ဧဒင်အချစ်ပုံပြင်: ပုသိမ်ခရီးသည် ကားပေါ်မှာ ကလေးမွေး

Tuesday 18 June 2013

ပုသိမ်ခရီးသည် ကားပေါ်မှာ ကလေးမွေး

Photo: ပုသိမ်ခရီးသည် ကားပေါ်မှာ ကလေးမွေး
Tuesday, June 18, 2013

မောင်းနေတဲ့ဘတ်စ်ကားပေါ်မှာ ကလေးမီးဖွားတဲ့အဖြစ်အပျက်တခု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ယမန်နေ့က (တနင်္လာနေ့က) ထူးထူးခြားခြား ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တဦးဖြစ်တဲ့ မကေသွယ်အောင်ဟာ မနေ့က မနက်ပိုင်းမှာ ရွှေမင်းသားခရီးသည်တင် ဘတ်စ်ကားနဲ့ ငွေဆောင်ကမ်းခြေကနေ ပုသိမ်ကို ခရီးထွက်လာခဲ့တာပါ။

ပုသိမ်ကနေ ၁၀ မိုင်ခန့်ဝေးတဲ့ ပုသိမ်- ငွေဆောင်ကားလမ်းပေါ်က သလပ်ခွာကျေးရွာနား အရောက်မှာ စတင်ပြီး ဗိုက်နာလာပါတော့တယ်လို့ မကေသွယ်အောင်က ပြောပြပါတယ်။

“သလပ်ခွာရွာအထွက်နားမှာ ဗိုက်က တအားနာလာတာ။ ကိုယ့်စိတ်ထဲမှာတော့ မွေးဖို့ လမစေ့သေးတော့ မွေးမယ်လို့ မထင်ထားဘူး။
ဗြုန်းစားကြီးထပြီး ဗိုက်နာတော့ ကားသမားကို ပြောပြတယ်လေ။ ကားသမားကလည်း တော်ပါတယ်။ ဘာကူညီပေးရမလဲမေးတယ်။ .... ကားသမားအစ်ကိုက ဆေးရုံကို တခါတည်းလိုက်ပို့ပေးမယ်ဆိုပြီး ပြောတယ်။
ဒါပေမယ့် ဆေးရုံတောင် မသွားလိုက်ရဘူး။ လမ်းမှာ မောင်းနေရင်းပဲ ကားပေါ်မှာတင် မွေးသွားတာ” လို့ ထူးထူးခြားခြား ကားပေါ်မှာ ကလေးမီးဖွားခဲ့သူ မကေသွယ်အောင်က ဧရာဝတီကို ပြောပါတယ်။

မကေသွယ်အောင်ရဲ့ခင်ပွန်းဖြစ်သူ ကိုဖိုးသေးက ငွေဆောင်ကမ်းခြေ ဘူးကွဲကျေးရွာမှာ ဆီးဂိမ်းရွက်လှေပြိုင်ပွဲ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသူပါ။
သူက ခင်ပွန်းသည်နဲ့အတူ ငွေဆောင်မှာလိုက်နေရင်းကနေ ဇာတိရွာဖြစ်တဲ့ ငပုတောမြို့နယ် အထက်ပြွန်ကျေးရွာကို အလည်ခဏပြန်လာတာပါ။

အခုတော့ အလည်ပြန်တဲ့ခရီးမှာပဲ မထင်မှတ်ဘဲ ကားပေါ်မှာတင် ကလေးမီးဖွားသွားတဲ့ အဖြစ်အပျက်ကို ကြုံရတာပါပဲ။
ထူးထူးခြားခြား အဖြစ်အပျက်နဲ့ ရရှိခဲ့တဲ့ ကလေးလေးကတော့ မိန်းကလေးပါ။ တနင်္လာသမီးလေးပေါ့။ မွေးချိန်ကတော့ မနက် ၁၀ နာရီ ၀န်းကျင်ခန့် ဖြစ်ပါတယ် တဲ့။

မကေသွယ်အောင်နဲ့ တရွာတည်းသားတွေဖြစ်တဲ့ ဒေါ်ခင်ရွှေကလည်း သူ မြင်တွေ့တာကို အခုလို ပြောပြပါတယ်။

