ဧဒင်အချစ်ပုံပြင်: အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု၌ အသက်ပေးခဲ့ရသူ သတင်းထောက် ဦးတင်ကြိုင်

Monday 7 October 2013

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု၌ အသက်ပေးခဲ့ရသူ သတင်းထောက် ဦးတင်ကြိုင်

Photo: အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု၌ အသက်ပေးခဲ့ရသူ သတင်းထောက် ဦးတင်ကြိုင်

Written by တင်နိုင်တိုး 

၉ အောက်တိုဘာ ၁၉၈၃ နံနက် ၁၀ နာရီ ၂၅မိနစ်ခန့်တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်က ၉ အောက်တိုဘာ ၂၀၁၃ တွင် အနှစ်(၃၀) တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။

တောင်ကိုရီးယား သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်

တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝှမ်နှင့်အဖွဲ့ အာဇာနည် ခေါင်းဆောင်ကြီး များ၏ အုတ်ဂူသို့ လွမ်းသူ့ပန်းခွေချရန် လာရောက်စဉ် မစ္စတာချန်ဒူးဝှမ်နှင့် အဖွဲ့ အာဇာနည်ကုန်းသို့ မရောက်မီ ယင်းသို့ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၉ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို သိလျှင်သိချင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် အစိုးရ ဧည့်ဂေဟာသို့ သွားရောက်ကာ သမ္မတကြီး ချန်ဒူးဝှမ်အား အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ပြန်လည်ထွက်ခွာ

ဗုံးပေါက်ကွဲမှုနှင့် ကြုံတွေ့ရပြီးနောက် ဧည့်သည်တော် တောင်ကိုရီးယား သမ္မတကြီး မစ္စတာချန်ဒူးဝှမ်နှင့် အဖွဲ့သည် မူလခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီးနောက် ယင်းနေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားပါသည်။ ဧည့်သည်တော် သမ္မတကြီး မစ္စတာချန်ဒူးဝှမ်နှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့အား နိုင်ငံတော် သမ္မတကြီး ဦးစန်းယုနှင့်ဇနီး၊ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးအေးကိုနှင့်ဇနီး၊ နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်နှင့်ဇနီး၊ ၀န်ကြီးချုပ် ဦးမောင်မောင်ခနှင့် နိုင်ငံခြားရေး ၀န်ကြီးဦးချစ်လှိုင် စသူတို့က မင်္ဂလာဒုံ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက် ခဲ့ကြသည်။

အသက်ဆုံးရှုံးခဲ့ ကြရသူများ

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား နိုင်ငံမှ ဒုတိယ၀န်ကြီးချုပ်နှင့် စီးပွားရေး စီမံကိန်း အဖွဲ့ရေးရာဝန် ကြီး မစ္စတာဆောဆော့ခ်ဂျွန်း၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလီဘမ်ဆော့ခ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုရေးရာဝန်ကြီး မစ္စတာကင်ဒုံဝှီး၊ စွမ်းအင်နှင့် သယံဇာတပစ္စည်း ရေးရာဝန်ကြီး မစ္စတာဆောဆန်ချားလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီကေချူးတို့ အပါအ၀င် ၁၆ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရရှိ ခဲ့ကြသည်။

မြန်မာဘက်မှ အသက်ဆုံးရှုံး ကြရသူများမှာ သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း ဗိုလ်တထောင် သတင်းစာတိုက်မှ အကြီးတန်း သတင်းထောက် ဦးတင်ကြိုင်၊ ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းမှူး ဦးအုန်းကျော်နှင့် ထုတ်လုပ်ရေး အဖွဲ့သား ဦးအောင်နိုင်တို့ ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများ

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကျော်မြင့်၊ ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းမောင်နှင့် အခြား ၃၁ ဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် နိုင်ငံတော် သမ္မတဦးစန်းယုနှင့်အတူ ဧည့်သည်တော် သမ္မတကြီးအား အစိုးရ ဧည့်ဂေဟာတွင် သွားရောက် ၀မ်းနည်းစကား ပြောကြားခဲ့ပြီးနောက် တပ်မတော် အမှတ်(၂)ဆေးရုံကြီးသို့ သွားရောက်ကာ ထိခိုက်ဒဏ်ရာ ရရှိသူများကို အားပေးစကား ပြောကြားခဲ့သည်။

