
သေဆုံးသူအား အခန်းတွင်းမှ သယ်ထုတ်လာစဉ်
ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ ရေတာရှည်လမ်းသစ်၊ တိုက်အမှတ် (၅၁)၊ အခန်းအမှတ် 2/C တွင် ငှားရမ်း နေထိုင်နေသော ကိုရီးယား နိုင်ငံသားတစ်ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့က ယင်းအခန်းအတွင်း ကြိုးဆွဲချ အနေအထားဖြင့် သေဆုံးနေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါ ကိုရီးယား နိုင်ငံသား လုပ်ကိုင်နေသော ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးသည် ယင်းတိုက်ခန်းသို့ အဆိုပါ ည ၇ နာရီကျော်ခန့်က လာရောက်ခဲ့ရာတွင် အခန်းတွင်း၌ ယင်းကဲ့သို့ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူအား ဆေးရုံကားပေါ်သို့ တင်ဆောင်နေစဉ်
အဆိုပါ ကိုရီးယား နိုင်ငံသား၏ အမည်မှာ Lee Seungeon ဟု သိရပြီး ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလတွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်ကြောင်း ၎င်းကိုင်ဆောင်ထားသော ပတ်စ်ပို့မှ အချက်အလက်များ အရ သိရသည်။ ယင်းတိုက်ခန်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ငှားရမ်း နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခန်းတွင် ၎င်းနေထိုင်သည် ဆိုခြင်းကို မသိရှိရဘဲ ဧည့်စာရင်းလည်း တိုင်ကြားထားခြင်း မရှိကြောင်း၊ ပြောကြားချက်များအရ ယင်းကိုရီးယား လူမျိုးမှာ အခင်းမဖြစ်မီ တစ်ရက်အလိုကမှ ကိုရီးယား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ကိုရီးယားနှင့် မြန်မာနိုင်ငံသို့ သွားလိုက် ပြန်လိုက် လုပ်နေသည်ဟု သိရကြောင်း အဆိုပါ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးလှအောင်က ပြောသည်။

အခင်းဖြစ် တိုက်ခန်းအား တွေ့ရစဉ်
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှအောင်က “သူက နံရံမှာ အိမ်ရိုက်သံ တစ်ချောင်းရိုက်ထားပြီး အဲဒီမှာ ပိုးကြိုးလေး ချည်ပြီးတော့ ခါးပတ်နဲ့ ချိတ်ပြီး မတ်တပ် အနေအထားနဲ့ နံရံဘက်ကို မျက်နှာမူပြီး သေနေတာ။ အဲဒါနဲ့ မှုခင်းဆရာဝန်ကြီးနဲ့ တရားသူကြီးတွေကို ခေါ်ပြီး သူတို့ သေချာကြည့်ပြီး တော့မှ ကြိုးဖြုတ်ပြီး ဆေးရုံပို့ လိုက်တယ်။ သူနေတာ ကျွန်တော် မသိဘူး။ ဒီညမှ သိတာ” ဟု ရှင်းပြခဲ့သည်။
ဖြစ်စဉ်အပေါ် ဗဟန်းရဲစခန်းမှ ရဲမှူးအား မေးမြန်းခဲ့ရာတွင် ခွင့်ပြုချက် တောင်းပြီးမှသာ ဖြေဆိုခွင့်ရမည် ဖြစ်သဖြင့် ပြန်လည် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။
by- .news-eleven.
No comments:
Post a Comment