၃ သိန်းက အခု ၁၈ သိန်း၊ သိန်း ၂ဝ လောက်နဲ့ လည် နေတယ်'' ဟု ယင်းကသုံးသပ်ခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့၌ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာသည့် လူဦးရေနှုန်း ထားများကြောင့် အိမ်ခန်း ငှား နေထိုင် သည့် ရာခိုင်နှုန်းသည် နှစ်စဉ် ဆယ်ရာ ခိုင်နှုန်းခန့် တိုးတက် နိုင်သည်ဟု အိမ် ခြံမြေ အကျိုးဆောင်များ မျှော်မှန်း ထားကြ ကြောင်း သိရသည်။ အငှားဈေး ကွက်၌ နှစ်စဉ် ဈေးနှုန်းများ မြင့်တက် လာနိုင်ပြီး မြို့ အလယ်ပိုင်း တွင် အငှား ဈေးကွက် ပိုမို ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

'' အိမ်ခြံမြေ ဈေးတွေ ကျကျ၊ တက်တက်၊ အရောင်းအဝယ် ဖြစ်ဖြစ် မ ဖြစ် ဖြစ် အငှားဈေးကွက် ကတော့ ပုံမှန် ရှိနေ ပါတယ်။ အခု အချိန်ဆို ဝါကျွတ်ကာလ ဖြစ်တော့ ပိုသွက်တယ်။ ငှားရမ်းခနှုန်း တွေကလည်း တစ်နှစ်ထက် တစ်နှစ် တက်လာတယ်။ ဥပမာ မနှစ်က တာ မွေ မှာ ဒုတိယထပ် လောက်ကို ငှားရင် တစ်လကို ရှစ်သောင်း ကျပေမယ့် ဒီ နှစ်မှာ ရှစ်သောင်းက တတိယ ထပ်၊ စတုတ္ထထပ် လောက်ဆို ရှစ်သောင်း ဖြစ်သွားပြီး ဒုတိယထပ် လောက်ဆို တစ်သိန်းလောက် ငှားရမ်းခပေး ရပါ တယ်။ အနည်းဆုံး လည်း ခြောက်လ၊ တစ်နှစ် ချုပ်ရတယ်။ အခု တာမွေ၊ မေတ္တာညွန့် ရပ်ကွက်မှာဆို ငှားဖို့ တိုက်ခန်းတွေ မရှိတော့လို့ အိမ်ခန်း လိုချင်တဲ့ သူတွေ အများကြီးပါပဲ၊ တိုက်သစ်တွေ လည်း ဆက်တိုက် ဆိုသလို အမြန်ဆုံး ဆောက်နေတာ တွေ့ရပါတယ်။ မြို့ထဲမှာ အလုပ် လုပ်နေရတဲ့ သူတွေ ကတော့ လမ်းစရိတ်နဲ့ အချိန် ကိုငဲ့ပြီး ဒဂုံလိုဈေး သက်သာ တဲ့ နေရာမှာ မနေဘဲ မြို့လယ် မှာလာနေ တဲ့သဘောပါ'' ဟု တာမွေ မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်တွင် အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်း ဆောင်ရွက် နေသူ တစ်ဦးက ပြောသည်။

မိဘမေတ္တာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာက '' ပွင့်လင်း ရာသီ ရောက်တော့ အငှားဈေးကွက်တက်ပါ တယ်။ အရောင်းကတော့ တန်ဖိုးကြီး ကြီးမားမား မဟုတ်ပေမယ့် တန်ဖိုး ၂ဝဝဝ ကနေ ၅ဝဝဝ ဝန်းကျင် နည်း နည်းပါးပါးရောင်းရတယ်။ ဘောက် ထော်တို့ ကမ္ဘာအေးတို့လို နေရာမျိုး တွေပေါ့'' ဟု ပြောသည်။

အိမ်ခြံမြေဝယ်ယူခြင်းအတွက် ပေး ဆောင်ရသောအခွန်ကို ၂ဝဝ၇ ခုနှစ် မှစတင်ပြီး နှစ်နှစ်သက်တမ်းတိုး၍ ကောက်ခံခဲ့ပြီး ယခုနှစ် သြဂုတ် လဆန်းမှစတင်ပြီး အိမ်ခြံမြေဝယ်ယူ ခြင်းအတွက် ပေးဆောင်ရမည့် ပမာဏကို ယခင် ၁၅ ရာခိုင်နှုန်း၊ ယခုတွင် ၃ဝ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန် ခုနစ် ရာခိုင်နှုန်းပြောင်းလဲတိုးမြှင့်ကောက်ခံ ခြင်းဖြစ်ပြီး ဝင်ငွေရလမ်းကို မဖော်ပြ နိုင်ပါက ၃၇ ရာခိုင်နှုန်းကို ပေးဆောင် ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာနမှ ထုတ်ပြန်ခဲ့သည်။

၎င်းနောက်ပိုင်း၌ အိမ်ခြံမြေဈေး ကွက်သည် အရောင်းအဝယ်သိသာစွာ ဖြစ်ထွန်းမှုမရှိခဲ့ကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးသော် လည်း အိမ်ခြံမြေဈေးကွက်၌ ရင်းနှီးမြှုပ် နှံမှုအပေါ် သက်ရောက်မှုမတွေ့ရသေး ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...