ဧဒင်အချစ်ပုံပြင်: လေဒီဂါဂါကိုတော့ ကိုရီးယားက လက်မခံပြန်ဘူး

Saturday, 12 May 2012

လေဒီဂါဂါကိုတော့ ကိုရီးယားက လက်မခံပြန်ဘူး




သင်္ကြန် အပြီးမှာ ရဟန်းဝတ်နဲ့ တစ်ပတ်ကြာ သီတင်း သုံးခဲ့တယ်။ ကျောင်းထိုင် ဆရာတော်ကြီးက သိမ်အတွင်းမှာ “ငါ့ရှင် အသက်နှစ်ဆယ် ပြည့်ပြီလား” လို့ မေးခဲ့သေးတယ်။ ရဟန်းပြုနိုင်သည့် လိုအပ်သော အရည်အချင်းတွေ ထဲမှာ အသက် နှစ်ဆယ်ပြည့်ဖို့လည်း လိုအပ်သည်ဟု ဆိုပါတယ်။

ကျွန်တော် ကိုယ်တိုင် သီဆိုခဲ့တဲ့ မဲဆန္ဒပေး လှုံ့ဆော် တေးလေးကို ပြန်လည် သတိရမိတယ်။ သီချင်းထဲမှာ နန်းဆုနဲ့ ရတနာမိုင်ကို “မင်းဆယ့်ရှစ်နှစ် ပြည့်ပြီလား” လို့မေးခဲ့တာပါ။ အဲဒီတော့ မိုင်လေးက “ဆယ့်ကိုးနှစ်တောင် ကျော်နေပြီ” လို့ ပြန်လည် သီဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်စိတ်ထဲကနေ ဘုန်းဘုန်းရဲ့ အမေးကလည်း “အသက်နှစ်ကျော်လို့ သုံးနှစ်တောင် စွန်းနေပြီ” လို့ ဖြေချင်မိတယ်ပေါ့။

တရားထိုင်အပြီး ခေတ္တနားနေချိန်မှာတော့ ဖခင်ဖြစ်သူ ဒါယိကာကြီး ယူလာတဲ့ ဂျာနယ်များကို ဖတ်မိနေတာပေါ့။ ဖတ်လိုက်ရတဲ့ အကြောင်းအရာတွေထဲမှာ သူငယ်ချင်းဖြစ်သူ အမျိုးသမီး သရုပ်ဆောင် တစ်ဦးရဲ့ သင်္ကြန်တွင်း အဝတ်အစားနဲ့ ပတ်သက်လို့ ဖော်ပြ ရေးသားထားတဲ့ သတင်းတွေကိုလည်း တွေ့လိုက်ရတယ်။ ဒါကြောင့် လွန်ခဲ့သော ရှစ်နှစ်ခန့်က အဖြစ်အပျက်လေး တစ်ခုကို ပြန်လည် သတိရမိတယ်။

သူမနဲ့ ကျွန်တော် မမိုးရဲ့ မော်ဒယ်သင်တန်းမှာ သူငယ်ချင်းတွေ အနေနဲ့ ဆုံးခဲ့ဖူးပါတယ်။ အမှတ်တရဆိုလို့ သင်တန်းက မော်ဒယ် မောင်မယ်တွေ ကိုယ်စီတွဲလို့ ပရိသတ်ကို လမ်းလျှောက်ပြီး ရှိုးပြခဲ့ရတယ်။

နေရာက သမဝါယမ ဈေးရောင်းပွဲတော် ကျင်းပနေတဲ့ ဆရာစံလမ်းပေါ်က ပလာဇာကြီးရဲ့ အပေါ်ဆုံးထပ် ခန်းမကြီးမှာပေါ့။ ဈေးပွဲတော်လာ ပရိသတ်တွေထဲမှာ မော်ဒယ်တွေရဲ့ မိဘ ဆွေမျိုးသားချင်းတွေလည်း ရှိနေပါတယ်။ တွဲပေးခဲ့တဲ့ အတွဲတွေထဲမှာ ကျွန်တော်က သူမနဲ့ တွဲပြီး ထွက်ရပါတယ်။

ကျွန်တော်တို့အတွဲက ငါးတွဲမြောက်လောက်မှာ ဖြစ်ပါတယ်။ လျှောက်လမ်းပေါ်ကို စတင်လှမ်းဖို့အတွက် နှစ်ဦးသား ယှဉ်တွဲပြီး ပထမ ဆုံမှတ်ပေါ်မှာ ရပ်နေရတာပေါ့။ သို့သော်လည်း သူမက ရှက်နေပြီး ကျွန်တော့်ရဲ့ဘေး ခပ်လှမ်းလှမ်းမှာပဲ ရပ်နေခဲ့တယ်။ ရှေ့ကအတွဲ ရှိုးပြပြီးချိန် ကိုယ့်အလှည့် ရောက်တော့မှာမို့လို့ ကျွန်တော်က သူမကို အနားတိုးဖို့ လှမ်းဆွဲလိုက်မိတယ်။

အဲဒီလို ဆွဲလိုက်မှပဲ သူမရဲ့ တစ်ကိုယ်လုံးက အနားတိုးလာပြီး နှစ်ယောက်သား ဟန်ချက်ညီစွာ ရှေ့လျှောက် လမ်းပေါ်ကို တီးလုံးနှင့်အတူ ယှဉ်တွဲလို့ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်သူ့ကို ဆောင့်ဆွဲလိုက်ချိန်မှာတော့ ကြည့်နေတဲ့ ပရိသတ်က အလွန်သဘောကျပြီး လက်ခုပ်သြဘာတွေ အော်ဟစ် အားပေးခဲ့ကြတယ်။ ထွက်ပေါ်လာတဲ့ ပရိသတ်ရဲ့ အားပေးမှုနှင့် လက်ခုပ်သံကြီးကို ယနေ့ထိတိုင် မှတ်မိနေဆဲ ဖြစ်ပါတယ်။

သူမရဲ့ မျက်နှာကို အကဲခတ် ကြည့်မိလိုက်တော့ အလွန်ပဲ ရှက်သွေးဖြာနေတာကို တွေ့လိုက်ရပါတယ်။ ပွဲပြီးချိန်မှာတော့ ကျွန်တော်ရဲ့ အဖေက “ငါမျက်နှာ ပူလိုက် တာကွာ” ဟုဆိုပြီး ကောင်းကောင်း ဆူတော့တာပါပဲ။ ဖြစ်ချင်တော့ အားပေးနေတဲ့ ပရိသတ်တွေထဲမှာ သူမရဲ့ အဖေကလည်း ကျွန်တော့်အဖေအနားမှာ ရပ်ပြီး အားပေးနေကြောင်း သိလိုက်ရတယ်။

သူမ၏ ဖခင်ရဲ့ လက်ထဲမှာ ဗီဒီယိုကင်မရာ အသေးစားလေးရှိပြီး သမီးရဲ့ လှုပ်ရှားမှုကို မပြတ် မှတ်တမ်းတင် ရိုက်ကူးနေကြောင်း သိလိုက်ရပါတယ်။ သင်တန်းဆင်းပြီး မကြာသော အချိန်ကာလမှာ သူမပါဝင်ထားတဲ့ သနပ်ခါး ကြော်ငြာလေးကို တီဗီဖန်သားပြင်မှာ တွေ့လိုက်ရတယ်။

ကျွန်တော်တို့ မိသားစုအားလုံးက သနပ်ခါး ပါးကွက်ကျားလေးနဲ့ မြန်မာဆန်တဲ့ သူ့အလှကို ချီးမွမ်းခန်း ဖွင့်ရတာ အမောပါပဲ။ ကျွန်တော်ပြောချင်တဲ့ အနှစ်ချုပ် ကတော့ အသက်နှစ်ဆယ်ပင် မပြည့်သေးသော သူမရဲ့ ငယ်စဉ်ဘဝ ပင်ကိုယ် စိတ်ထားလေးဟာ အလွန်ပဲ ရှက်တတ် ကြောက်တတ်သော မိန်းကလေးတစ်ဦး ဖြစ်ကြောင်းပါ။

ယနေ့ ဖတ်လိုက်ရတဲ့ သတင်းမှာတော့ သင်္ကြန်တွင်းကာလ သူမရဲ့ ဝတ်စားဆင်ယင်မှုအပေါ် တာဝန်ရှိသူများက သတိပေး ဆုံးမစကား ပြောကြားရသည်အထိ ဖြစ်ခဲ့ကြောင်း သိလိုက်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း သင်္ကြန်ကာလ ဝတ်စားဆင်ယင်မှုများနဲ့ ပတ်သက်လို့ “တန်ခူးလပြည့် အတွေးများ” ဆိုပြီး ခေါင်းစဉ်တပ်ကာ 8 DAYS ဂျာနယ်မှာ ကျွန်တော် ဆောင်းပါး ရေးခဲ့ပါသေးတယ်။

ယနေ့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးငယ်တချို့ အနေနဲ့ စကက်တိုလေးတွေ ဝတ်ပြီး အပေါ်က ရွှေရင်လွှာနှစ်စုံကို မလုံ့တလုံ ဖော်ပြကာ နေ့ညမဟူ လမ်းသလား နေကြပြီ။ ရာသီဥတုက ပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ ရေခဲစိမ်ဘီယာနဲ့ ဝိုင်ပုလင်းကို ယောက်ျားလေးတွေလို မပြတ် သောက်တတ်နေကြပြီ။

ချစ်ရသူ ကောင်လေးနဲ့ လူမြင်ကွင်းမရှောင် အကြင်နာလေးတွေက ဗြောင်ပေးတတ်နေကြပြီ။ တစ်ဦးအပေါ်တစ်ဦး အချစ်ကြီးတယ် ဆိုတာကို ဘာလဲလို့မေးရင် အကြင်နာ များများပေးခြင်းပေါ့လို့ အဓိပ္ပာယ်ဖွင့်ပြီး kiss ပြီးရင်း kiss လုပ်တတ်နေကြပြီ။

