ဧဒင်အချစ်ပုံပြင်: ဘတ်စ်ကားပေါ်တွင် လူမတိုးစေမည့် ဝတ်စုံသစ်ကို စင်္ကာပူ ကျောင်းသူ တီထွင်

Thursday 6 February 2014

ဘတ်စ်ကားပေါ်တွင် လူမတိုးစေမည့် ဝတ်စုံသစ်ကို စင်္ကာပူ ကျောင်းသူ တီထွင်

Photo: ဘတ်စ်ကားပေါ်တွင် လူမတိုးစေမည့် ဝတ်စုံသစ်ကို စင်္ကာပူ ကျောင်းသူ တီထွင်

စင်္ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်မှ ဒီဇိုင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ကျောင်းသူ ကျောင်းသားများကို အများပြည်သူ ပို့ဆောင်ရေး ကဏ္ဍတွင် ကိုယ်ပိုင် နေရာတစ်ခု ဖန်တီးမည့် နည်းလမ်းများအတွက် ဉာဏ်ရည် စမ်းသပ် မေးခွန်းထုတ်ခဲ့သည်။ ယင်းတို့အနက် ကျောင်းသူလေး ဆီယူမင်ချန်က အထူးခြားဆုံး စိတ်ကူးကို ပုံဖော်လိုက်ကြောင်း သိရသည်။ မီချန်သည် ဘတ်စ်ကားများပေါ် တက်သွားသည့်အခါ အခြားသူများ အနားမကပ်နိုင်သည့် ဝတ်စုံတစ်ခုကို တီထွင်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် ယင်းဝတ်စုံသည် ဆူးချွန်များစွာ ထိုးထိုးထောင်ထောင် ထွက်နေပြီး အနားကပ်လာသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထင်မှတ်စရာ ဖြစ်နေသည်။

အမှန်အားဖြင့်မူ မီချန်၏ ဝတ်စုံသည် မည်သူ့ကိုမျှ ထိခိုက်စေမည် မဟုတ်ချေ။ သူမသည် သာမန် ကုန်မာဆိုင် တစ်ခုမှ ပလပ်စတစ် အစိတ်အပိုင်းများကို ဝယ်ယူပြီး ယင်းဝတ်စုံကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူမအနီးအနားတွင် ရှိနေသူများ အနေဖြင့် ရုတ်တရက် တိုးကပ်မလာရဲသောကြောင့် မီချန် အနေဖြင့် ဘတ်စ်ကားစီးသည့်အခါ ကားကျပ်သည့် ဒုက္ခ ကင်းဝေးနေမည် ဖြစ်သည်။ Spike Away ဟု အမည်ပေးထားသည့် အဆိုပါ ပလပ်စတစ် ဝတ်စုံတွင် အသုံးပြုထားသည့် ဆူးချွန်များမှာ ပျော့ပြောင်းသည့် ပလပ်စတစ်ချောင်းများသာ ဖြစ်သည်။ ယင်းတို့သည် ကွေးနိုင်ဆန့်နိုင်ပြီး မည်သူ့ကိုမျှ ထိခိုက်အန္တရာယ် ပေးမည် မဟုတ်ဟု မီချန်က ရှင်းပြခဲ့သည်။

မီချန်သည် တက္ကသိုလ်တွင် ပြုလုပ်သည့် ဒီဇိုင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် အဆိုပါ ဖန်တီးမှု လက်ရာကို ပြသခဲ့သည်။ ထိုအစီအစဉ်ကို ဂျာမန်သား အနုပညာမြောက် ပရိဘောဂ လက်ရာများ ဖန်တီးသည့် ပညာရှင် ဝါနာအက်စ်လင်ဂါက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ခြောက်ခြားဖွယ် ပုံစံမျိုး ဖြစ်နေသည့် ယင်းဝတ်စုံကို တစ်ပိုင်းစီ ချိတ်ဆက်ရာတွင် ဝါယာကြိုးလေးများကို မီချန်က အသုံးပြုထားသည်။ ဝေဖန်သူများကမူ ယင်းဝတ်စုံမျိုး ဝတ်ဆင်ခြင်းသည် အများပြည်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်းနှင့် ဥပဒေအရ ခွင့်ပြုရန် သင့်မသင့် စီစစ်သင့်ကြောင်း ပြစ်တင်ပြောဆိုခဲ့ကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...