ဧဒင်အချစ်ပုံပြင်: မလေးရှားရောက် တရားမဝင် မြန်မာများကို အဖမ်းအဆီးမခံရမီ အထောက်အထား ထုတ်ပေးမည်

Monday 20 January 2014

မလေးရှားရောက် တရားမဝင် မြန်မာများကို အဖမ်းအဆီးမခံရမီ အထောက်အထား ထုတ်ပေးမည်

မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားများ အဖမ်းအဆီး မခံရမီ နေရပ်ပြန်လိုသည့် တရားမဝင် မြန်မာများကို တရားဝင် အထောက်အထား (Certificate of Identity) ထုတ်ပေး သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်မည် ဖြစ်ပြီး ၂၁ရက်နေ့တွင် တရားမဝင် နိုင်ငံခြားသား အဖမ်းအဆီး စတင်မည်ဖြစ်ရာ သံရုံးက ထုတ်ပေးသည့် တရားဝင် အထောက်အထား (C of
I) ဖြင့် နေရပ်ပြန်သူများသည် ဒဏ်ကြေးသာ ဆောင်ရမည် ဖြစ်ပြီး ပြစ်ဒဏ်များ ကျခံရမည် မဟုတ်ကြောင်း မြန်မာသံရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ ပြန်လိုသူများသည် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို အပြန်လေယာဉ် လက်မှတ်နှင့် နိုင်ငံကူးလက်မှတ် (သို့) C of I တင်ပြရန် လိုအပ်မည် ဖြစ်သည်။

ဒဏ်ကြေးနှုန်းထားကိုလည်း ဆက် လက် အသိပေးသွားမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်းကြီးဌာနက မြန်မာသံရုံး အပါအ၀င် နိုင်ငံခြားသံရုံးများသို့ အကြောင်းကြားထားကြောင်း ယင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုတွင် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့သုံးဖွဲ့ ပါဝင်မည် ဖြစ်ပြီး တရားမဝင် လုပ်သားလက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများ အားလုံးကို သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ ပြန်လည်ပို့မည် ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး DR. AHMAD Zahid Hamidi က ပြောဆိုထားသည်။

ဖမ်းဆီးခံရသည့် တရားမဝင် လုပ်သားများသည် ထောင်တွင်း ကုန်ကျစရိတ်များနှင့် လေယာဉ်လက်မှတ် ကုန်ကျစရိတ်များကို ကိုယ်တိုင် ကျခံရမည်ဖြစ်ပြီး နေရပ်ပြန်ပို့ခံရသူများသည် မလေးရှားနိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နေရာအချို့တွင် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...