ဧဒင်အချစ်ပုံပြင်: ဦးနေ၀င်းမြေးနှစ်ဦးအပါအ၀င် ဒေါ်နော်အုန်းလှနှင့် ဒေါ်ဘောက်ဂျာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

Friday 15 November 2013

ဦးနေ၀င်းမြေးနှစ်ဦးအပါအ၀င် ဒေါ်နော်အုန်းလှနှင့် ဒေါ်ဘောက်ဂျာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

Photo: ဦးနေ၀င်းမြေးနှစ်ဦးအပါအ၀င် ဒေါ်နော်အုန်းလှနှင့် ဒေါ်ဘောက်ဂျာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ
Friday, November 15, 2013 

နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး  ဦးရဲထွဋ်က ပြောသည်။

ယခုနိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပြုခဲ့သည့်အကျဉ်းသား ၆၉ဦးထဲ၌ ယခင်သမ္မတဟောင်း ဦးနေ၀င်း၏ မြေး၂ ဦးဖြစ်သည့် အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် အေးနေ၀င်းနှင့်ကျော်နေ၀င်း တို့ ပါဝင်သည်။

 လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်အားလုံးထံသို့ ယခင်သမ္မတဟောင်းဦးနေ၀င်း၏ မြေးဖြစ်သူ ဇွဲနေ၀င်းက လက်ရှိထောင်ထဲ၌ကျန်ရှိနေသောအေးနေ၀င်းနှင့်ကျော်နေ၀င်းတို့ကိုတပ်ထား သည့်ပုဒ်မသည့် နိုင်ငံတော်ပုန်ကန်မှုဖြစ်သဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ထည့်သွင်းစဉ်းစားပေးရေး အတွက် စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်များအရသိရှိရသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၌ သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက် နိုင်ငံရေးအကျဉ်းသားလွှတ် ပေးမှု(၁၁)ကြိမ်ရှိခဲ့ပြီး အဆိုပါလွှတ်ပေးမှု၌ နိုင်ငံရေးအကျဉ်းသား(၁၀၃၄)ဦးပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ် ကြောင်းနှင့် ယခုလွှတ်ငြိမ်းသာခွင့်ပေးမှုမှာ (၁၂)ကြိမ်မြောက်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လူသားချင်းစာနာထောက်မှုကို အလေးထားသောအားဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါဝင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၂၀၄)(က)နှင့်အညီ နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီမှ ထောက်ခံတင်ပြခဲ့သည့် အကျဉ်းသား(၆၉)ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၄၀၁(၁)အရ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ စတင်၍ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ ပြောကြားထားသည်။

ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား ၆၉ ဦးမှာ အင်းစိန်အကျဉ်းထောင်မှ (၃)ဦး၊မန္တလေး အကျဉ်းထောင်မှ(၁၀)ဦး၊ မြင်းခြံအကျဉ်းထောင်မှ(၃)ဦး၊ သာယာဝတီအကျဉ်းထောင်မှ(၂)ဦး၊ တောင်ငူအကျဉ်းထောင်မှ(၆)ဦး၊ ရွှေဘို အကျဉ်းထောင်မှ (၄)ဦး၊ မုံရွာအကျဉ်းထောင်မှ (၂)ဦး၊ ပုသိမ်အကျဉ်းထောင်မှ (၁)ဦး၊ သထုံအကျဉ်းထောင်မှ (၁)ဦး၊ အင်္ဂဘိုရဲဘက်စခန်းမှ (၁)ဦး၊ဗန်းမော်အကျဉ်းထောင် မှ(၂)ဦး၊ မြစ်ကြီးနားအကျဉ်းထောင်မှ (၅)ဦး၊ သီပေါ အကျဉ်း ထောင်မှ (၃) ဦး၊ ကျိုင်းတုံ အကျဉ်းထောင် မှ(၁)ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ (၁၀)ဦး၊ သံတွဲအကျဉ်းထောင်မှ (၄)ဦး၊ ဘူးသီးတောင် အကျဉ်း ထောင်မှ(၂)ဦးနှင့် စစ်တွေအကျဉ်းထောင်မှ (၉)ဦး ပါဝင်သည်။