သတင်းထုတ်ပြန်ချက်

(၉-၁၀-၁၉၈၃) ရက်စွဲဖြင့်ပင် နိုင်ငံတော် သမ္မတကြီး ဦးစန်းယု လက်မှတ်ဖြင့် သတင်းထုတ်ပြန် ကြေညာရာ၌ ကိုရီးယား သမ္မတနိုင်ငံမှ ချစ်ကြည်ရေးခရီး လာရောက် နေစဉ်အတွင်း သူရဲဘော ကြောင်စွာဖြင့် အကြမ်းဖက် ဆောင်ရွက်ခဲ့သည့် အပြုအမူကြောင့် အသက်ဆုံးရှုံး ခဲ့ရသော ကိုရီးယားသမ္မတ နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ဝင်များ အတွက် အထူးကြေကွဲ ၀မ်းနည်းပါကြောင်း ဖော်ပြပါရှိခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် အစိုးရရုံးများ၊ စက်ရုံ အလုပ်ရုံ တိုက်တာများ၌ ၀မ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်ဝက် လွှင့်တင်ကြရန် ကိုလည်း ၀န်ကြီးချုပ်ရုံးမှ ကြေညာခဲ့သည်။

ဖမ်းဆီးရမိ

၁၀ အောက်တိုဘာ ၁၉၈၃ ည ၉ နာရီခွဲတွင် တာဝန်သိ လုပ်သားပြည်သူများ၏ သတင်းပေးမှုကြောင့် ပုဇွန်တောင် ချောင်းအတွင်း ရေလယ်တွင် ခေါင်းဖော်၍ ကူးခတ်လာစဉ် ၀ိုင်းဝန်းဖမ်းဆီးကြရာ အနီးရောက်မှ လက်ထဲတွင် ကိုင်ထားသည့် လက်ပစ်ဗုံးဖြင့်ပစ်ရန် ကြိုးစားရင်း ပေါက်ကွဲသွားသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကောမှူးမြို့နယ် သခွပ်ပင် ကျေးရွာမှ တာဝန်သိ ပြည်သူတို့၏ သတင်းပေးချက်အရ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင် လေးဦးက စစ်ဆေးရန် ခေါ်ယူလာစဉ် တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပြန်လည်ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးကို အသေဖမ်းမိခဲ့သည်။

အောက်တိုဘာလ ၁၂ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် တပ်မတော်သားများနှင့် ပြည်သူများက ထွက်ပြေး လွတ်မြောက်သွားသော တရားခံအား ကော့မှူးမြို့နယ် ကွင်းဝိုင်းရွာ မြောက်ဘက်တွင် ဖမ်းဆီးရမိခဲ့သည်။ အရှင်ဖမ်းဆီးရန် ကြိုးပမ်းစဉ် လက်ပစ်ဗုံး ချခွဲလိုက်သဖြင့် တရားခံ၏ လက်နှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာအကြီးအကျယ် ရရှိသွားကာ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ

မြန်မာမြေပေါ်၌ ဖြစ်ပွားခဲ့သည့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့၏ ပဋိပက္ခ ပြဿနာကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံး ခဲ့ရရာတွင် သတင်းထောက် ဦးတင်ကြိုင်လည်း ပါဝင်ခဲ့သည်။ သမ္မတကြီး ချန်ဒူးဝှမ်နှင့် ဦးစန်းယုတို့ အာဇာနည်ကုန်းသို့ မရောက်ရှိမီ ၅ မိနစ် အလိုတွင် မျက်နှာကျက်ပေါ်၌ ကြိုတင် ထည့်ထားသည့် အဝေးထိန်းစနစ်သုံးဗုံး ပေါက်ကွဲခဲ့သည်။ တရားခံ သုံးဦးမှာ မြောက်ကိုရီးယား အထူးလေ့ကျင့်ရေး တပ်ဖွဲ့မှ ဗိုလ်မှူးဇင်မို၊ ဗိုလ်ကြီး ကင်မင်ချူးနှင့် ဆင်ကီချူးတို့ ဖြစ်ကြသည်။

အကြီးတန်း သတင်းထောက် ဦးတင်ကြိုင်

၉ အောက်တိုဘာ ၁၉၈၃ နံနက်ပိုင်းတွင် အာဇာနည်ကုန်း၌ ဗုံးပေါက်ကွဲစဉ် ဗိုလ်တထောင် သတင်းစာ အကြီးတန်း သတင်းထောက်ဦးတင်ကြိုင်မှာ တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့သည်။ ဦးတင်ကြိုင်သည် စာပေလုပ်သား အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး အဖွဲ့ဝင် အမှတ်မှာ (၃၄၆၄) ဖြစ်ပါသည်။

ဦးတင်ကြိုင်ကို ၁၂ အောက်တိုဘာ ၁၉၄၀ တွင် အဖဦးသာဒွန်းအောင်၊ အမိ ဒေါ်ညွန့်ရီတို့က ကျိုက်လတ်မြို့၌ ဖွားမြင်ခဲ့သည်။ ဦးတင်ကြိုင်သည် လုပ်သားပြည်သူ့ နေ့စဉ်(အင်္ဂလိပ်) သတင်းစာ၊ ဗိုလ်တထောင် သတင်းစာတို့တွင် အကြီးတန်း သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ကွယ်လွန်စဉ် ဇနီး ဒေါ်ရီရီနှင့် သားသမီးငါးဦး ကျန်ရစ်ခဲ့သည်။

