ဧဒင်အချစ်ပုံပြင်: တရားထိုင်သူကို နတ်ကွန်းမှဓားဖြင့် ထောက်၍ နားကပ်လု

Thursday 16 May 2013

တရားထိုင်သူကို နတ်ကွန်းမှဓားဖြင့် ထောက်၍ နားကပ်လု

သာကေတ မြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ မြစေတီဘုရား လိုဏ်ဂူ အတွင်း မေလ ၁၃ ရက် နံနက် ၈ နာရီခန့်က တရားထိုင် နေသည့် ၈၁ နှစ်အရွယ် အမျိုးသမီး ကြီးကို လူငယ်နှစ်ဦးက နတ်ကွန်း အနီးတွင် စွန့်ပစ်ထားသည့် ဓားဖြင့် ထောက်ကာ နားကပ် ချွတ်ယူသော လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
လူငယ်နှစ်ဦး အနက် အသက် ၁၉ နှစ် အရွယ်ရှိ မြင့်သန်း ဆိုသူက ဘုန်းကြီးကျောင်း အနီး နတ်ရုပ်များတွင် စွန့်ပစ်ထားသည့် နေရာမှ အရှည် ၁၄ လက်မရှိ ဓားကို ယူဆောင် လာပြီး အမျိုးသမီး
ကြီးကို ဓားဖြင့် ထောက်ကာ ဝတ်ဆင် ထားသည့် နားကပ်ကို ယူနေစဉ် အသက် ၁၇ နှစ်အရွယ် နိုင်လင်းထက် ဆိုသူက လူသွားလူလာကို စောင့်ကြည့် ပေးခဲ့ပြီး အသင့်ပါလာသည့် စက်ဘီးဖြင့် ထွက်ပြေးခဲ့ သည်ဟု လုယက်ခံရသူ အဘွားအို၏ ပြောကြားချက်ကို ကိုးကား၍ ဒေါပုံမြို့နယ် ရဲစခန်းထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"နားကပ် ချွတ်နေတာ လက်တုန်နေတော့ အဘွားကြီး ကြောက်လို့ တုန်နေတာလား ဆိုပြီး မောင်မြင့်သန်းက ကိုယ်တိုင် ဖြုတ်ယူခဲ့တာ" ဟု တရားလို အဘွားအို၏ တိုင်ကြားချက်ကို ကိုးကား၍ အဆိုပါ ရဲစခန်း မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြန်လည် ပြောကြားသည်။ ဓားထောက်၍ ပြစ်မှု ကျူးလွန်ခဲ့သူ ဟုဆိုသူ အသက် ၁၉ နှစ်အရွယ် မောင်မြင့်သန်းသည် သင်္ဘောကျင်း ရပ်ကွက် မြို့ပတ်လမ်း (ကျူးကျော်) တွင် နေထိုင်သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် မောင်နိုင်လင်းထက်သည် ယမုံနာ (၁) ရပ်ကွက် သီတာ (၂ ) လမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း ၄င်းတို့ နေထိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက The Voice ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
ဓားထောက် လုယက်သည်ဟု သံသယ ရှိသူ လူငယ်နှစ်ဦးကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ (၂) ၊ အရှေ့ပိုင်းခရိုင်မှ ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ များနှင့် ပူးပေါင်းကာ ချက်ချင်း ဖော်ထုတ် ခဲ့သောကြောင့် မှုခင်း ဖြစ်ပွားပြီး ငါးနာရီ အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါ လူငယ်နှစ်ဦးကို (ပ) ၁၆၇/ ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး စစ်ဆေး ပေါ်ပေါက်ချက်ပေါ် မူတည်၍ ပုဒ်မ ပြောင်းလဲ အမှုဖွင့်နိုင်ကြောင်း အဆိုပါရဲ စခန်းထံမှ စုံစမ်းသိရှိရသည်။
yoyarlay.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...