လာမည့် ဒီဇင်ဘာကာလအတွင်း၌လည်း ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်း သာခွင့်ရရှိစေရန် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီက ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

 “ ဒီနေ့လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာနိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတင် ပြထားတဲ့ အကျဉ်းသား ၆၆ ဦးနဲ့အစိုးရကိုယ်စားလှယ်တွေဘက်ကတင်ပြထားတာ(၃)ဦးစုစုပေါင်း ၆၉ ဦြးုဖစ်ပါတယ်။ အဲဒီအထဲမှာ ဦးနေဝင်းမြေးနှစ်ယောက်ပါတယ်။ ပုဒ်မ၁၈နဲ့ကျနေတဲ့ ဒေါ်နော်အုန်းလှ ပါတယ်။ကချင်ပြည်နယ် ကဒေါ်ဘောက်ဂျာလည်းပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသူများထဲတွင် ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈)တို့ဖြင့် ပြစ်ဒဏ်ကျခံရသူ ၂၃ ဦးပါဝင်ကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှ သိရှိရသည် ။

“ဒီနေ့နိုင်ငံရေးအကျဉ်းသား(၆၉)ဦးကိုလွှတ်ပေးတာ ကြိုဆိုပါတယ်။ဒါပေမယ့် လွှတ်ပေးလိုက်တာက နိုင်ငံရေး အကျဉ်းသားဆိုတဲ့ခေါင်းစဉ်နဲ့ လွှတ်ပေးလိုက်တာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့လက်မ ခံနိုင်တာ နောက်တစ်ခုက သူတို့လွှတ်ပေးတဲ့ပုဒ်မ ၄၀၁(၁)အရဆိုတာက အချိန်မရွေး ပြန်ဖမ်းလို့ရတဲ့ ပုဒ်မနဲ့ဖြစ်နေတယ်။ နိုင်ငံတော်အစိုးရအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှု့တယ်ဆိုရင် ပုဒ်မ ၄၀၁(၁)နဲ့မဟုတ်ဘဲ ချွင်းချက် မရှိလွှတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်တပ်ပေးပါ။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေအတွက် အဓိက က ဂုဏ်သိက္ခာပဲ။ ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ပြောသည်။

နိုင်ငံတော်သမ္မတပြောထားသည့်အတိုင်း ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမှန်တကယ် ပြန်လွှတ်ပေးမည်ဟုယုံကြည်သလို နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေး ခြင်းများကို ၎င်းတို့အနေဖြင့် ကြိုဆိုကြောင်း၊ လက်ရှိတွင် ဖမ်းဆီးအကျဉ်းချခံထားရသည့်အကျဉ်းသား ဟောင်းများကိုလွှတ်ပေးနေပြီး ပုဒ်မ(၁၈)ဖြင့် တရားစွဲခံထားရသည့်သူများသည် မကြာမီကာလအ တွင်းအကျဉ်းချခံရမည့်အတွက် အစိုးရကျင့် သုံးနေသည့်ပုံစံမှာ အဟောင်းပေးအသစ်ယူသည့် ပုံစံမျိုးဖြစ်နေကြောင်း၎င်းက ဆက်ပြောသည်။

နိုင်ငံတော် သမ္မတက ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ပြောဆိုထားပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီ၏စာရင်းအရနိုင်ငံ ရေးအကျဉ်းသား(၁၄၇)ဦးတွင် လွတ်မြောက်ရန်ကျန်ရှိသော နိုင်ငံရေးအကျဉ်းသား ၆၀ ဦး ရှိသေးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခေါင်းဆောင်များရောက်ရှိချိန်၊ နိုင်ငံတော်သမ္မတ ပြည်ပခရီးထွက်ခွာချိန်နှင့် နေ့ထူးနေ့မြတ်များ၌နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနေသည့် ပုံစံကို ပြုပြင်နိုင်ရေး လိုအပ်ပြီဟု နိုင်ငံရေးအကျဉ်းသားလူမှုကူညီရေး ကွန်ယက် (မန္တလေး)မှ ဦးကိုလေးကဆိုသည်။

“ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့သူတွေကို ဒီလိုတိုက်ဆိုင်မှုတွေရှိတဲ့အချိန်တွေမှာလွှတ်ပေးနေတဲ့ ပုံစံကို ပြောင်းသင့်ပါတယ် ၊ တကယ်ဆိုနိုင်ငံရေးအကျဉ်းသားတွေတင်မကပဲ အခြားအကျဉ်းသားတွေကိုလည်း လွှတ်ပေးသင့်ပါတယ် ” ဟု ဦးကိုလေးက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဟောင်းဘီကလင်တန် ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ဥရောပသမဂ္ဂမှ အဆင့်မြင့် အရာရှိ တစ်ဦးတို့ မြန်မာနိုင်ငံကိုရောက်ရှိနေသည်နှင့်အချိန်ကိုက် မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ (၆၉) ဦးကို နိုဝင်ဘာလ(၁၅)ရက်နေ့ (၁၁)နာရီက ပြန်လည်လွှတ်ပေးခဲ့ရာ မန္တလေးအိုးဘိုထောင်မှ (၁၀)ဦး ပါဝင်ခဲ့သည်။

အိုးဘိုထောင်(မန္တလေး)မှလွတ်မြောက်လာသူများ၌  (၂၀၁၁)ခုနှစ်က မန္တလေးဈေးချိုအရှေ့ ၊ နေပြည်တော် ၊ပြင်ဦးလွင်တို့၌ ဖောက်ခွဲမှုဖြစ်စဉ်မှ(၂)ဦး ၊ နမ့်ပန်ချောင်းတံတားဖောက်ခွဲမှုဖြစ်စဉ်မှ KIA အဖွဲ့ဝင် (၁)ဦး ၊လက်ပံတောင်းအရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှအပါအ၀င်စုစုပေါင်း (၁၀)ဦးပါဝင်သည်။

“ ကျွန်တော်က ဖောက်ခွဲမှုနဲ့ (၂)နှစ်နဲ့ (၅)လနေခဲ့ရတယ် ၊ KIA တပ်ရင်း (၂၇)ကပါ၊ အခုတော့ အိမ်ပဲပြန်တော့မယ် ၊ တပ်မှာလည်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စိတ်ကူးမရှိတော့ပါဘူး ” ဟု တံတားဖောက်ခွဲမှုကြောင့် ထောင်ဒဏ်နှစ်(၂၂)ကျခံခဲ့ရသူ KIA တပ်သားလဘန်လီက ပြောသည်။

ထို့အပြင် လက်ပံတောင်းအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှအားကို မေးမြန်းရာ သူမအား ပုဒ်မ ၅၀၅(ခ)ဖြင့် ပြစ်ဒဏ်(၁)နှစ်ချခံခဲ့ရကြောင်း ၊ သူမအားဖမ်းဆည်းစဉ်က ရဲစစ်ချက်မယူပဲ တရားရုံးတင်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း ၊ ထိုကဲ့သို့ပြုမှုခဲ့ခြင်းအပေါ် (၁၈)ရက်ကြာ ထောင်တွင်းအစာငတ်ခံဆန္ဒပြခဲ့သေးသည်ဟု ဆိုသည်။

ယခုကဲ့သို့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွှတ်ပေးမှုမှာသမ္မတဦးသိန်းစိန်တက်လာပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ပြုလုပ်ကာ မန္တလေးအိုးဘို အကျဉ်းထောင်တွင် နောက်ထပ် လွှတ်ပေးရန် (၃၀)ဦးကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေး ကွန်ယက်(မန္တလေး)က ပြောကြားသည်။

“ သမ္မတရဲ့စကားကိုပဲ မျှော်လင့်ရမှာပဲ ၊ ဒီနှစ်ကုန်ရင် နိုင်ကျဉ်းတွေအားလုံး လွှတ်ပေးတော့မယ်လို့ သူတို့ပြော ထားတာရှိတယ် ၊သံတိုင်တွေကြားထဲမှာ ကျန်ခဲ့တဲ့သူတွေကတော့ နှစ်ကုန်ထိတော့ စောင့်နေရဦးမှာပါ ” ဟု ဦးကိုလေးကပြောကြားသည်။

Myit Ma Kha Media Group.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...