ဧဒင်အချစ်ပုံပြင်: ဗ စလစ်များထက် ဘ အက္ခရာ ကားများက ပိုအရောင်းသွက်နေ

Friday, 9 November 2012

ဗ စလစ်များထက် ဘ အက္ခရာ ကားများက ပိုအရောင်းသွက်နေ



ကားဈေးကွက်တွင်း ဗ စလစ်များ ဝင်ရောက်လျှက်ရှိသော်လည်း ထိုစလစ်များထက် ဘ အက္ခရာ ကားများက  ပိုမိုအ၀ယ် လိုက်နေကြောင်းနှင့် ယခုအခါ ဘ အက္ခရာ ကားများသည် ဗ စလစ်များနှင့် ဈေးတန်းတူနေရာ ရရှိ နေကြောင်း ကားဈေးကွက် အတွင်းက သိရှိရသည်။
 
 
မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ ပြည်ပမှ ဆိပ်ကမ်းအရောက် Cost Insurance and Freigh (CIF)   ဈေးနှုန်းများ   ပြောင်းလဲသတ်မှတ်မည်ဆိုသော သတင်းများကြောင့် ဘ အက္ခရာကားများသည် ဗ စလစ်များနှင့် တန်းတူဈေးတက် လာခြင်းဖြစ်သည်။ တန်းတူဈေးတက်လာပြီး နောက်ယခု ဗ စလစ်များထက် ပိုမိုရောင်းရလာခြင်းဖြစ်သည်ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားအကျိုးတော်ဆောင်  ကိုဇော်က ပြောသည်။

 
 
ထိုကဲ့သို့ ကားဈေးကွက်ကစားသူများ၏ လိုက်လံဝယ်ယူမှုကြောင့် ဘ အက္ခရာ ကားများသည် ကျပ်သိန်း (၈၀) ဝန်းကျင်မှ သိန်း(၉၀)အထိ ရှိလာကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။ ထို ဘ အက္ခရာကားများကို လိုက်လံဝယ်ယူသူများတွင်   မော်တော်ယာဉ် တင်သွင်း ရောင်းချနေသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း ကား ပွဲစားများထံက ဆိုသည်။
 
 
 
ဘ အက္ခရာ ကားတွေကလည်း အခု စလစ်ဈေးတွေနဲ့ အပြိုင် သိန်း (၈၀) ကျော်အထိ ဖြစ်လာတယ်။ ဈေးက လည်း သိပ်မကွာဘူး။ ပြီးတော့ စလစ်ဈေးက အချိန်တန်ရင် ငြိမ်သွားပေမယ့် ကိုယ့်လက်ထဲမှာ ကားများများ ကိုင်ထားရင် စလစ်ဈေးကို ကိုယ်ကြိုက်သလို ကစားလို့ လွယ်တယ်လေ ဟု ဟံသာဝတီ ကားပွဲစားတန်းမှ ကိုထွန်းက ပြောသည်။
 
 
 
ကားဈေးကွက်အတွင်း CIF ဈေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်ပေးမည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်လာပြီးသည့်   နောက်ပိုင်း ထိုကဲ့သို့ ဘ အက္ခရာ ကားများသည် ဗ စလစ်များထက် နေရာရလာသည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
 
 
 
ထို့အပြင် ထိုပြောင်းလဲမှုများကြောင့် ကားနှင့် စလစ်လိုက်လံဝယ်ယူသူများလည်း မရှိတော့ဘဲ စောင့်ကြည့်နေ ကြခြင်းကြောင့် ကားဈေးပါငြိမ်လာသည်ဟု ၀ယ်လက်များထံက သိရသည်။
 
 
 “အန်တီက အစကတော့ ကားဝယ်ဖို့လာတာပဲ။ ဒါပေမဲ့ အခု စလစ်ဈေးတွေက ဈေးတအားတက်နေတယ်။ ပြီးတော့ ကားဈေးကလည်း တက်နေတယ်။ စလစ်ဈေးကလည်း ကျမလားလို့ စောင့်နေတာ တက်ပြီးရင်း တက်နေတာ။ အခု မ၀ယ်သေးဘဲ အခြေအနေကိုပဲ စောင့်ကြည့်ရဦးမယ် ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကား လာရောက်ဝယ်ယူသူ ဒေါ်အေးကြည်က ပြောသည်။
 
 
CIF ဈေးနှုန်းပြောင်းလဲသတ်မှတ်ချက်ထွက်ပေါ်လာသည့် အချိန်တွင် အပ်နှံစာရင်းဝင်ကာ ဈေးကွက် အပြောင်းအလဲ ရှိနိုင်ကြောင်း ကားဈေးကွက်အတွင်းမှ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
 

မြတ်မိုးကျော်(မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...