ဧဒင်အချစ်ပုံပြင်: အဖေကဆို သားကတီး

Friday 16 March 2012

အဖေကဆို သားကတီး

အဖေကဆို သားကတီးလွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော် ကာလမှာတုန်းက ၁၉:၁၈ ဆို တဲ့ တေးစီးရီး ဟာ ပရိသတ်များ ကြားမှာ အလွန်ရေပန်းစားခဲ့ပြီး တစ်၊ နှစ်၊ သုံး အစဉ် လိုက်ထွက် ရှိရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ ထို့အတူပဲ ဆောင်းဦးလှိုင်နဲ့ အဲလက်စ်တို့တစ်ယောက်ချင်းစီ အနေနဲ့ကလည်း အခု အချိန် အထိ ပရိသတ် အခိုင်အမာနဲ့ ဂီတလောကမှာ အောင်မြင် မှုတွေ ရရှိနေဆဲပါပဲ။ ဒါကလည်း သူတို့တွေရဲ့ ငယ်စဉ်ကတည်းက ဂီတအပေါ် ရူးသွပ် ခုန်မင် မှုတွေနဲ့ အတူ သူတို့ရဲ့ကြိုးစားမှုတွေကြောင့်လို့ပဲ ပြောရမှာပါ။ အခုဆိုရင် သူတို့ဟာ သူတို့ရဲ့ဂီတအမွေကို ဆက်ခံကြမယ့် မျိုးဆက် သစ်တွေ
အပေါ်အခုအချိန်ကတည်းကစပြီး မျှော်မှန်းချက်တွေ၊ ဖြစ်စေချင်တဲ့ဆန္ဒတွေ အများကြီးရှိနေကြပါပြီ။ ဂီတနဲ့ပတ်သက်ပြီး သားတွေကို အနီးကပ်သင်ကြားပေးနေကြသလို သားတွေဖြစ်ချင်တဲ့ ဝါသနာတွေအပေါ်မှာလည်း ချုပ်ချယ်တာမျိုးမရှိဘဲ အနောက်ကနေ ပံ့ပိုးပေး သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ သားတွေကလည်း အဖေဖြစ်သူတွေက အဆိုတော်ကြီးတွေဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက သီချင်းသံတွေ၊ ဂီတတူရိယာပစ္စည်းတွေ နဲ့ နီးစပ်မှုတွေရှိနေတာရယ်ကြောင့် သူတို့တွေရဲ့စိတ်ထဲမှာ ဂီတသွေးတွေကတော့ ရှိနေကြပါတယ်။ အဲဒါကြောင့်လည်း ဂီတနဲ့ပတ်သက်ပြီး အဖေတွေရဲ့ သားတွေအပေါ် ဖြစ်စေချင်တဲ့ဆန္ဒတွေ ၊သားတွေရဲ့ ဂီတသွေးတွေနဲ့ပတ်သက်ပြီး သိရဖို့အတွက် ဆောင်းဦး လှိုင်နဲ့ အဲလက်စ်တို့ရဲ့နေအိမ်များကို သွားရောက်ပြီး သူတို့နဲ့သူတို့ သားငယ်တွေရဲ့ ဆိုကြ၊တီးကြဟန်များကို ကြည်နူးစရာပုံရိပ်များ အဖြစ် ‘အဖေကဆို သားကတီး’ဆိုတဲ့ ကဏ္ဍလေး တင်ဆက်လိုက်ပါတယ်။
 ဆောင်းဦးလှိုင်
