ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ကန်သာယာ ပန်းခြံအား ပင်လယ်တု အပန်းဖြေစခန်း၊ ရေလွှာကစားနည်းများ၊
ရေပန်းများ ပါဝင်သော အကြောင်းအရာ တစ်ခုအပေါ်တွင် အခြေခံသည့်
ဖျော်ဖြေရေးဥယျာဉ် (Theme Park) အဖြစ် ပြုလုပ်သွားရန် လျာထားသည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယင်းသို့ ကန်သာယာ ပန်းခြံအတွင်း ပင်လယ်တု အပန်းဖြေစခန်း၊ ရေလွှာကစားနည်းများကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြုလုပ်ရန် လျာထားပြီး ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြထားသည်ဟု သိရသည်။
ကန်သာယာ ပန်းခြံသည် မြေနေရာ ကျယ်ဝန်းသော ပန်းခြံတစ်ခု ဖြစ်ခြင်းကြောင့် ပင်လယ်တု အပန်းဖြေစခန်းများ ထည့်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထည့်သွင်းဖြစ်ပါက မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ကန်သာယာ ပန်းခြံသည် သစ်ပင်ပန်းမန်များ စိမ်းလန်းစွာ ရှိနေသည့် ပန်းခြံဝင်ကြေး ကောက်ခံသည့် ပန်းခြံတစ်ခုဖြစ်ကြောင်း၊ ပင်လယ်တု အပန်းဖြေစခန်းများ ပြုလုပ်ရန် စီစဉ်ခြင်းကြောင့် သစ်ပင်ပန်းမန် စိမ်းလန်းမြေ ဧရိယာများ လျော့နည်းမသွားစေရန် ထိန်းသိမ်းမည်ဟု သိရသည်။
ရန်ကုန်မြို့တော်တွင် အပန်းဖြေဥယျာဉ် အပါအ၀င် ပန်းခြံအရေအတွက် ၅၈ ခုရှိပြီး အများပြည်သူ အနားယူ အပန်းဖြေနိုင်သော ပန်းခြံအရေအတွက်မှာမူ နည်းပါးနေကာ လက်ရှိရေလွှာ ကစားနည်းများနှင့် အခြားကစားနည်းစုံရှိသော ပန်းခြံများမှာ ပြည်သူ့ရင်ပြင်၊ မြကျွန်းသာနှင့် ရှုခင်းသာ စသည့်နေရာများသာရှိကြောင်း၊ ရှုခင်းသာပန်းခြံမှာလည်း လက်ရှိပြုပြင်မှုများ ပြုလုပ်နေ၍ ခေတ္တပိတ်ထားကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment