ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံမှ ဆမ၊ အင်းကွက်များ အကြောင်း...

Thursday 15 March 2012

ထိုင်းနိုင်ငံမှ ဆမ၊ အင်းကွက်များ အကြောင်း...


တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း ပြန်အကြောင်းတိုက်ဆိုင်လာတာနဲ့ ရေးလိုက်တာပါ။ သူငယ်ချင်းက ထိုင်း (ယိုးဒယား) နိုင်ငံမှာ ဂမ္ဘီရပညာတွေကို သိပ်မလိုက်စားကြဘူး၊ အလေးအနက် မရှိကြဘူးလို့ ဆိုပါတယ်။ သူက ကျွန်တော်တို့ ကျောင်းပေါက်ဝနားမှာ ဗေဒင်ဟောတဲ့ မိန်းမကို တွေ့လာလို့ပါ။
အဲဒီ ဗေဒင်ဆရာမက တားရော့ဟောတော့ ကျွန်တော်လည်း ဖြတ်သွားတိုင်း သူမကို လေ့လာမိနေကြပါ။ ကျွန်တော့်သူငယ်ချင်းကတော့ ထူးထူးဆန်းဆန်း တွေ့လာပါတယ်။ အဲဒီအမျိုးသမီးဟာ သူဟောတဲ့ တားရော့ကတ်တွေကို မူလတန်းအရွယ် သမီးလေးကို ပေးဆော့နေတာ တွေ့ခဲ့ပါတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အခုရောက်နေတဲ့ နိုင်ငံမှာ ရုတ်တရက်ကြည့်ရင်တော့ အဲလို ထင်စရာရှိပါတယ်။ မြန်မာပြည်လို ဗေဒင်ဆရာတွေ ဟောခန်းတွေ မှိုလိုပေါက် မရှိပါဘူး။ နေရာတကာ ဘုရားစေတီ တွေ့နိုင်ပေမယ့် ဗေဒင်ဟောတဲ့လူကို မြန်မာပြည်လောက် သိပ်မတွေ့ရပါဘူး။
ဒါပေမယ့် အခြားတစ်ဘက်မှာ ဂမ္ဘီရပညာ၊ အဆောင်၊ လက်ဖွဲ့ စတာတွေကို ယုံကြည်တဲ့ ထိုင်းလူမျိုးတွေ အများကြီးပါ။ ယုံတဲ့လူတွေကလည်း အလွန်အကျွံကို ယုံကြည်ကြတာပါ။ တချို့လူတွေ လည်ပင်းမှာ ဆွဲထားတဲ့ အဆောင်တွေဆို ကျွန်တော်တို့ဆီက အဆောင်ဆွဲကြိုးတွေထက် ကြီးပါတယ်။ ပြီးတော့ တစ်ခုမက လေးငါးခု ဆွဲတာပါ။
အဲဒါနဲ့ ကျွန်တော်က သူငယ်ချင်းကို ထိုင်းလူမျိုးတွေ စမပုံတွေ၊ အင်းကွက်ပုံတွေကို ဘယ်လောက်ထိအောင် ယုံကြည်တဲ့အကြောင်း ကိုယ်မှာတောင် ဆေးမင်နဲ့စုတ်ထိုးတာ ရှိကြောင်း ကျွန်တော်တို့နေတဲ့ မြို့ကနေ သုံးလေးနာရီလောက် ကားစီးသွားရင် ရောက်တဲ့ မြို့လေးတစ်မြို့ရဲ့ ဘုန်းကြီးကျောင်းမှာ အခုထိ ဆေးမင်နဲ့ စုတ်ထိုးပေးနေတာတွေ ရှိတဲ့အကြောင်းကို ကျွန်တော် သူ့ကို ပြောပြတော့ သူတော်တော်လေး အံ့သြပါတယ်။ နိုင်ငံခြားသားတွေ အဲဒီကို သွားပြီး ဆေးမင်ထိုးကြပါတယ်။ အမျိုးသမီးတွေတောင် ပါပါတယ်။

