မွန်နှင့် ခမာတို့ မသင့်မတင့်ဖြစ်နေချိန်တွင် ခမာဘုရင်
ပထမသူရိယ၀ါမာန်မင်း (အေဒီ-၁၀၀၂-၁၀၄၉) နှင့် ဒုတိယ ဥဒယဒီဿဝါမာန်မင်း
(အေဒီ၊၁၀၄၉-၁၀၆၅) တို့မှာဘုန်းလက်ရုံးကြီးမား တန်ခိုးထွားသော မင်းများဖြစ်၍
ခမာနိုင်ငံ၏ အရှေ့တစ်လွှားနှင့် အနောက် တစ်လွှားသို့
တိုင်းနိုင်ငံချဲ့ထွင်ရာတွင် အနောက်ဘက်မြန်မာနိုင်ငံရှိ ပျူနိုင်ငံအထိ
သြဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်ဟု မြန်မာ့စွယ်စုကျမ်း၌ ဖေါ်ပြထားသည်။
ဘာရိန်းဟာရစ်ဆန်ရေးသော အရှေ့တောင်အာရှ သမိုင်း အကျဉ်းချုပ်တွင် ခမာတို့သည်
အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ခုလုံးသို့ အင်ပါယာနိုင်ငံချဲ့ ထွင်ပြီး
ခမာနိုင်ငံ အနောက်ဘက် မဲနမ်မြစ်ကိုကျော်၍ (၁၁)ရာစုခေတ်ဦးပိုင်း
မွန်လူမျိုးများကို နှိမ်နင်းရာတွင် မြန်မာနိုင်ငံ နယ်စပ် အထိ
ရောက်ရှိခဲ့သည်ဟု ရေးသားဖေါ်ပြထားသည်။မြန်မာ့သမိုင်း စာအုပ်တိုင်း၌
အနော်ရထာမင်း
လက်ထက်တွင် ဟံသာဝတီ ပဲခူးသို့ ဂျွမ်းစစ်သည်များ လာရောက်
တိုက်ခိုက်ကြောင်းဖေါ်ပြကြသည်။
ဂျွမ်းစစ်သည်ဆိုသည်မှာ ခမာများဦးစီးသော ယိုးဒယား(ထိုင်း)
စစ်သည်များပင်ဖြစ်သည်။ ယိုးဒယား(ထိုင်း)ဒေသတွင် အေဒီ(၇)ရာစုမှစ၍
တန်ခိုးတောက်ခဲ့သော မွန်နိုင်ငံများပျက်သုန်းရသည်မှာ ထိုင်းများက
ဝင်ရောက်တိုက်ခိုက်နေထိုင်လာ သောကြောင့်ဖြစ်သည်။ ယိုးဒယားထိုင်းဒေသရှိ
ဒွာရ၀တီမွန်နိုင်ငံသည် အေဒီ(၁၁)ရာစု၌ ပျက်သုဉ်းခဲ့ပြီး
ဟရီဘုဉ္ဇမွန်နိုင်ငံမှာလည်း ဘေးတွေ့လျှက်ရှိကြာင်း ဒေါက်တာသန်းထွန်း၏
ရှေးဟောင်းမြန်မာရာဇ၀င်တွင် ဖေါ်ပြထားသည်။
ဤအချက်အလက်များကို
လေ့လာမှုအရ အေဒီ(၁၁) ရာစုကာလ များတွင် သုဝဏ္ဏဘူမိ သထုံပြည် အပါအ၀င်
မြန်မာနိုင်ငံအတွင်းသို့ အိန္ဒိယတောင်ပိုင်းမှ တေလေဂူလူမျိုးတို့ ၀င်ရောက်
သွားလာခဲ့မှုသည် ပျူနိုင်ငံများအထိပါပြန့်နှံ့ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ယင်းတေလေဂူ များသည် ထက်အောက်စုန်ဆန်သွားလာ နိုင်သောကြောင့်
ယာဉ်ကျေးမှုများသည် နိုင်ငံအနှံ့ရောက်ရှိ နိုင်ပေသည်။ထို့ကြောင့်အချို့
သုတေသီများသည် အိန္ဒိယလက်ရာလွှမ်းမိုးသောလက်ရာများကိုတွေ့ရှိ ပြီး
သုဝဏ္ဏဘူမိအား ပျူမြို့ပြနိုင်ငံဟု ထင်မြင်ယူဆခြင်းဖြစ်ပေလိမ့်မည်။
သို့သော် ယင်းအချိန်မှာပင် သုဝဏ္ဏဘူမိသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊
ကိုယ်ပိုင်ဟန်များ ရှိနေကြောင်းကိုလည်း
သမိုင်းအထောက်အထားများတွင်တွေ့ရှိနိုင်သည်။အထက်တွင် တင်ပြခဲ့သည့် အတိုင်း
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာပင် အိန္ဒိယလူမျိုး တေလေဂူများမှတဆင့်
ယင်းတို့၏ အယူဝါဒများ ကို ကိုးကွယ်ခဲ့ကြကြောင်းကို အနော်ရထာမင်းကြီးလက်ထက်
အရည်းကြီးသာသနာကို ကြည့်ခြင်း အားဖြင့်
သိရှိသဘောပေါက်နိုင်ပေမည်။(ဆက်လက်ဖေါ်ပြပါမည်)
ကျမ်းကိုးစာရင်း
၁။ မာမက(သုတေသီ) မွန်တို့ဌာနီရာမည
၂။ ရာမညအမည်ခံ မွန်(၃)ရပ်ရာဇ၀င်-ဘဒ္ဒန္တပါလိတထေရ်
၃။ မွန်ရာဇ၀င်နှင့် စေတီတော်သမိုင်းပေါင်းချုပ်-စစ်ကဲမင်းဦးနော
၎။ ရာမညတိုင်းလုံးဆိုင်ရာ ဓာတုဝင်ကျမ်း၊ဟိတဂဝေသီရဟန်းတော်အဖွဲ့
၅။ မွန်ဘ၀ဓလေ့နိဒါန်း
၆။ မွန်ကျောက်စာပေါင်းချုပ်-ရှေးဟောင်းသုတေသန
၇။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု(မွန်)--လမ်းစဉ်ပါတီ
၈။ ရှေးဟောင်းမြန်မာရာဇ၀င်။
၉။ မုဒုံကန်ကြီးသမိုင်း။
၁၀။ မှန်နန်းရာဇ၀င်တော်ကြီး။
၁၁။ ကမ္ဘာပတ်၍ ဘုရားရှာဖွေခြင်း။
၁၂။ အတွေးအမြင်--မောင်သော်က
၁၃။ ဥပ္ပန္နသုဓမ္မ၀တီ မွန်ရာဇ၀င်ကြီး(ထိုင်းနိုင်ငံထုတ်)
၁၄။ မင်းမြတ်မနူဟာ(မနော်ဟရီ)--စနေမင်းသား(သထုံ)
(ဓါတ်ပုံ--မြသပိတ်တောင်စေတီ)
သမိုင်းကြောင်းအရ ဘာကြောင့်ယုတ်မာရတလဲ (မွန်သမိုင်းတွေကို ဖျောက်နေတာတော့ အထင်အရှာပါ)
No comments:
Post a Comment