ဧဒင်အချစ်ပုံပြင်: ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း

Saturday 29 September 2012

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်း

ထွန်းအိန္ဒြာဗိုနှင့် တွေ့ဆုံခြင်းတစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့ပြီး လုပ်ခဲ့သမျှ တစ်ကိုယ်တော်ပွဲတိုင်းလည်း ရုံပြည့်ရုံလျှံ အားပေးခြင်းခံရသူ အဆိုတော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုဟာ ရန်ကုန်မှာ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၈ ရက် အမျိုးသားဇာတ်ရုံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ တစ်ကိုယ်တော်စီးရီး ၁၁ ခွေနဲ့ အတွဲခွေစီးရီးများစွာ သီဆိုထားပြီး ရန်ကုန်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်နဲ့ မန္တလေးမှာ တစ်ကြိမ်၊ အမေရိကန်ပြည်ထောင်စုမှာ ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အကျိုးအမြတ်အားလုံးကို ပြန်လှူဖို့ ရည်ရွယ်ထားတဲ့ သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲအကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုပိုင်းမှာ ပြောင်းလဲသွားတဲ့ သူမရဲ့သဘောထားများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး – တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဘာကြောင့် လုပ်ဖြစ်သွားတာလဲ။
ဖြေ – အမေစု(ဒေါ်အောင်ဆန်းစုကြည်) လွတ်လာတဲ့အချိန်မှာ အမေစုကို လှူချင်တဲ့စိတ်ရှိတယ်။ အဲဒီအချိန်ကတည်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ ကျွန်မရဲ့ ပရိသတ်တွေကကျတော့ အသက်ကြီးသွားတော့ ရာသီဥတုကောင်းကောင်းမှာ ၀တ်ကောင်းစားလှတွေနဲ့ လှလှပပ၀တ်စားပြီး လာပျော်ကြတဲ့သူတွေများတာကြောင့် ရာသီဥတုသာယာတဲ့ ဆောင်းတွင်းကို ရွေးလိုက်တာကြောင့် နောက်ကျသွားတာပါ။ အမေစုကို လှူချင်လို့လုပ်တဲ့ ရှိုးလေးပါ။
မေး – ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်လိုလုပ်ငန်းမျိုးကို အဓိကထားပြီး လှူမှာပါလဲ။
ဖြေ – ကျွန်မမှာ ကလေးရှိတော့ ကလေးတွေအားလုံးကို စိတ်ဝင်စားတယ်။ ဒါကြောင့် အမေစုရဲ့
