ဧဒင်အချစ်ပုံပြင်: နေပြည်တော်ကို သွားမယ်ဆိုရင် ...

Monday 7 January 2013

နေပြည်တော်ကို သွားမယ်ဆိုရင် ...

ဌာနဆိုင်ရာရုံးတွေ ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့သွားလေတော့ တကြိမ်မဟုတ်၊ တကြိမ်တော့ အစိုးရရုံးဆိုင်ရာ ကိစ္စတွေနဲ့ နေပြည်တော်ကို သွားကြရပါတယ်။

ဘာစာသားလမ်းညွှန်မှမရှိတဲ့ အပျံစားလမ်းမကြီးတခု
တချို့ကျပြန်တော့လည်း နေပြည်တော်က ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ် စတာတွေဆီ အလည်အပတ် သွားတာလည်း ရှိတာပါပဲ။
ရုံးကန္တား ကိစ္စ သွားရမယ့် တခါမှ မရောက်ဖူးသူတွေအဖို့ မြေပုံတချပ်လိုတာကိုတော့ အထွေအထူးထည့်မပြောတော့ပါဘူး။ နေပြည်တော်က ဌာနဆိုင်ရာရုံးတွေသွားရာလမ်းမှာ ဆိုင်းဘုတ်တွေ မတပ်မချိတ်ထားပါဘူး။ မြေပုံညွှန်းအတိုင်း ရမ်းသမ်းသွားရပါတယ်။


ပြဿနာက အဲ့ဒီမြေပုံထဲမှာ မြေပုံလမ်းညွှန် မမှန်ကန်တာပါပဲ။ နေပြည်တော်မှာ တချို့လမ်းတွေက ဖောက်လုပ်ဆဲ၊ ဖောက်ဖို့ ပြင်ဆင်ဆဲမို့  မြေပုံမှာ မပါသေးတာလည်း ရှိပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံတွေရဲ့ တည်နေရာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် မြေပုံကြည့်ပြီး သွားတဲ့သူအဖို့ ဒုက္ခတွေ့ရပါတော့တယ်။

ဒီလိုအပ်ချက်တွေက အခုမှ မဟုတ်။ ဟိုးလွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ဝန်းကျင်၊ နေပြည်တော်ဆီ ရုံးတွေ စရွှေ့ကတည်းက အဆင်မချောနိုင်သေးတဲ့ လိုအပ်ချက်တွေ။

မလောပါနဲ့ ခုမှလုပ်နေတာ ဖြည်းဖြည်းပေါ့လို့ ပြောကောင်းပြောကြမှာ မှန်ပေမယ့် အခုက ၅ နှစ်မကတော့ဘူး။

နေရာတော်တော်များကို ဆိုင်ကယ်နဲ့သွားကြပါတယ်။
နေပြည်တော်ဆီကို ရန်ကုန်၊ မန္တလေးစတဲ့နေရာတွေကနေ၊ အထူးသဖြင့် အစိုးရရုံးဆိုင်ရာ ကိစ္စတွေနဲ့ သွားလာနေကြရတာ။ ၀န်ကြီးဌာရုံးတွေ ဘယ်မှာရှိတယ် ဆိုတာကို ညွှန်းပြတဲ့၊ ဒါကတော့ ဘာဝန်ကြီးရုံးပါဆိုတဲ့ ဆိုင်းဘုတ်လေးတော့ လမ်းသွားလမ်းလာတွေ သိသာမြင်သာအောင် ရှိသင့်တာပေါ့။

တခြားမြို့တွေမှာလို ဒီကသွားရင် ဘယ်ရောက်လဲ၊ ဒီနေရာကို ဘယ်လိုသွားရလဲ မေးရအောင်လည်း လမ်းပေါ်မှာ လူသွားလူလာက မရှိတော့ ပိုခက်ပါရော။

ကားတစီးဆိုရင် ရပ်ပြီး လှမ်းမေးတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဌာနရုံး ဘယ်မှာလဲ တဲ့။ ကျမ မသိ။ ကျမလည်း ဧည့်သည်။ သူသည်လည်း မြေပုံတချပ်နဲ့ ရွာလည်လို့။

နေပြည်တော်စတိုင် လမ်းညွှန်ဆိုင်းဘုတ်တွေမှာတော့ နာမည်ဆန်းဆန်းတွေ တွေ့ရမှာပါ
ဒီကြားထဲ လမ်းမကြီးတွေပေါ်က လမ်းညွှန်ဆိုင်းဘုတ်တွေက လမ်းရဲ့အကျယ်အ၀န်းနဲ့ ယှဉ်ရင် သေးကွေးလွန်း၊ စာလုံးတွေကလည်း ငယ်၊ ကိုက်အကွာအဝေးကိုလည်း မဖော်ပြထား၊ ထားတဲ့နေရာကလည်း လမ်းကွေ့၊ လမ်းချိုးတွေနဲ့ နီးလွန်းတာကြောင့် ကိုယ်သွားချင်တဲ့လမ်းကို ကျော်သွားတာ ခဏခဏ ကြုံရပါတယ်။

ခြောက်လမ်းသွား လမ်းမကြီးတွေ ဖြူးနေပါရဲ့၊ ကားမောင်းလို့လည်း ကောင်းပါရဲ့။ ဒါပေမယ့် လမ်းညွှန်ဆိုင်းဘုတ်တွေက ပိစိကွေး၊ မထင်မရှားနဲ့။

ခြောက်လမ်းသွားလမ်းမကြီးနဲ့ တန်ရာတန်ရာ မြင်သာထင်သာတဲ့ လမ်းညွှန်ဆိုင်းဘုတ် ဖြစ်သင့်တယ်လို့ ထင်ပါတယ်။

