ဧဒင်အချစ်ပုံပြင်: အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ် ၆၁ မျိုး ဒီဇိုင်းပြောင်း ပုံနှိပ်မည်

Monday 26 August 2013

အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ် ၆၁ မျိုး ဒီဇိုင်းပြောင်း ပုံနှိပ်မည်

Photo: အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်းစာအုပ် ၆၁ မျိုး ဒီဇိုင်းပြောင်း ပုံနှိပ်မည်

ရန်ကုန်၊ သြဂုတ် ၂၅

စာရွက်အရည်အသွေးပိုင်း အားနည်းချက်ကြောင့် ကျောင်းသား၊ ကျောင်းသူ များ ကိုင်ဆောင်ရန် အခက်အခဲ ဖြစ်နေသော အလယ်တန်းနှင့် အထက်တန်း ပြဋ္ဌာန်း စာအုပ်များကို လာမည့်ပညာသင်နှစ်မှ စတင်ကာ ပုံစံပြောင်းလဲထုတ်ရန် လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီး ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များကို ယင်းပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ပါက နိုင်ငံခြား စက္ကူသားများနှင့် အရွယ်အစား တစ်မျိုးတည်း ပြောင်းလဲရိုက် ထုတ်ရန်၊ စာသားနှင့်ပုံများကို အဖြူ၊ အမည်းဖြင့် ရိုက်နှိပ်ရန်နှင့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို မပြင်ဆင်ရန် ပြောကြားထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

အစိုးရ၏ ပြဋ္ဌာန်း စာရွက်သားများသည် မူလတန်းကျောင်းသား ကျောင်းသူများ အတွက် ဆွဲဆောင်မှု နည်းပါးကြောင်း၊ စက္ကူသားများကလည်း ရေစိုမခံသည့်အတွက် ကိုင်ဆောင်ရခက်ခဲပြီး အပိုပြဋ္ဌာန်း စာအုပ် ထပ်မံကိုင်ဆောင်ရသောကြောင့် ကုန်ကျစရိတ် ပိုများကြောင်း ကျောင်းသားမိဘ အသိုင်းအဝိုင်းထံမှ သိရသည်။ 

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် ဇူလိုင်လတွင် ပြဋ္ဌာန်း စာအုပ်များ ရိုက်နှိပ်ရန် ပုံနှိပ်လုပ်ငန်းရှင်များကို ခေါ်ယူခဲ့ပြီး လုပ်ငန်းရှင် ၂၈ ဦး လာရောက် လျှောက်ထားခဲ့ရာ ယခုလကုန်တွင် ရွေးချယ်မည့် လုပ်ငန်းရှင်များကို ကြေညာသွားဖွယ် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ 

“လာလျှောက်တဲ့ သူတွေထဲက လေးပုံသုံးပုံက ရန်ကုန်ကပဲ။ ကျန်တဲ့သူတွေကတော့ မန္တလေးဘက်ကပါ။ ဘယ်နှဦးရွေးမလဲ ဆိုတာကတော့ အခုထိမသိသေးဘူး” ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ယင်းပုံနှိပ်လုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသူ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်ရာတွင် မူလတန်းအဆင့် ပြဋ္ဌာန်းစာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အလယ်တန်းနှင့် အထက်တန်းအဆင့် အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲအပ်လုပ်ကိုင်ခွင့် ပြုထားသည်။

ပညာရေးဝန်ကြီးဌာနသည် နှစ်စဉ် ပြဋ္ဌာန်းစာအုပ် သန်းလေးရာ ပုံနှိပ်ထုတ်လုပ်ခဲ့သည့်အတွက် ကုန်ကျစရိတ်များ ပိုမိုများပြားခဲ့ရာ သုံးနှစ်အသုံးပြုနိုင်မည့် ပြဋ္ဌာန်းစာအုပ်များ ရိုက်နိုင်မည် ဆိုပါက ကုန်ကျစရိတ် ပိုသက်သာနိုင်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးသုံးသပ်ချက်အဖွဲ့က ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် အကြံပြု ပြောကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...