ဘ၀နိဂုံး

အာဇာနည်ကုန်း ဗုံးပေါက်ကွဲစဉ် သတင်းထောက် ဦးတင်ကြိုင်မှာ ရင်ဘတ်နှင့် မျက်နှာတွင် ဗုံးဆန်အချို့ ထိမှန်ခဲ့သည်။ ကြေးမုံသတင်းစာမှ အယ်ဒီတာ ဦးကိုကိုကြီးက ကံကောင်းထောက်မ၍ လွတ်မြောက် သွားခဲ့သည် ဆိုသည်။ သူကဦးတင်ကြိုင်ကို ရန်ကုန်ဆေးရုံကြီးသို့ အမြန်သယ်ပို့ ပေးရာတွင် ကူညီခဲ့သည်။ ဦးတင်ကြိုင်သည် ကားပေါ်မှ ရွှေတိဂုံ စေတီတော်အား လက်အုပ်ချီလျက် ကန်တော့ သွားသေးကြောင်း ၀မ်းနည်းကြေကွဲဖွယ် ကြားသိရပါသည်။ ဆေးရုံအရောက်တွင် ဦးတင်ကြိုင် ကွယ်လွန်သွားပါသည်။

ကျန်ရစ်သူ ဇနီး၏ ပြောပြချက်

ထိုနေ့က အဖြစ်အပျက်ကို ကျန်ရစ်သူ ဇနီးဒေါ်ရီရီက ''အဲဒီနေ့က ကိုတင်ကြိုင် မနက် ၈ နာရီလောက် အိမ်က ထွက်သွားတယ်။ အာဇာနည်ကုန်းမှာ အဆိုင်းမင့် ရှိတယ်လို့ ပြောသွားတယ်။ အဲဒီကပြီးရင် ရွှေတိဂုံဘုရားကို ဆက်သွားရမယ် ပြောတယ်။ အာဇာနည်ကုန်း ဗုံးခွဲခံရတော့ ပြန်လာတဲ့ သူတွေက ဗုံးပေါက်တဲ့အကြောင်း ပြောကြတယ်။ ကိုတင်ကြိုင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့ ဆိုကြတယ်။ ကိုတင်ကြိုင်ကို ဆေးရုံကို ခေါ်သွားကြတော့ သူ့အတွက် ဘာမှမပူဖို့ ပြောသွားသေးတယ်တဲ့။ အဲဒီနေ့က သူအလုပ်သွားခါနီး သားသမီးတွေကို နှုတ်ဆက် သွားသေးတယ်။ သူဆုံးသွားပြီ ဆိုတော့ တပ်မတော် စစ်ဆေးရုံမှာ ထားတယ်။ နောက်တစ်နေ့မှ ခဏသွားကြည့်ခွင့် ရတယ်။ နောက်နိုင်ငံတော် ဈာပနအနေနဲ့ ကျင်းပပေးပါတယ်'' ဟု ပြန်လည် ပြောပြခဲ့သည်။

ယခုအခါ အသက် ၇၀ အရွယ် ရှိပြီဖြစ်သော ကြီးကြီးဒေါ်ရီရီသည် ထိုစဉ်က ဗဟန်းအမက(၁၇)တွင် ကျောင်းအုပ် ဆရာမကြီးအဖြစ် အမှုထမ်းနေချိန် ဖြစ်ပါသည်။ အာဇာနည်ဗိမာန်တွင် ဗုံးဖောက်ခွဲမှုကြောင့် သတင်းထောက် ဦးတင်ကြိုင် အသက်ပေးခဲ့ရသည့် အဖြစ်အပျက်က နှစ်ပေါင်း ၃၀ ကြာမြင့်သည့်တိုင် မနေ့တစ်နေ့က ကဲ့သို့ပင် မှတ်ထင်နေရဆဲ ဖြစ်ပါသည်။

ကျမ်းကိုး

၁။ မြောက်ကိုရီးယားကွန်မန်ဒိုများ၏ အာဇာနည်ဗိမ္မာန်ဗုံးဖောက်ခွဲမှု (ကောင်းထက်)

၂။ ၀မ်းနည်းကြောင်းမှတ်တမ်း (စာပေလုပ်သား ၁၉၈၃ နိုဝင်ဘာ)

၃။ အာဇာနည်ကုန်း၌ ကျဆုံးရသော သတင်းထောက်(မြတ်ဆွေ) မြန်မာသံတော်ဆင့် (၁၉/၂၆-၇-၂၀၁၃)

၎။ ဦးတင်ကြိုင်၏ဇနီး ဆရာမကြီးဒေါ်ရီရီနှင့် တွေ့ဆုံမေးမြန်းချက် (၆-၁၀-၂၀၁၃)

ဗုံးပေါက်ကွဲမှု၌ အသက်ဆုံးရှုံးခဲ့ရသူ သတင်းထောက်ဦးတင်ကြိုင်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...