မှည့်ပေးထားတဲ့ လမ်းနာမည်တွေကလည်း လျှာခလုတ်တိုက်စရာ ထွေပြားလှတဲ့နာမည်တွေ။ အဲ့ဒီလမ်းတွေနာမည် ဆိုင်းဘုတ်ကလည်း ပိစိသေးကွေးနဲ့ ရုတ်တရက် မမြင်ရ။ တခေါက်နှစ်ခေါက်နဲ့တော့ ဘယ်လိုမှ မမှတ်မိနိုင်။ ကိုယ်ကပဲ အမှတ်သညာနည်းလွန်းလှချည့်၊ မျက်စိမွဲလှချည့်လို့ ကိုယ့်ဘာသာပဲ အပြစ်တင်ရတော့မယ်။

ဆီးဂိမ်းအမီဆောက်နေတဲ့ ဟိုတယ် အဆောက်အအုံတွေကို တွေ့ရပါတယ်
ဒါတင်ဘယ်ဟုတ်အုံးမလဲ။ တလမ်းမောင်း (one way) တွေကို လမ်းညွှန်ထားတာတွေ မရှိတာကလည်း အင်မတန် ဒုက္ခပေးပါတယ်။

ဝန်ကြီးဌာန ဌာနဆိုင်ရာ ရုံးတွေရှိတဲ့လမ်းဟာ One way တလမ်းမောင်းပါ။ အဲ့ဒီလမ်းရဲ့ ပထမဆုံး ဘယ်ဖက်မှာ နိုင်ငံခြားရေးဝန်ကြီးရုံးရှိပါတယ်။ ပြီးရင်တော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲချုပ်ရုံး၊ ရဲသတင်းတပ်ဖွဲ့ရုံး စတာတွေ ရှိပါတယ်။  ရဲချုပ်ရုံးတို့ ရဲသတင်းတပ်ဖွဲ့ရုံးတို့ဘက်ကနေများ နိုင်ငံခြားရေးရုံးကို ပြန်လာရမယ် ဆိုရင် အဲ့ဒီလမ်းအတိုင်း ပြန်မောင်းလာလို့ မရပါဘူး။ သပြေကုန်းအ၀ိုင်းအထိ ပြန်ဆင်း၊ အ၀ိုင်းကိုပြန်ပတ်၊ ပြီးမှ အဲ့ဒီလမ်းမကြီးကို တခါ ပြန်ဝင်။ ဒါမှ လိုရာခရီးရောက်ပါမယ်။

တလမ်းမောင်းဆိုတာ မြင်သာအောင် ဆိုင်းဘုတ်သာ မရှိတယ် - ၀င်ပြီးခါမှ “တလမ်းမောင်း မ၀င်ရ၊ ၀င်က ဒဏ်ငွေတသောင်း” ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရတတ်တယ်။  အဲဒီလို လမ်းမှားပြီး ကံမကောင်းလို့ ယာဉ်ထိန်းရဲနဲ့တွေ့ရင် ၀ီစီတပီးပီးသံကြားရမယ် .. ရှင်းပေတော့။

ရှင်းရတာက အရေးမကြီး။ တဘက်ကလာတဲ့ ကားနဲ့များ တိုးမိတိုက်မိလို့ကတော့ ပိုဆိုးတော့ပေမပေါ့။

တစ်ချို့ကလည်း သုံးဘီးဆိုင်ကယ်လေးတွေနဲ့သွာြး
ကပါတယ်။ ဆိုင်ကယ်တက္ကစီတွေက အန္တရာယ်များလို့လို့ပြောပါတယ်။

ဒီလိုဒုက္ခတွေ မခံစားချင်ရင်တော့ ဆိုင်ကယ်တက္ကစီလေးတွေသာ စီးပေတော့။ လိုင်းကားတွေ ရှိပေမယ့် တနာရီလောက်နေမှ တစီးနှုန်းထွက်နေတော့ ခရီးပေါက်မယ် မထင်။

နေပြည်တော်မှာ ဒီလို လမ်းပျောက်လို့ ရွာလည်စရာတွေ ရှိနေပေမယ့် မြို့မဈေး ညဈေးတန်းက သိန်းတရာ မုန့်ဟင်းခါးလို၊ သပြေကုန်းဈေးကုန်းပေါ်က မောခမ်းနွံ စားသောက်ဆိုင်တွေလို ဈေးသင့်၊ စားကောင်းတာတွေလည်း ရှိပါတယ်။ မြို့မဈေးက ညဈေးတန်းလေးကတော့ ညနေခင်းရုံးပြန်တဲ့ ၀န်ထမ်းတွေအတွက် အပန်းဖြေစရာနေရာတခုလိုပေါ့။

ဒီလိုမျိုးတွေ များများ လိုပါမယ်
မကြာခင်မှာ တောင်အာရှနိုင်ငံများ အားကစားပွဲ (ဆီးဂိမ်း - SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတော့မယ်။ ဧည့်သည်တွေ အများကြီးလာမယ်။ ရန်ကုန်-နေပြည်တော် အမြန်လမ်းကို ဆီးဂိမ်း အမှီ အဆင့်မြှင့်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ဆီးဂိမ်း အတွက် နေပြည်တော်မှာ အားကစားရွာတွေ၊ တည်းခိုနားနေဖို့နေရာ စတာတွေကို ပြင်ကြဆင်ကြတဲ့အခါမှာတော့ ဒီလမ်းညွှန်တွေကိစ္စလည်း အဆင်ပြေသွားမယ်လို့တော့ မျှော်လင့်မိပါရဲ့။
ဇာနည်မာန် ~.irrawaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...