ဧဒင်အချစ်ပုံပြင်: မလေးရှားမှ ပြန်လာသူများကို ဝန်ထမ်းများ ငွေမတောင်းဟု ရှင်းလင်း

Sunday 16 June 2013

မလေးရှားမှ ပြန်လာသူများကို ဝန်ထမ်းများ ငွေမတောင်းဟု ရှင်းလင်း


မြန်မာများ အကြမ်းဖက်ခံနေရသည့် ဖြစ်ရပ်များကြောင့် မလေးရှားမှ ပြန်လာသူ တစ်ဦးကို လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများက ငွေတစ်သိန်း ကောက်ခံသည်ဆိုသည့် သတင်းသည် ကောလာဟလသာဖြစ်ပြီး မဟုတ်မှန်ကြောင်း လဝက၏ ရေဆိပ် လေဆိပ်ဌာန တာဝန်ခံ ဒုညွှန်မှူး ဦးကျော်မြင့်က ဇွန် ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ရှင်းလင်းခြင်းဖြစ်ပြီး သူက ''ကျွန်တော်တို့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဒီလို ငွေကြေးရယူမှုတွေ လုပ်ခဲ့မယ်ဆိုရင် အချိန်၊ နေရာနဲ့ ငွေယူသူရဲ့ နာမည်အတိအကျသာ ပြောပါ။ ကျွန်တော်တို့ ချက်ချင်းအရေးယူသွားမှာပါ'' ဟု ပြောသည်။

မလေးရှားမှ ပြန်လာသည့် မလှလှဝင်း ဆိုသူအမျိုးသမီးတစ်ဦးထံမှ လိုင်းဝင်ကြေးဟုခေါ်ဆိုသည့် တရားမဝင်
ငွေကြေး ကျပ်တစ်သိန်းကို လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက တောင်းခံကြောင်း ဇွန် ၁၄ ရက်ထုတ် The First Weekly ဂျာနယ်တွင်ဖော်ပြလိုက် ခြင်းကြောင့် ထိုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။

ထိုသို့ သတင်းဖော်ပြပြီးနောက် မလှလှဝင်းထံ လူဝင်မှုကြီးကြပ်ရေးဌာနက စုံစမ်းရာသူ၏ မောင်ဖြစ်သူက လိုင်းဝင်ကြေးပေးရန်အဖြစ် လိမ်လည်ပြောကြားပြီး ငွေတောင်းခံခြင်းသာဖြစ်ပြီး သတင်းဂျာနယ်ကို ကနဦး
ပြောကြားစဉ်က သူနားလည်ထားသည်မှာ မမှန်ကန်ကြောင်း ရှင်းပြသည်ဟု ဒုညွှန်မှူး ဦးကျော်မြင့်က သတင်းထောက်များကို ပြန်လည်ပြောကြားသည်။

မလှလှဝင်း၏ မောင်ဖြစ်သူမှာလည်း လက်ရှိတွင် ရှောင်တိမ်းနေပြီး လဝကဌာန အနေဖြင့်မူ သူ့ကို တရားစွဲဆို ထားခြင်း မရှိဟုလည်း ဦးကျော်မြင့်ကဆိုသည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထိုသတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေပြီး ဝန်ထမ်းများက ငွေကြေးယူသည်မှန်လျှင် ထိရောက်စွာ အရေးယူမည်ဟုရေးသားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...