အင်းကွက်တွေ အပြည့်ထိုးထားတဲ့ အင်းဘုန်းဘုန်းပါ
အဲဒီမှာ လာထိုးတဲ့ နိုင်ငံခြား အမျိုးသမီးတစ်ယောက်ကို မေးကြည့်ဖူးတယ်။ ဘာလို့ ထိုးတာလဲ ဆိုတော့ လှလို့၊ ထူးဆန်းလို့ပါတဲ့။ ကြယ်ပုံတွေ၊ စကြာပုံတွေ အင်မတန်လှတယ်တဲ့ဗျာ။ ခင်ဗျားအဓိပ္ပာယ်တွေ နားမလည်တော့ မကြောက်ဘူးလားလို့ မေးတော့ ဘုန်းကြီးက ကောင်းတဲ့ ကံတွေ လာစေပြီး မကောင်းတာတွေကို တားဆီးပေးတယ်လို့ ပြောတာပဲတဲ့။ ကြောက်ပါဘူးတဲ့။ သူတို့ဆီမှာဆိုရင် Celtic Knot ဆိုတဲ့ ပုံလေးတွေကို ထိုးတာနဲ့ ခပ်ဆင်ဆင်ပဲတဲ့။ ကျွန်တော့်ကိုတောင် ပြန်မေးလိုက်သေးတယ်။ မင်းတို့ နိုင်ငံမှာ ဒါမျိုး မရှိဘူးလားတဲ့။ ရှိပါတယ်၊ ဒါပေမယ့် အင်မတန်မှ လျှို့ဝှက်တယ်၊ ဒီနိုင်ငံလို လူတကာကို ထိုးပေးတာ မဟုတ်ဘူးလို့ သူ့ကို ပြောခဲ့ပါတယ်။ အမှန်ပြောရရင် ဒါမျိုးထိုးတာ ကျွန်တော် ကိုယ်တိုင် မြန်မာပြည်မှာ အပြင်မှာ မတွေ့မမြင်ဖူးပါဘူး။

ကျောကုန်းမှာ အလှထိုးတဲ့ နိုင်ငံခြားသူ
ပြောတာတွေ နည်းနည်းများသွားပြီဆိုတော့ သူတို့ရဲ့ အနုပညာတွေကို လေ့လာ သုံးသပ်ကြည့်ရအောင်ဗျာ။ အဲဒီလို စမ၊ အင်းကွက် စတာတွေ စုတ်ထိုးအတတ်ကို ထိုင်းဘာသာနဲ့ “စက်ယန့်” (Sak Yant) လို့ ခေါ်ပါတယ်။ “စက်” ဆိုတာ Tattoo ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပြီး “ယန့်” ဆိုတာကတော့ ဟိန္ဒူဘာသာ Yantra ဆိုတာက လာတယ်လို့ ဆိုပါတယ်။ အဲဒီပညာဟာ ခမာလို့ ခေါ်တဲ့ ကမ္ဘောဒီးယား လူမျိုးတွေမှာလည်း ရှိတယ်လို့ ဆိုတယ်။ သူတို့ ပုံတွေမှာ ရေးတဲ့ တချို့စာတွေကလည်း ကမ္ဘောဒီးယား စာတွေပါတာကို တွေ့ရပါတယ်။ မြန်မာပြည်မှာ ဒီပညာတွေ ရှိတာကို သူတို့ကော ကမ္ဘာပတ်နေတဲ့ နိုင်ငံခြားသားတွေ သိပုံမရပါဘူး။

ကျောကုန်းမှာ အင်းကွက်တွေ၊ စမတွေ အပြည့်ထိုးထားတဲ့ ပုဂ္ဂိုလ်တစ်ဦး
အောက်မှာတွေ့ရတဲ့ အင်းစမ အမျိုးအစားကို “ကောက်ယော့ဒ်” လို့ ခေါ်ပါတယ်။ “ကောက်” ဆိုတာ ၉ ဂဏန်းဖြစ်ပြီး “ယော့ဒ်” ဆိုတာက ဘုရား၊ တန်းဆောင်တွေရဲ့ ထိပ်ဖျားက စုလစ်မွန်းချွန်လို ပုံစံကို ခေါ်တာပါ။ မိတ်ဆွေကြီး ကိုစိုင်းအောင်နဲ့ ဂျီတော့ခ်မှာ ဒီအကြောင်း ပြောဖြစ်တော့ သူက ဘုရားကိုးဆူအင်း ဘာညာ ပုံစံမျိုး ဖြစ်မှာပေါ့လို့ ဆိုပါတယ်။ ဂိုဏ်းနဲ့ ဆရာတွေကွာလို့ “ယန့်ကောက်ယော့ဒ်” တွေ အမျိုးမျိုး ရှိနိုင်ပါတယ်။



