ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့ဖလားတွင် မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍ အားပေးနေမှုကို ရဲတပ်ဖွဲ့စုံစမ်းနေ

Saturday 21 June 2014

ကမ္ဘာ့ဖလားတွင် မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍ အားပေးနေမှုကို ရဲတပ်ဖွဲ့စုံစမ်းနေ

ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ် ကုလားထိုင်မှ ထ၍ မတ်တတ်ရပ် အောင်ပွဲခံခြင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။
မသန်စွမ်း ပရိသတ်များအတွက် သတ်မှတ်ပေးထားသည့် ဘောလုံးပွဲ လက်မှတ်များကို အမှန်တကယ် မသန်စွမ်းသူ မဟုတ်သူများက အသုံးချနေခြင်း ဖြစ်မည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခြင်း ဖြစ်သည်။
ဘရာဇီး ပရိသတ် အမျိုးသမီး တစ်ဦးက ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍
မတ်တတ်ရပ်ပြီး အောင်ပွဲခံနေသည့် ဓာတ်ပုံများ ပျံ့နှံ့လာပြီးနောက် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ မေးခွန်းများ ထွက်ပေါ်လာသည်။ ကမ္ဘာ့ဖလားတွင် လက်မှတ်များမှာ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှဘဲ ဖြစ်နေသောကြောင့် မသန်စွမ်းသူများအတွက် အထူးလက်မှတ်များကို ကျန်းမာသန်စွမ်းသူများက လိမ်လည် အသုံးချနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်စင်စားများ၊ ကျောင်းသားများနှင့် မသန်စွမ်းသူများအတွက် ဈေးနှုန်းလျှော့ချထားသည့် လက်မှတ်များကို သီးခြားရောင်းချပေးခဲ့သည်။ သို့သော်လည်း အရွယ်ကောင်း ပရိသတ်များက အဆိုပါ ခုံများပေါ်တွင် နေရာယူထားသည်ကိုလည်း တွေ့ရှိရသည်။
ဘရာဇီးတွင် လက်မှတ်ဈေးနှုန်းကို မူရင်းသတ်မှတ်ထားသည်ထက် မြှင့်တင် ရောင်းချမှုကို ရာဇဝတ်မှု တစ်ရပ်အဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်ပင် ချမှတ်နိုင်မည် ဖြစ်သည်။ မတ်တတ်ထရပ်နိုင်သည့် ဘီးတပ်ကုလားထိုင်နှင့် အမျိုးသမီးအကြောင်း ရဲတပ်ဖွဲ့က စုံစမ်းနေသော်လည်း အချို့သော မသန်စွမ်းသူများကမူ မိမိတို့လည်း လမ်းလျှောက်ရန် ခက်ခဲသည့်အတွက် ဘီးတပ်ကုလားထိုင် အသုံးပြုသည့်တိုင် မတ်တတ်ရပ်နိုင်စွမ်းရှိကြောင်း တုံ့ပြန် ဖြေရှင်းထားကြသည်။
ဘရာဇီးတွင် တစ်ဆင့်ရောင်းချသော မှောင်ခိုဈေးကွက်ကို အပြီးသတ် နှိမ်နင်းရန် ခက်ခဲနေဆဲဖြစ်ပြီး အချို့သော ဘောလုံးပွဲစဉ်များအတွက် လက်မှတ်ပေါက်ဈေးမှာ စတာလင်ပေါင် (၁၀၀၀)မျှထိ မြင့်တက်နေလေ့ရှိသည်။
Ref:Dailymail

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...