ပညာရေးကွန်ရက်ကို အဓိကထားလှူမယ်။ ကျွန်မတို့တိုင်းပြည်မှာ လှူစရာနေရာတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ကျွန်မအစီအစဉ်က နှမ်းတစ်စေ့ပဲဖြစ်ချင်ဖြစ်ပါစေ။ အဲဒီနှမ်းတစ်စေ့လေးကို လိုအပ်တဲ့နေရာကို ပို့ပေးချင်တယ်။ ပညာရေးကွန်ရက်အပြင် ငါးနေရာလောက် ခွဲလှူဖို့ရှိပါတယ်။ ကျန်တဲ့နေရာတွေကတော့ စဉ်းစားတိုင်ပင်တုန်းပါ။
မေး – တစ်ကိုယ်တော်ဖျော်ဖြေပွဲဆိုတာ အချိန်၊ ငွေ၊ လူအင်အား အရမ်းသုံးရပါတယ်။ အစ်မရဲ့ အနုပညာလုပ်ငန်းတွေကို တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ဘယ်လိုစီမံခန့်ခွဲထားပါသလဲ။
ဖြေ – ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ကတည်းက ကားရိုက်ရပ်လိုက်ပြီး တစ်ကိုယ်တော်ရှိုးအတွက်ကို အချိန်ပေးလိုက်တယ်။ အစက နိုဝင်ဘာ ၃ ရက်လုပ်မလို့။ ဒါပေမဲ့ ဇာတ်ရုံကို လှမ်းချိတ်လိုက်တဲ့အခါ နိုဝင်ဘာတစ်လလုံးရဲ့ စနေ၊ တနင်္ဂနွေက လုံးဝမရဘူး။ ရတဲ့ကြားရက်ယူလိုက်တော့ တန်ဆောင်မုန်းလပြည့်နေ့ လုပ်ဖြစ်သွားတော့ ကြားမှာ တစ်လလောက်နားလိုက်ရတယ်။ နားရတာထက် ဒီအတွက် ကျွန်မ ဘယ်လိုအားစိုက်ထားတယ်ဆိုတာ သိစေချင်တာ။
မေး – ဒီပွဲအတွက် သီချင်းတွေကို ဘယ်လိုရွေးချယ်ထားပါသလဲ။ ဧည့်သည်အဆိုတော် စာရင်းလေးလည်း အတည်ပြုပြီးသလောက် ပြောပြပေးပါဦး။
ဖြေ – ပထမဆုံး ကျွန်မစိတ်ကြိုက်ဖြစ်တာရွေးတယ်။ ကျွန်မရဲ့ အဖွဲ့နဲ့လည်း တိုင်ပင်တယ်။ တီးဝိုင်းက ကိုဥက္ကာဦးသာကလည်း ၀ိုင်းကူပေးတယ်။ ကျွန်မနာမည်ခံပြီး လုပ်ခဲ့သမျှ ရှိုးတိုင်းမှာ ဘယ်သူ့နာမည်မှ ကြိုပြီး ကြေညာလေ့မရှိပါဘူး။ ဒါကလည်း သူတို့နာမည်ကို မသုံးချင်တဲ့အတွက်၊ လာကြည့်တဲ့ပရိသတ်တွေကိုလည်း အံ့သြစေချင်တာပါ။ အနုပညာ မောင်နှမတွေအားလုံးက မေတ္တာနဲ့ ၀ိုင်းကူကြမှာပါ။
မေး – အရင်ပွဲတွေတုန်းက အက်ဖ်အမ်လိုင်းတွေနဲ့ပေါင်းပြီး ပရိသတ်တွေတောင်းတဲ့ သီချင်းတွေ ဆိုပေးခဲ့တယ်။ အခုပွဲရော အဲဒီလိုအစီအစဉ် ပါဖြစ်ဦးမလား။
ဖြေ – မပါတော့ဘူးညီမ။ ဒီတစ်ခေါက်ပွဲကို Sky Net က တိုက်ရိုက်လွှင့်မှာဖြစ်လို့ပါ။ အလှူပွဲဆိုပြီး ကြီးကျယ်ခမ်းနားစွာ ကျွန်မကို ဂုဏ်ပြုဖို့မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ နှမ်းတစ်စေ့လေးဖြစ်ရင် ကျေနပ်ပါပြီ။