နောက်ထပ်တွေ့ရတာကတော့ “ယန့်ဟတျိုး” လို့ ခေါ်ပါတယ်။ ထိုင်းဘာသာအရ “ဟ” ဆိုတာ ၅ ဂဏန်း ဖြစ်ပြီး “တျိုး” ဆိုတာ လိုင်းကြောင်းလို့ အဓိပ္ပာယ် ရပါတယ်။ မြင့်မြတ်တဲ့ လိုင်းကြောင်း ငါးကြောင်းပါတဲ့ ပုံလို့ အဓိပ္ပာယ် ရပါတယ်။ ပုံထဲမှာ ပါတဲ့ စာတွေကို အလျားလိုက်သွင်းထားတာ ဖြစ်ပေမယ့် ပုံကို ထိုးတဲ့အခါ ထောင်လျက် ထိုးကြပါတယ်။

ပုံထဲမှာ ရေးသွင်းတဲ့ အက္ခရာတွေက ကမ္ဘောဒီးယား ခမာ အက္ခရာတွေဖြစ်ပါတယ်။
န မော ဗုဒ် ဓါ ယ န မေ တိ
မော ဗုဒ် ဓါ ယ န န မေ တိ
ဗုဒ် ဓါ ယ န မော န မေ တိ
ဓါ ယ န မော ဗုဒ် န မေ တိ
ယ န မော ဗုဒ် ဓါ န မေ တိ
မြန်မာနိုင်ငံမှာ ဆရာနဲ့ လက်သပ်မွေး တပည့်ရင်းတွေ ဒိုင်လျှိုလေး သင်ကြားရတဲ့ ဒီ ဆေးမင်ထိုး ပညာဟာ ထိုင်းနိုင်ငံမှာ ဘယ်လောက်အထိတောင် ပေါက်မြောက်ကျော်ကြား နေသလဲဆိုရင် Tattoo ထိုးတာကို နှစ်သက် ခုံမင်တဲ့ ဟောလီးဝုဒ်က မင်းသမီး အင်ဂျလီနာ ဂျိုလီတောင် အဲဒီ “ယန်ဟတျိုး” ကို သူမရဲ့ ဘယ်ဘက် လက်ပြင်ပေါ်မှာ လာထိုးသွားတယ်လို့ သိရပါတယ်။ အဲဒီ မင်းသမီးဟာ သူမ ကိုယ်ခန္ဓာ အနှံ့မှာ ဆေးမင်ကြောင်တွေ တစ်ဒါဇင် ကျော်အောင် ထိုးထားတယ်လို့ ဆိုပါတယ်။

အင်ဂျလီနာ ဂျိုလီ၏ ဆေးမင်အလှ
ထိုင်းနိုင်ငံမှာ နောက်ထပ် အတွေ့ရများတာကတော့ ဟိန္ဒူဘာသာနဲ့ နွှယ်တဲ့ ပုံတွေဖြစ်တဲ့ မဟာပိန္နဲ၊ ဟာနုမာန် စတဲ့ ပုံတွေ၊ နတ်ဒေဝတာ ပုံတွေပဲ ဖြစ်ပါတယ်။ ရာမယန ဇာတ်တော်ထဲက တန်ခိုးအစွမ်းရှိတဲ့ ဟာနုမာန်ကို ထိုင်းတွေက တန်ခိုး ဣိဒ္ဓိပါဒ် ရှိတဲ့နေရာ စံထားပြီး အသုံးပြု ရေးဆွဲကြပါတယ်။



ဟိန္ဒူနတ်ဘုရားတွေကို ယုံကြည်တဲ့ ထိုင်းနိုင်ငံမှာ Ganesh ဆိုတဲ့ မဟာပိန္နဲ ကိုယ်တော်ကိုလည်း ကိုးကွယ်ကြပါတယ်။ အောက်က မဟာပန္နဲပုံမှာ ရေးထိုးထားတဲ့ စာကို Lanna (ထိုင်းမြောက်ပိုင်း) စာလို့ ခေါ်ပါတယ်။ မြန်မာနဲ့ တော်တော်လေး နီးစပ်တာကို တွေ့ရပါမယ်။


