![]() |
ပီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလက မွန်ပြည်နယ်ရှိ ကော့နှပ် ကျေးရွာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ဝေ၏ လက်ကမ်းကြော်ငြာကို ဖတ်နေသည့် ပြည်သူတဦး |
ရန်ကုန်တိုင်းဒေသကြီးရှိ မွန်လူမျိုးများ မှတ်ပုံတင်များတွင် လူမျိုး အမည်လွဲမှားနေမှုများကို
ပြန်လည်ပြင်ဆင်ပေးရန် စီစဉ်နေကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နိုင်လှမောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူမျိုးအများအပြား နေထိုင်ကြသော်လည်း များသောအားဖြင့် မှတ်ပုံတင်ရှိ လူမျိုးနေရာတွင် "မွန်" အစား"ဗမာ"ဟုသာ ရေးသွင်းထားကြသည်။ ယင်းကဲ့သို့ မှားယွင်းရေးသွင်းမှုများကို ပြန်လည်စိစစ်ပြီး ပြင်ဆင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။
"အခုတော့ စီစဉ်နေဆဲ အဆင့်ပဲရှိသေးတယ် ၂၀၁၅ အမှီ ပြင်သွားမယ်"ဟု၎င်းက ပြင်ဆင်သွားမည့်ကာလ အပိုင်းအခြားကို ရှင်းပြသည်။
အဆိုပါလူမျိုးနာမည်လွဲမှားနေသောမှတ်ပုံတင်များကို လူမျိုးအမည်မှန် ပြန်လည်ပြင်ဆင်ပေးရန် ရှိမရှိကို ပထမဆုံးအကြိမ်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးက မေးမြန်းချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည်ပြင်ဆင်ပေးမည်ဟု ဖြေကြားခဲ့သည်။
"အမှန်တကယ် လူမျိုးကလည်း မွန်စစ်စစ် ဆိုရင် ဗမာ ဖြစ်နေတာကို မွန်လို့ ပြန်ပြင်ပေးမယ်လို့ပြောတယ်၊ မွန်-ဗမာစပ်တွေတော့ ပြင်လို့ ရမရ မသိသေးဘူး"ဟုဆိုသည်။
ပြင်ဆင်ရေးကော်မတီကို ယခုနှစ်အတွင်း ဖွဲ့စည်းသွားရန်ရှိပြီး ရန်ကုန်တွင် မွန်လူမျိုးပေါင်း ငါသောင်းကျော် ခြောက်သောင်း ၀န်းကျင် ရှိခဲ့လျင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တဦး ၀င်ရောက် ရွေးချယ်ပိုင်ခွင့်ရှိမည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူမျိုးများ အများဆုံးနေထိုင်သောမြို့နယ်မှာ ဗဟန်း၊ မင်္ဂလာတောင်ညွန့် ၊တာမွေအစရှိသည့် မြို့နယ်များဖြစ်ကြပြီး လက်ရှိအချိန်ထိ မွန်လူမျိုး မည်မျှနေထိုင်နေသည်ကို စာရင်းအတိအကျ မရှိသေးဟုလည်း ၎င်းကရှင်းပြသည်။
မွန်လူမျိုးများသည် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အများအပြားနေထိုင်လျှက်ရှိကာ ရန်ကုန်မြို့ရှိ မြို့နယ်အမည်များ ရပ်ကွက်အမည်အများအပြားမှာ မွန်ဘာသာဖြင့် ခေါ်ဆိုသည့်အမည်များ ဖြစ်သည်ကိုလည်း တွေ့ရှိရသည်။
by Yangon Press International
No comments:
Post a Comment