မေး – အရင်ကလည်း တစ်ကိုယ်တော်ပွဲတွေ လုပ်ခဲ့တော့ ဒီပွဲကို အရင်ပွဲတွေနဲ့မတူအောင် ဘယ်လိုပြင်ဆင်ထားပါသလဲ။
ဖြေ – သက်လုံကောင်းအောင် ကြိုးစားပြီး သီချင်းတွေကို ခုကတည်းက အော်ဟစ်လေ့ကျင့်နေတယ်။ သီချင်းတွေကို ပုံစံတွေ ပြောင်းထားပါတယ်။ အရင်ဆိုဖူးတဲ့ သီချင်းအနည်းငယ်ပါသလို မဆိုဖူးတဲ့ သီချင်းအသစ်တွေလည်း ပါပါတယ်။ သီချင်းအပုဒ် ၁၃၀ ကျော်လောက် ကျွန်မမှာရှိတော့ လူကြိုက်ပြီးသား မထည့်မဖြစ်လေးလည်း ပါတယ်။ အကအဖွဲ့တွေလည်း ပါမယ်။
မေး – ဒီပွဲကို စီစဉ်နေရင်းနဲ့မှ ထပ်ထည့်ချင်လာတဲ့ အကြောင်းအရာလေးတွေရော ရှိလား။
ဖြေ – အခုရွေးထားတဲ့ သီချင်းတွေ တကယ်တိုက်ကြည့်ချိန်မှာ မူထဲဝင်မ၀င်ကို လေ့လာပြီး ဆုံးဖြတ်ရမှာပါ။ ပွဲအစမှာတော့ LED ဘုတ်မှာ ဇာတ်လမ်းတိုလေးနဲ့ စဖွင့်မယ်။ စင်ပေါ်မှာ ကျွန်မထွက်လာမယ့်အရုပ်နဲ့ ချိတ်ဆက်ထားတယ်။ ဒီဇာတ်လမ်းတို့ကိုတော့ ကိုလူမင်းက မေတ္တာနဲ့ ဒါရိုက်တာအဖြစ် ရိုက်ပေးထားတာပါ။
မေး – ရုပ်ရှင်နဲ့ပတ်သက်ပြီး နည်းနည်းမေးချင်ပါတယ်။ အကယ်ဒမီ စိစစ်ရွေးချယ်ရေးအဖွဲ့ကို သရုပ်ဆောင်အလွှာက နှစ်ဦးထည့်သွင်း ဖွဲ့စည်းလိုက်တော့ ၂၀၁၁ အကယ်ဒမီဆုဟာ ပရိသတ်တွေနဲ့ ပိုပြီးနီးစပ်လာမယ့် အကယ်ဒမီလို့ ပြောနိုင်ပါပြီလား။
ဖြေ – အနုပညာသမားတွေရဲ့ အရည်အချင်းကို သတ်မှတ်ပြီး ဆုပေးတဲ့ပွဲမှာ ဆုံးဖြတ်တဲ့သူတွေကဏ္ဍမှာ အနုပညာသမား များများပါတာကိုလည်း ကြိုက်ပါတယ်။ ပရိသတ်နဲ့ တိုက်ရိုက်ရွေးချယ်တဲ့ အခြေအနေလေးထိ ဖြစ်စေချင်ပါတယ်။ အဲဒါအကောင်းဆုံးပါ။
မေး – အကယ်ဒမီရဖို့လည်း မရှိဘူးလို့ အစ်မပြောထားဖူးပါတယ်။ အခုရော အကယ်ဒမီကို ပြန်မျှော်လင့်လို့ ရပါပြီလား။
ဖြေ – ရဖို့မရှိဘူးဆိုတာ ဆုံးဖြတ်တဲ့လူကြီးတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒီဘက်ပိုင်းမှာ ကိုယ်ရိုက်ခွင့်ရတဲ့ ဇာတ်လေးတွေက အားရပါးရရှိတာ တော်တော်နည်းတယ်။ ကိုယ်မပိုင်မကျွမ်းကျင်တဲ့ ဇာတ်ရုပ်မျိုးလုပ်ရတာ ဥပမာ ဟာသပေါ့။ ဟာသပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ်၊ တကယ်ပီပြင်ရင် ရမှာပဲ။ ဟာသပိုင်းကို ကျွန်မ မကျွမ်းကျင်တဲ့အတွက် အကယ်ဒမီမရနိုင်ဘူးဆိုတာ ကိုယ့်အနုပညာသက်သက်ကြောင့်ပဲ ပြောတာပါ။
