“ကလေးလုပ်သား မတင်နီလာအေးအမှု ယခုလ(၂၉)ရက်နေ့ ရုံးပြန်ချိန်း”
ချမ်းမြ၊ သြဂုတ် ၂၃၊ ၂၀၁၂
ကလေးလုပ်သား မတင်နီလာအေးအမှုကို ယနေ့-၂၂-၈-၂၀၁၂-ရက်နေ့ မနက်(၁၀)နာရီမှာ
မဟာအောင်မြေမြို့နယ်၊ ခုံအမှတ်(တွဲ-၂)အထူးအာဏာတရားရုံးမှာ
ဆက်လက်စစ်ဆေးပါတယ်။ အမှုကို စိတ်ဝင်စားသူများလို့ မဟာအောင်မြေတရားရုံးမှာ
အထူးစည်ကားလို့နေပါတယ်။ ၈၈-ကျောင်းသားအဖွဲ့မှ ကိုကျော်ဇေယျနှင့် အဖွဲ့၊
စာနယ်ဇင်းများအဖွဲ့နှင့် ဓမ္မဘက်တော်သားရဟန်းရှင်လူ ပရိသတ်များ
တက်ရောက်ကြပါတယ်။
ကန့်သတ်နေရာမှလွဲ၍
အခြားနေရာများတွင် ဒေါ်နီနီတို့ လင်မယားကို စိတ်ဝင်စားသူ ကင်မရာသမားများက
အသင့်စောင့်ပြီး ဓာတ်ပုံရိုက်ယူကြသော်လည်း ဒေါ်နီနီတို့၏
ကြိုတင်ပြင်ဆင်မှုများ ပြည့်စုံကောင်းမွန်မှုကြောင့် ဘယ်သူမှ
မရိုက်ယူနိုင်ခဲ့ပါဘူး။
ဒေါ်နီနီဟာ ကိုယ်ပိုင်ကားနှင့် မလာဘဲ အငှားကားနှင့်လာကာ
ကိုယ်ရောင်ဖျောက်လိုက်ပါတယ်။ နှာခေါင်းစည်းတပ်၊ မျက်မှန်တပ်၊ ဦးထုပ်ကြီး
ဆောင်းထားပြီး ရှေ့နောက်-ဝဲယာမှာ သက်တော်စောင့်တွေ ဝန်းရံပြီးမှ
ရုံးထဲဝင်တာလို့ သိရပါတယ်။
မတင်နီလာအေး၏ ရှေ့နေ ပါဝါလွှဲစာရရုံ မှလွှဲ၍ ကျန်တာ အမှုမစစ်တော့ပါဘူး။
ပြန်စစ်ဖို့ တိုင်ကြားထားတာလည်း အကြောင်းမထူးပါဘူး။ ကလေးမလေးကို ပြီးခဲ့တဲ့
အပတ်က အပြီးစစ်သွားတာကို တိုင်းတရားသူကြီးချုပ်ကလည်း သဘောတူတဲ့
လက္ခဏာရှိပုံရပါတယ်။
ဒီကနေ့ ကလေးမလေးရဲ့ အသိသက်သေ(လိုပြသက်သေ)ကို စစ်ရမည့် နေ့ဖြစ်သော်လည်း
လိုပြသက်သေများ ရုံးမတက်သောကြောင့် အမှုကို လာမည့်ရက်သတ္တပတ် (၂၉-၈-၂၀၁၂)ကို
ပြန်ချိန်းလိုက်ခြင်း ဖြစ်ပါတယ်။ တရားရုံးခန်းအတွင်းမှာ နှစ်ဦးနှစ်ဘက်
အကြေအလည် ဆွေးနွေးခွင့် မရခဲ့ပေမယ့် တရားရုံးဝင်းအတွင်းမှာတော့
ဓမ္မနှင့်အဓမ္မ အကြိတ်အနယ် ရင်ဆိုင်ခဲ့ကြကြောင်း ပရိသတ်များထံမှ
သိရပါတယ်။ ကလေးမလေးဘက်မှ မခံမရပ်နိုင်သူများနှင့် တရားခံများ၊
တရားခံရှေ့နေများ အပြိုင်အဆိုင် ငြင်းခုံကြတာပါ။
ဒေါ်နီနီရဲ့ ယောက်ျား ဦးကျော်ကတော့ ဓာတ်ပုံလိုက်ရိုက်နေတဲ့
စာနယ်ဇင်းသမားတွေကို ကြည်ပုံမပေါ်ပါဘူး။ “မင်းတို့ကို
သောက်ဂရုမစိုက်ဘူး”လို့ ကားမောင်းရင်း လှမ်းပြောတာ တွေ့ရကြောင်း
မျက်မြင်သက်သေများက ပြောလာကြပါတယ်။
ဒေါ်နီနီရဲ့ ရှေ့နေများကလည်း ဓာတ်ပုံရိုက်နေသူများကို အော်ပြောပါတယ်။ တရားစွဲမယ်။ တိုင်မယ်-တောမယ် ပြောကြတာပါ။
“မင်းမဲ့တိုင်းပြည်ကျနေတာပဲတို့၊ နိုင်ငံတော်ပုန်ကန်မှုကျနေတာပဲ-တို့” ပြောကြတာတွေကိုလည်း မျက်မြင်သက်သေ များက မြင်တွေ့ခဲ့ရကြောင်း သိရပါတယ်။
ဓာတ်မှန်ဖျောက်ဖျက်မှုနှင့် တရားစွဲတိုင်ကြားထားတာကိုလည်း ရဲစခန်းက
တိုင်စာကို တရားရုံးတင်လိုက်ပါပြီ။ မြို့နယ်မှခရိုင်၊ တိုင်းအထိတင်ပြီးမှ
စစ်ဆေးဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။ အမှုပေါ့စေလိုလို့
ဓာတ်မှန်ဖျောက်တဲ့ ဒေါ်နီနီတစ်ယောက် ဓာတ်မှန်ဖျောက်မှ အမှုကြီးလာမလား-
စောင့်ကြည့်ရမှာပါ။
No comments:
Post a Comment