တစ်ခါက စပွန်ဆာပေးဖို့ ကမ်းလှမ်းတဲ့ အဖေအရွယ် လူကြီးကို နှာဘူးကြီးလို့ ပြောခဲ့ပေမယ့် အခုတော့ ကိုရီးယားလို သိပ်ချစ်ရတဲ့ အာဘူးကြီးပါဟု တင်စားပြီး လူဘုံအလယ် ကြွားဝါကာ လက်တွဲပြရဲနေပြီ။ မြန်မာလို “အစ်ကို” တွေ “မောင်” တွေ ခေါ်ရမှာ မေ့ပြီး “အိုပါး အိုပါး” နဲ့ တစ်ပါးတည်း ပါးနေကြပြီ။ ကြာလာရင် လုံးပါးပါးပြီး ကျွန်တော်တို့ ယဉ်ကျေးမှုအမွေတွေ သေဖို့ပဲ ရှိတော့တယ်ဗျာ။

ထိုထိုသော ဖြစ်စဉ် အားလုံးရဲ့ လက်သည် တရားခံကတော့ နိုင်ငံပိုင် မီဒီယာများ အပါအဝင် ရုပ်မြင်သံကြားတွေကနေ ကိုရီးယား ဇာတ်လမ်းတွဲတွေကို မြန်မာစာတမ်း ထိုးပြီး မပြတ် ထုတ်လွှင့် ပြသနေခြင်းရဲ့ မဟာရလဒ်ဆိုးတွေပဲလို့ ပြောချင်ပါတယ်။ ဒါကို ကျွန်တော် အခုမှ မဟုတ်ပါဘူး။

ပေါ်ပြူလာ ဂျာနယ်မှာ စတင်ရေးခဲ့တဲ့ “အဖေပါယ်ချင်သော ကြယ်စင်ညီအစ်မ” ဆိုတဲ့ ဆောင်းပါးလေးက သက်သေပါပဲ။ ကျွန်တော့်အမြင် ပြောရရင် ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကြည့်နေရတာ နိုင်ငံနှင့် လူမျိုးအတွက်တော့ အတုယူစရာ ကောင်းမွန်သော ရလဒ်က နည်းပါတယ်။ နောက်ဆုံး ပြောချင်တာကတော့ ကျွန်တော့်ရဲ့ သူငယ်ချင်း သရုပ်ဆောင် မင်းသမီး အပါအဝင် မြန်မာမလေးတွေ အားလုံးရဲ့ အသက်နှစ်ဆယ်အရွယ် ပင်ကိုယ်စိတ်ထားဟာ မြန်မာပီပီ ဟီရိသြတ္တပ္ပဆိုတဲ့ ရှက်ကြောက်တတ်သော စိတ်ထားတွေ ကိုယ်စီရှိကြပါတယ်။

သို့သော်လည်း သူတို့ရဲ့ အသက်နှစ်ဆယ်ကျော် အရွယ်ကာလမှာ အထက်ကပြောခဲ့တဲ့ ကိုရီးယားကားတွေကိုပဲ တောက်လျှောက် ကြည့်လာရတော့ ကိုရီးယား ယဉ်ကျေးမှုတွေ တစိတ်တစ်ပိုင်း လွှမ်းမိုးခြင်းကို ခံခဲ့ရတာပါ။ တစ်ချိန်တည်း ကြည့်ရှုနေတဲ့ ဂျာနယ်ပါ သတင်းတစ်ခုမှာတော့ ဧပြီ ၂၇ ရက်နေ့ ဆိုးလ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လေဒီဂါဂါးရဲ့ ဖျော်ဖြေရေး အစီအစဉ်ကို ကိုရီးယားလူထုက ဝိုင်းဝန်း ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။

ဖတ်လိုက်ရသူ ကျွန်တော့် အနေနဲ့ ရဟန်းဝတ်ကြီးနဲ့ ဖြစ်ပေမယ့် သတိလက်လွတ်ဖြစ်ကာ သက်ပြင်းအကြိမ်ကြိမ် ချနေမိတယ်။ လေဒီဂါဂါးတစ်ယောက် ဆိုးလ်၊ အိုလံပစ် ခန်းမကို လာမယ်ဆိုတော့ ယနေ့ မြန်မာလူငယ်တွေ အားကျနေတဲ့ ကိုရီးယားတွေက လက်မခံပြန်ဘူးတဲ့ဗျာ။

ဒါ့ကြောင့် ကိုရီးယား ကားတွေကို ကြည့်ပြီး ညီလေး ညီမလေးတို့တတွေ အတုယူ မလွဲမှားကြဖို့ သတိထားစေချင်ပါတယ်။ သူတို့ကိုရီးယားတွေ ဘာပဲဖြစ်နေနေ ကျွန်တော်တို့ မြန်မာမလေးတွေရဲ့ ပင်ကိုယ်ရှိရင်းစွဲ မြန်မာစိတ်ထားကောင်းတွေ ပြန်လည် ရှင်သန်ကြပါစေဟု ရဟန်းဝတ်ဖြင့် ဆန္ဒပြု ဆုတောင်းရင်း။

င်္FROM: ရိုးရာလေး BY: မိုးယံဇွန် (ဥပဒေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...