 ”သားကိုတော့ ပညာတတ်တစ်ယောက် ဖြစ်လာအောင်ရယ်၊ လူကောင်း၊လူရည်မွန် တစ်ယောက်ဖြစ်လာအောင်ရယ် ရည်မှန်းချက်ပေးထားပါတယ်။ ဂီတနဲ့ ပတ်သက်လို့ ကတော့ ငယ်ငယ်ကတည်းက ကီးဘုတ်လေးသင်ပေး၊ နောက် ဂစ်တာကော့ဒ်တွေကိုလည်း သင်ပေးထားတယ်။ ဂီတပညာရှင် တစ်ယောက်ဖြစ်လာမလား ဆိုတာ ကတော့ သူ့ရဲ့ဝါသနာ၊သူ့ရဲ့လုံ့လ၊ သူ့ရဲ့ဂီတပညာအပေါ် မြတ်နိုးစိတ်တွေနဲ့ဆိုင်မယ်။ ဒါပေမဲ့ ဂီတသမားဆိုတာကလည်း ထိတ်ထိတ်ကြဲ နာမည်ကြီးမှ၊ ထိတ်ထိတ် ကြဲအောင်မြင်မှ ဂီတသမားဖြစ်တာ မဟုတ်ပါဘူး။ တချို့ဆိုရင် နာမည်ကြီးတဲ့ ဂီတသမားမဟုတ်ဘူး။ အိမ်မှာ စိတ်အပန်းဖြေဖို့ အတွက်ပဲဖြစ်ဖြစ်၊ ပျော်ရွှင် လွတ်လပ်မှုကို ချစ်လို့ပဲဖြစ်ဖြစ် ဂစ်တာတီးတဲ့ လူတွေရှိ ကြတယ်။ စန္ဒရားတီးတဲ့ လူတွေရှိကြတယ်။ တယောထိုးတဲ့ လူတွေရှိကြတယ်။ ကျွန်တော်လေ့လာကြည့်တော့ ဂီတကလူ့ရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေတယ်။ဂီတကို နှစ်သက်တဲ့ ကလေး၊ ဂီတကို လေ့လာလိုက်စားတဲ့ ကလေးက တခြားကလေးတွေထက် ဥာဏ်ရည်ပိုကောင်းပြီး၊ စိတ်နှလုံးပို ကောင်းတယ်ဆိုတာကို သိပ္ပံပညာ အရလေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ကလေးတွေကို သီချင်းတွေ နားထောင်တတ်အောင်၊ ဂစ်တာတီး တတ်အောင်၊ ဂီတနဲ့ပတ် သက်ပြီး သူတို့လိုချင်သလောက် ဝမ်းစာဖြည့်ပေးဖို့ သင်ပေးတယ်။ သားကတော့ သီချင်းကောင်းရင် သူကြိုက်တယ်။ သူ့ရဲ့အတွေးအခေါ်နဲ့ သူ့ရဲ့အနေအထိုင်က တစ်မျိုးဖြစ် နေတယ်။ သူဝါသနာပါရာ သူ့စိတ်ထဲမှာ သိချင်တာ တစ်ခုနောက်ကိုပဲ တစိုက်မတ်မတ်လိုက်ပြီးတော့ ဘေးပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုစိုက်လေ့မရှိဘူး။ သူနဲ့ ကျွန်တော်တူတဲ့ အချက်တွေကအစားအသောက် ကြိုက်ပုံချင်း တူတယ်၊ အနေနည်းနည်းအေးတယ်”
 ကာရန်ဦးလှိုင်
”သားကတော့ ဆရာဝန်နဲ့ သိပ္ပံပညာရှင် ဖြစ်ချင်တာ။ သားက အခု TTC မှာ ကျောင်း ၅ တန်းဖြေထားပါတယ်။ ဖေဖေက အဆိုတော်ဆိုတော့ သားကလည်း သီချင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာပေါ့။ သားက Pop သီချင်းချိုချို လေးတွေ ကြိုက်တယ်။ သားက အခုဂစ်တာ နည်းနည်းတီးတတ်တယ်။ တယောလည်း နည်းနည်းထိုးတတ် တယ်။ ဂစ်တာတီး သင်ရတာကလည်း ခက်ပါတယ်။ ဒါပေမဲ့ ဖေဖေကသင်ပေးတယ်။ ဖေဖေ့လို အဆိုတော်လည်း ဖြစ်ချင်ပါတယ်”
 အဲလက်(စ်)
