
"ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။
အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။
လှည်းတန်းခုံးကျော်တံတားသည် တန် ၆၀ အထိ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီး လေးလမ်းသွားဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား လေးလအတွင်းအပြီး ဆောက်လုပ်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကုန်ပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း ဦးဆုံးတည်ဆောက်မှုအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့သည်။
ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသော ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများကိုလည်း လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်။
လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။
Ref:Eleven Media Group
No comments:
Post a Comment