ဧဒင်အချစ်ပုံပြင်:  ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူနေသည့် ဆရာတော်ဦး တိက္ခဥာဏ၏ ဆေးကုသမှုစရိတ် သုံးရက်အတွင်း ဘတ်ငွေ တစ်သန်းသုံးသောင်းလေးထောင်ကျော် ကုန်ကျ

Thursday, 20 December 2012

 ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူနေသည့် ဆရာတော်ဦး တိက္ခဥာဏ၏ ဆေးကုသမှုစရိတ် သုံးရက်အတွင်း ဘတ်ငွေ တစ်သန်းသုံးသောင်းလေးထောင်ကျော် ကုန်ကျ

ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ဆရာတော် ဦးတိက္ခဥာဏ၏ ဆေးကုသစရိတ်သည် သုံးရက်အတွင်း ထိုင်းဘတ်ငွေ တစ်သန်းသုံးသောင်းလေးထောင်ကျော် ကုန်ကျခဲ့ကြောင်း လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ  ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားသည်။
“ဆရာတော် ဦးတိက္ခဥာဏရဲ့ ဆေးကုသတဲ့ သုံးရက်အတွင်း ဆေးကုသမှု ကုန်ကျစရိတ် ဘောက်ချာနှစ်ခုပေါင်းရင် စုစုပေါင်းဘတ်ငွေ တစ်သန်းသုံးသောင်းလေးထောင်ကျော် ရှိပါတယ်” ဟု ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်သည်။
အဆိုပါ အခြေအနေသည် ဘန်ကောက်ဆေးရုံကြီး၏ ဆေးဝါးကုသစရိတ်ကြီးမြင့်မှု သို့မဟုတ်
ဆရာတော်၏ ရောဂါဝေဒနာ ဆိုးဝါးနေ၍ အသုံးပြုရသော ဆေးဝါးတန်ဖိုးကြောင့် ဆိုသည်ကိုမူ ၄င်းကမသုံးသပ်နိုင်ကြောင်း ဆရာတော်၏ အဆိုအရ သိရသည်။
“လက်ပံတောင်းတောင်အရေးမှာ ဒဏ်ရာရ သံဃာတော်တွေရဲ့ ဆေးဝါးကုသမှုဆိုင်ရာ ကုန်ကျစရိတ်တွေအားလုံးကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဦးဇင်းတို့ကို ပြောခဲ့ပါတယ်” ဟု ဆရာတော်ဦးဝိမလက မိန့်ကြားသည်။                         
ထို့ပြင် ဒဏ်ရာရသံဃာတော်များ၏ အပေါ်ယံအရေပြားဒဏ်ရာများ ပျောက်ကင်းသွားသည့်တိုင် နောက်ဆက်တွဲ ရောဂါလက္ခဏာများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအနေဖြင့် တာဝန်ယူသွားစေလိုကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။
ထိုင်းနိုင်ငံသို့ ဆေးဝါးကုသရန် ထွက်ခွာသွားသော ဆရာတော် ဦးတိက္ခဥာဏအား နိုင်ငံတော်မှ ဘတ်ငွေတစ်သန်းတိတိအား ဒီဇင်ဘာ ၁၄ရက်က ထိုင်းနိုင်ငံရှိ ဘန်ကောက်ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ထား ပြီးဖြစ်သည်။
ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် သံဃာတော်လေးပါးအနက် အရှင်သဇ္ဇန၏ မီးလောင်ဒဏ်ရာမှာ ပိုးဝင်ပြီး အနည်းငယ် အဖျားဝင်လျက်ရှိကြောင်း၊ လိုအပ်ပါကပြည်ပသို့သွားရောက် ဆေးကုသနိုင်ရန် နိုင်ငံကူးလက်မှတ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
by- news-eleven.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...