“ကျမတို့က မကေသွယ်အောင်နဲ့ အတူတူခရီးထွက်လာတာလေ။ အထက်ပြွန်ရွာကို အတူတူ အလည်ပြန်ကြတာပေါ့။
အခုကျ ကားပေါ်မှာ ရုတ်တရက်ကြီးဖြစ်လာတော့ သူ့ကို တအား စိုးရိမ်တာပေါ့နော်။ အခုလိုအလွယ်တကူနဲ့ အဆင်ပြေပြေမွေးသွားတော့ ၀မ်းသာပါတယ်။
ကလေးချက်ကြိုးကိုတော့ အပ်ချည်ကြိုးလေးနဲ့ချည်ပြီး ဘလိတ်ဓားနဲ့ပဲ ဖြတ်ပေးလိုက်တယ်။ ကလေးလေးက ချစ်စရာလေ။
အမေရော သမီးရော ကျန်းမာရေး ကောင်းကြတယ်”

မကေသွယ်အောင်မှာ အခုမွေးဖွားခဲ့တဲ့ ကလေးအပါအ၀င် သားသမီး ၃ ဦး ရှိပါတယ်။
ပထမ ကလေး ၂ ဦးတုန်းက ပထမတဦးကို ညှပ်နဲ့ဆွဲထုတ်ခဲ့ရပြီး ဒုတိယတဦးကိုတော့ မမွေးနိုင်လို့ ဗိုက်ခွဲပြီး ခက်ခက်ခဲခဲမွေးခဲ့ရကြောင်း သိရပါတယ်။
အခု တတိယမြောက် ရင်သွေးလေးကျမှပဲ မောင်းနေတဲ့ကားပေါ်မှာ အလွယ်တကူ မွေးဖွားနိုင်ခဲ့တာပါ။

ကားသမား ကိုကျော်ဇင်လတ်ကလည်း သူကြုံတွေ့ရတာကို အခုလို ပြောပြပါတယ်။

“ကျနော့် ကားမောင်းသက်တမ်း ၁၅ နှစ်ရှိပါပြီ။ ဒါမျိုး အဖြစ်အပျက် တခါမှ မကြုံဖူးခဲ့ဘူး။ သူက သလပ်ခွာအကျော်မှာ ဗိုက်နာတယ်ဆိုတော့ ကားရပ်ပေးလိုက်တယ်။
သူက ၈ လပိုင်းကျော်မှ မွေးမယ်လို့ ဆရာဝန်ကပြောထားတယ်လို့ ပြောတယ်။ အဲဒါနဲ့ ဖြည်းဖြည်းမောင်းရင်းကနေ ပုသိမ်ကမ်းနားလမ်းက ငွေဆောင်ကားဂိတ်နားလည်းရောက်ရော ခေါင်းထွက်လာပြီဆိုပြီး ၀ိုင်းအော်ကြတယ်။
ပြီးတော့မွေးသွားတော့တာပဲ။ တကယ့်ကို ရှောရှောရှူရှူပဲဗျ။ ကလေးလေးက မွေးလာတာနဲ့ အုန်းခနဲ ထငိုတော့တာ” လို့ ကားသမား ကိုကျော်ဇင်လတ်က ပြောပါတယ်။

အခုလို ကားပေါ်မှာ ထူးထူးခြားခြား ကလေးမွေးဖွားတဲ့အတွက် ရွှေမင်းသား ယာဉ်လိုင်းပိုင်ရှင်က ၀မ်းသာနေပြီး ကလေးမိခင် မကေသွယ်အောင်ကို ဆေးခန်းပြပေးတာ၊ လိုအပ်တဲ့ငွေကြေး၊ အစားအသောက်၊ အ၀တ်အထည်တွေ ထောက်ပံ့ပေးတာမျိုးတွေ လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

ကျနော်တို့သတင်းထောက်တွေ ကလေးမီးဖွားခဲ့တဲ့ကားကို လှည့်ပတ်ပြီး ဓာတ်ပုံရိုက်နေတုန်း ကားပိုင်ရှင်အမျိုးသမီးကြီးက သူ့ကားပေါ်မှာ မွေးလာတဲ့ကလေးမလေးကို ယုယုယယနဲ့ ချီပွေ့ထားပြီး ပါးစပ်ကလည်း “ရွှေစင်လတ်” ဆိုတဲ့ (သူမကိုယ်တိုင် ရွေးချယ်ထားတာ ဖြစ်ဟန်တူတဲ့) နာမည်လေးကို တဖွဖွခေါ်နေတာ တွေ့မြင်ခဲ့ရကြောင်းပါ….

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...