အရှေ့ယော့ခ်ပြည်နယ်မှ အသက် ၂၁ နှစ်အရွယ်ရှိ ချားလ်စ်ဟိုလ်ဒင် သည် ၎င်း၏ သူငယ်ချင်း တစ်ဦးက ၎င်းခိုးယူလာခဲ့သည့် ရုပ်မြင်သံကြား စက်တစ်လုံးအား ရောင်းချနေသည့်ပုံကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် လွှင်တင်ထားခဲ့သဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
၎င်းသည် ၎င်းတည်းခိုနေထိုင်ခဲ့သည့် အိမ်တွင်းသို့ ပြန်လည် ဝင်ရောက်၍ ပလာစမာ ရုပ်မြင်သံကြားတစ်လုံးနှင့် ဂိမ်းကစားစက် တစ်လုံးတို့အား ခိုးယူခဲ့သည်။
ထိုခိုးယူမှုသည် ဟိုလ်ဒင်နှင့် ဆက်နွှယ်မှုရှိနေကြောင်း ရဲများက မည်သည့် အထောက်အထားမျှ မတွေ့ရှိခဲ့ကြပေ။
သို့သော် ပစ္စည်း အခိုးခံရသူ မိုက်ကယ်ကော်ဗာဒေးလ်က ဟိုလ်ဒင်အား မသင်္ကာဖြစ်ပြီး ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများ၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ထားသည့် စာမျက်နှာများအား ဝင်ရောက်ကြည့်ရှုခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ မိုက်ကယ်က ၎င်းသည် သူငယ်ချင်းတစ်ဦး၏ စာမျက်နှာအား လှန်ကြည့်လိုက်သည်နှင့် လူတစ်ဦးသည် ဟိုလ်ဒင်နှင့်အတူ မိမိ၏ နေအိမ်အပြင်ဘက်တွင် ရုပ်မြင်သံကြားစက်အား ကိုင်ထားပြီး ပိုက်ဆံများ ရေတွက်နေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားလောက်အောင် အံ့သြသွားကြောင်း၊ နောက်ထပ် သူငယ်ချင်းတစ်ဦး ဖြစ်သူ၏ စာမျက်နှာအား ကြည့်လိုက်ရာတွင် ဂိမ်းကစားစက်အား ရောင်းချထားသည်ကို တွေ့ရကြောင်း ပြောကြားလိုက်သည်။
ဟိုလ်ဒင်က ပြစ်မှု ကျူးလွန်မိကြောင်း အရှေ့ယော့ခ်ပြည်နယ်ရှိ ဟားလ်ခရောင်း တရားရုံးတွင် ဝန်ခံခဲ့သဖြင့် ၎င်းအား အာမခံဖြင့် လွှတ်ပေးထားလိုက်သည်။ အမှုအား မေလ ၂၅ ရက်နေ့တွင် စီရင်ချက် ချမည်ဖြစ်သည်။
မိုက်ကယ်က ဟိုလ်ဒင်သည် ၎င်း၏ သူငယ်ချင်းဖြစ်ကြောင်း၊ ၎င်းတွင် နေစရာ မရှိသဖြင့် မိမိနှင့်အတူ နေစေခဲ့ကြောင်း၊ သို့သော် အိမ်ငှားခ မပေးသဖြင့် ၎င်းအား မောင်းထုတ်ခဲ့ရကြောင်း၊ ထို့ကြောင့် ၎င်းက မိမိ၏ နေအိမ်တွင်းသို့ ပြည်လည် ဝင်ရောက်၍ ပစ္စည်းခိုးယူကြောင်း၊ ၎င်းအား ဖမ်းမိသည့်အတွက် ကျေနပ်ဝမ်းမြောက်မိကြောင်း၊ ဖေ့စ်ဘွတ်ခ်သည် အလွန်အသုံးဝင်ကြောင်း ပြောကြားလိုက်သည်။
@ Hot News Weekly Journal
No comments:
Post a Comment