”ကျွန်တော့်သားအရွယ်တုန်းက ကျွန်တော် ဂစ်တာတီးနေပြီ။ အဲဒါကြောင့် သူလည်း လက်ကွက်မီ လောက်တယ်ဆိုပြီး ဂစ်တာသင်ပေးတယ်။ ပီယာနိုသင် ပေးတယ်။ ဒါပေမဲ့ သူကဆော့ဖို့ပဲ စိတ်ဝင်စားတယ်။ သူက ဒရမ်တော့တီးချင်တယ်။ ဒါပေမဲ့ ဂစ်တာတို့၊ဘာတို့ မတီးတတ်ဘဲ ဒရမ်တီးတယ်ဆိုတာ ပိုပြီးတောင်မလွယ်ဘူးလို့တော့ သူ့ကို ပြောထားတယ်။ လောလောဆယ် ဂစ်တာနဲ့ပီယာနိုတော့ တတ်စေချင်တယ်။ သူတို့ခေတ်မှာက ရွေးချယ်စရာတွေ များတော့ သူတို့အတွက် ပျော်စရာတွေကများ လာတယ်။ အဲဒီတော့ ကျွန်တော့်တို့ ခေတ်ကလိုတော့ မဟုတ်ဘူး။ ဒါပေမဲ့ သားက သီချင်းကောင်းကောင်းဆို တတ်တယ်။ ကျွန်တော်က သူ့ကို ဂီတနဲ့ပတ်သက်ပြီး အမြဲလိုလိုတော့ သင်ပေးပါတယ်။ ဒါပေမဲ့သူကတော့ စိတ်ဝင်စားမှု နည်းနေသေးတယ်။ ခက်နေလို့ပဲလား လည်းမသိဘူး။ ဒါကလည်း အရွယ်နဲ့ဆိုင်မယ် ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ သားလေးကို ဘာဖြစ်စေချင်တယ် ဆိုတာထက် အရွယ်ရလာတဲ့အခါမှာ သူစိတ်ချမ်းသာတာကိုပဲ လုပ်စေချင်ပါတယ်။ အနုပညာအလုပ် လုပ်ရင်လည်း ကျွန်တော်တို့ ကအားပေးမှာပဲ။ တခြားအသက်မွေး ဝမ်းကျောင်းမှုတစ်ခုခု လုပ်ရင်လည်း အားပေးမှာပဲ။ တခြား အသက်မွေးဝမ်းကျောင်းမှု တစ်ခုခုလုပ်ရင်လည်း ကျွန်တော် ဝမ်းမနည်းပါဘူး”
 ကောင်းဆင့်သူ
”သားက ဂီတနဲ့ ပတ်သက်တာတော့ လုပ်ချင်တယ်။ အဲဒါကြောင့် ဂစ်တာလိုက်တီးကြည့်တယ်။ တီးရင် အသံမထွက်တာခက်တယ်။ ပြီးတော့ လက်လည်း နာတယ်။ အခုတော့ သား ဖေဖေ့ဆီမှာဂစ်တာနဲ့ ပီယာနိုတီးတာ သင်နေတယ်။ ဖေဖေကလည်း အချိန် ရရင်ရသလောက်သင်ပေးတယ်။ သားက သီချင်းဆိုတာကိုတော့ ဝါသ နာပါတယ်။ ဖေဖေ့လို အနုပညာရှင် တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ သားက စင်ပေါ်ရောက်ရင် ရှက်တတ်တယ်။ ကြီးလာရင်တော့ ခွဲစိတ်ဆရာဝန်ကြီး တစ်ယောက် ဖြစ် ချင်တယ်။ အခု သားက Yangon Academyမှာ ၅တန်းတက်နေတာပါ။ ခွဲစိတ်ဆရာဝန်ကြီးဖြစ်ဖို့ စာလည်းကြိုးစားနေပါတယ်။ ဖေဖေနဲ့ မေမေကလည်း သားလိုအပ်တာ မှန်သမျှကို ဖြည့်ဆည်းပေးပါတယ်”
လင်းအက္ခရာ၊ ရဲရဲ
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...