မေး – ခိုးကူးဖမ်းလို့ ဗီဒီယိုဈေးကွက် ပျက်နေတယ်လို့ ရုပ်ရှင်လောကသားအများစုက ပြောကြပါတယ်။ ပရိသတ်အချို့ကျတော့ အရည်အသွေးပိုင်းကို အဓိကပြောလာကြတဲ့အပေါ် အစ်မ ဘယ်လိုမြင်ပါသလဲ။
ဖြေ – ဈေးကွက်ကျဆင်းတဲ့ အနေအထားက အကြောင်းအရာ အများကြီးပါပါတယ်။ သာမန်သုံးသပ်ရရင် ခိုးကူးလည်းပါတယ်။ သဘာဝဘေးဒဏ်တွေလည်း ပါတယ်။ ကချင်မှာလည်း စစ်ဘေးဖြစ်နေတယ်။ ရခိုင်ဆိုလည်း ဒေသအခြေအနေ မကောင်းဘူး။ ဧရာဝတီတစ်ကြောမှာလည်း ရေကြီးတော့ ရုပ်ရှင်ကြည့်ဖို့မစဉ်းစားနိုင်ဘူး။ ဈေးကွက်အဆင်ပြေလောက်တဲ့ ပြည်မကျတော့ ခိုးကူးရှိနေတယ်။ ပရိသတ်ဘက်ကလည်း ရွေးချယ်စရာ ဖျော်ဖြေရေးတွေ များလာတယ်။ ဒါပေမဲ့ ကျွန်မတို့လောကရဲ့ ညံ့ဖျင်းမှုတွေ အများကြီးပါတယ်ဆိုတာလည်း ၀န်ခံပါတယ်။ ညံ့ဖျင်းဖို့အကြောင်းတရားတွေ အများကြီးပေါ် မှီတည်နေလို့လည်း ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့ ရုန်းကန်ကြိုးစားနေကြပါပြီ။
မေး – လိုအပ်ချက်ကြောင့် ပါဖို့သိပ်ခဲယဉ်းသွားတဲ့အထဲကမှ ကမ်းလှမ်းလာတဲ့ ဇာတ်တွေကို ဘယ်လိုရွေးချယ်သွားမှာပါလဲ။
ဖြေ – ခုအချိန်မှာ ကိုယ်က ဇာတ်ကိုရွေးချယ်တာထက် ဇာတ်က ကိုယ့်ကိုရွေးချယ်သွားပြီ။ သူတို့လုပ်မယ့် အကောင်းဆုံးဇာတ်ကားတစ်ကားမှာ မလိုက်ဖက်ဘဲ သုံးမိမှာကို ထုတ်လုပ်သူကိုယ်တိုင် စိုးရိမ်ပါတယ်။ ကျွန်မဆီလာရင်လည်း ကျွန်မအသက်အရွယ်၊ သရုပ်ဆောင်မှု၊ အပြောအဆိုကအစ ဇာတ်နဲ့တကယ်လိုက်ပြီး လိုအပ်မယ့်ဇာတ်ရုပ်ပဲ လာမှာပါ။ ရုပ်ရှင်ကားကြီးမှာတော့ ကျွန်မတို့က အရွေးချယ်ခံဘ၀ ဖြစ်သွားပြီ။
မေး – အစ်မရိုက်ခဲ့တဲ့ ရုပ်ရှင်တွေထဲက ‘တစ်ခါက ဧရာဝတီညများ’ ဇာတ်ကားထဲက ‘အိမ်စိုးမေ’ ဇာတ်ကောင်စရိုက်မျိုး ခုချိန်ထပ်လုပ်ခွင့်ရမယ်ဆိုရင် လုပ်နိုင်ပါဦးမလား။
ဖြေ – အသက်အရွယ်အရတော့ စဉ်းစားရမယ်။ ဒါပေမဲ့ ပြန်သာရိုက်ခွင့်ရခဲ့ရင် အရင်ရိုက်ခွင့်ရတာထက် ပိုရိုက်ချင်တယ်။ အဲဒီကားထဲမှာ နယ်တွေဆင်းပြီး စုစည်းဟောပြောခဲ့တဲ့ ဟောပြောပွဲအခန်းတွေ အကုန်ဖြတ်ခံခဲ့ရတယ်။ အခုအခြေအနေသာဆို ဒီအခန်းတွေ ပါမှာပေါ့။ ဒါကြောင့် ခုအချိန် ပြန်ရိုက်ချင်တာ။ အိမ်စိုးမေအသက်အရွယ် ရှိသေးရဲ့လား တစ်ခုပဲ စိုးရိမ်တယ်။
ကျေးဇူးတင်ပါတယ်။
ရေးသားသူ – အေးသူစံ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...