မဟာပိန္နဲလိုပါပဲ နန်းကျော့ (Nang Gwak) ဆိုတဲ့ အမျိုးသမီး နတ်ကို ထိုင်းတွေက ကိုးကွယ်ပါတယ်။ ထိုင်းမှာရှိတဲ့ နတ်စင် အများစုမှာ အဲဒီအရုပ်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအရုပ်ဟာ လက်ယပ်ခေါ်နေတဲ့ ပုံလေး ရှိတဲ့အတွက် ဈေးဆိုင် တော်တော်များများ မှာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
နတ်တွေကို ကိုးကွယ်သလို အတားအဆီး၊ အကာအကွယ် သဘောအနေနဲ့ ဘီလူးရုပ်ပုံ တွေကိုလည်း ရေးဆွဲ အသုံးပြုကြပါတယ်။
ဟိန္ဒူဝါဒနဲ့ ဆက်နွှယ်တဲ့အတွက် ဟိန္ဒူယန္တြာ တွေနဲ့ ခပ်ဆင်ဆင် အင်းကွက်တွေကိုလည်း တွေ့ရှိနိုင်ပါလိမ့်မယ်။


ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံမှာ ဗုဒ္ဓပုံတော်တွေနဲ့ စမတွေ ဖန်တီးတာကလည်း အဆန်းမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီအောက်က ဗုဒ္ဓပုံတော်စမဟာ ဆောင်ထားတဲ့လူကို စိတ်ပျော်ရွှင် ချမ်းမြေ့မှုတွေ ပေးစွမ်းနိုင်ပါသတဲ့။

အလားတူပဲ ဗုဒ္ဓရဲ့ နဖူးတော်မှာ ရှိတဲ့ သင်္ကေတကိုလည်း အသုံးပြု ရေးဆွဲတာ တွေ့ရပါမယ်။ ဒီသင်္ကေတကို ထိုင်းလို “န” လို့ ခေါ်ပြီး ထိုင်းနိုင်ငံတော် စည်းတံဆိပ်မှာလည်း ထည့်သွင်းအသုံးပြုထားတာ တွေ့နိုင်ပါတယ်။

ဒီအောက်က ပုံကို “ယန့်ဗုဒ္ဓမေတ္တ” လို့ ခေါ်ပါတယ်။ ဗုဒ္ဓရဲ့ မေတ္တာ စမဖြစ်ပါတယ်။

ဒီအောက်က ပုံကိုတော့ “ယန့် မဟာဥဒ်” လို့ ခေါ်ပါတယ်။ “မဟာ” ဆိုတာ ကြီးမြင့်သော လို့ ဆိုလိုပြီး “ဥဒ်” ကတော့ ပိတ်ဆို့ခြင်း၊ အတားအဆီးလို့ အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဒီအဆောင်နဲ့ဆိုရင်ဖြင့် သေနတ်ကျည်ဆံဟာ ပြောင်းဝကနေ ထွက်မလာဘဲ တစ်စုံတစ်ခုက ပိတ်ဆို့ထားသလို ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ သေနတ်ပီးတဲ့ အဆောင်အနေနဲ့ ရေးထိုး၊ ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

ဒီအဆောင်ကလည်း “ယန့်မဟာဥဒ်” ပါပဲ။ ဒါကြောင့် သေနတ်ပီးတဲ့ အဆောင် ဖြစ်ပါတယ်။ ပုံနှစ်ခုကို ရှေ့နဲ့နောက် ကျောကပ်ပြီး ဆောင်ရတယ်လို့ သိရပါတယ်။

ဆက်ရန်...
 (စာကြွင်း။ ။ ဒီပို့စ်ကို ဗဟုသုတရစေရန် အလို့ငှာ တင်ပြခြင်းသာ ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖြင့် အဆောင်များကို လက်တွေ့ အသုံးပြုစမ်းသပ်ခဲ့လျှင် ထိုမှတဆင့် ဖြစ်လာသော အကျိုးဆက်များအား မိမိဘာသာ တာဝန်ယူကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။)
အခု post ကိုရေးသားသူမှ ပထမံဆရာလေး ဖြစ်ပါသည်။

al Network Myanmar International Soci


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...