အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးမောင်မြင့် သည် ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ဝန်ကြီးရုံး
အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လူမှု ဖူလုံရေး အဖွဲ့ လူမှု ဖူလုံရေး အာမခံ
အလုပ်သမား များ၏ အချက် အလက် များအား ကွန်ပျူတာ ပရိုဂရမ်
အတွင်းသို့ ထည့်သွင်းခြင်းနှင့် လူမှု ဖူလုံရေး အာမခံ စိစစ်ရေး ကတ်ပြား
သစ်များ ထုတ်လုပ်ခြင်း သရုပ်ပြပွဲ အခမ်း အနားသို့ တက်ရောက် အမှာစကား
ပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီးက အာမခံ အလုပ်သမား များ၏ အချက် အလက်များကို ထိန်းသိမ်း နိုင်ရန်၊ အလုပ်သမား ဆေးရုံ၊ ဆေးခန်းများ အတွက် ဆေးများ ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်း များကို စနစ် တကျ လုပ်နိုင်ရန်၊ အာမခံ အလုပ်သမား လူနာများ၏ ကျန်းမာရေး မှတ်တမ်းများ ထိန်းသိမ်း နိုင်ရန်၊ လူမှု ဖူလုံရေး ရုံးရှိ ဝန်ထမ်းများ၏ ကိုယ်ရေး အချက်များ ထိန်းသိမ်း နိုင်ရန်၊ ရန်ပုံငွေ ထိန်းသိမ်းခြင်း၊ ရင်းနှီး မြှုပ်နှံခြင်း၊ သုံးစွဲခြင်း များကို စနစ်တကျ ပြုလုပ် နိုင်ရန် အတွက် Accounting Information System စသည့် Social Security Board Management System Program များကို အကောင် အထည်ဖော် ရေးဆွဲ ခဲ့ပါကြောင်း၊ ယခု Module ထဲတွင် Member Registration System သည် အရေးကြီးဆုံး ဖြစ်ပြီး လူမှု ဖူလုံရေး အာမခံ စိစစ်ရေး ကတ်ပြား များကို လက်ရှိ စက္ကူကတ်ပြား အဆင့်မှ ကွန်ပျူတာဖြင့် ဖတ်ရှု နိုင်သည့် ကတ်ပြား များအဖြစ် ပြောင်းလဲ ထုတ်လုပ် ခြင်းသည် အလွန် အဓိက ကျသည့် ကဏ္ဍတွင် ပါရှိနေ သည်ကို တွေ့ရှိရ ပါကြောင်း၊ ယခုကဲ့သို့ ကွန်ပျူတာဖြင့် ဖတ်ရှု နိုင်သည့် ကတ်ပြားများ ကိုင်တွယ် လာနိုင် ခြင်းကြောင့် မည်သည့် ဆေးရုံ၊ ဆေးခန်းတွင် မဆို သွား ရောက် ပြသပြီး မိမိ၏ အကျိုး ခံစားခွင့် များကို အလွယ်တကူ ခံစား နိုင်တော့မည် ဖြစ်ပါ ကြောင်း၊ ယခု ပြောင်းလဲ မှုသည် e - Government လုပ်ငန်း စဉ်များထဲမှ လုပ်ငန်း တစ်ရပ် ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် အငြိမ်းစား ယူလျှင် ငွေလုံးငွေရင်း မည်မျှရမည်၊ လစဉ် ပင်စင် ယူလျှင် တစ်လ မည်မျှရမည် ဆိုသည်ကို ကြည့်ရှု နိုင်သည့် အဆင့်အထိ ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်းဖြင့် ပြောကြား ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံ တစ်ဝန်းလုံး၌ ရှိသည့် ပုဂ္ဂလိက၊ သမဝါယမ၊ အစိုးရ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များမှ အာမခံ အလုပ်သမား များကိုလည်း အချက် အလက်များ ထည့် သွင်းခြင်းနှင့် အာမခံ ကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ e- Government လုပ်ငန်းများ အကောင် အထည် ဖော်သည့် နေရာ တွင် ပြုပြင် ပြောင်းလဲမှုသည် အလွန် အရေးကြီး သကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ဆောင်ရွက်သူများ အနေဖြင့် နည်းပညာ ကျွမ်းကျင်မှုသည် လည်း မဖြစ်မနေ လိုအပ်သည့် အတွက် ဝန်ကြီး ဌာနအောက်မှ ဝန်ထမ်း အားလုံးသည် မိမိကိုယ် မိမိ အရည်အချင်း ပြည့်ဝအောင် ကြိုးပမ်း ကြရန်နှင့် ပြောင်းလဲမှုကို လက်ခံ ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် Assembler Computer Co.,Ltd. မန်နေးဂျင်း ဒါရိုက်တာ ဦးအောင် စိုးမိုးက ကွန်ပျူတာ ပရိုဂရမ် များ၏ လုပ်ငန်းစဉ် အဆင့်များကို ရှင်းလင်း တင်ပြပြီး ငွေကျပ် သိန်း ၆ဝ နှင့် ကွန်ပျူတာ ၁၅ လုံးကို လည်းကောင်း၊ Trust Link Co.,Ltd. အထွေထွေ မန်နေဂျာ ဦးသန်းဦးက လေအေးစက် ရှစ်လုံးနှင့် စားပွဲများကို လည်းကောင်း ပေးအပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲ များသည် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာနမှ ဝန်ထမ်းများ၏ ကိုယ်ရေး အချက် အလက်များ ထည့်သွင်းခြင်း၊ ဓာတ်ပုံနှင့် လက်ဗွေ မှတ်တမ်း ရယူခြင်း၊ လူမှု ဖူလုံရေး အာမခံ စိစစ်ရေး ကတ်များ စမ်းသပ် ထုတ်လုပ်ခြင်း သရုပ်ပြ မှုကို ကြည့်ရှု အားပေး ခဲ့ကြ သည်။

No comments:
Post a Comment