ဧဒင်အချစ်ပုံပြင်: အရစ်ကျဖုန်းတွေ တသောင်း အပိုဆောင်းနေရတယ်

Saturday 1 December 2012

အရစ်ကျဖုန်းတွေ တသောင်း အပိုဆောင်းနေရတယ်


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကနေ အရစ်ကျ ရောင်းချပေးတဲ့ ဖုန်းတွေကို ကျေးလက်နေ ပြည်သူတွေပါမက အစိုးရ၀န်ထမ်းတွေနဲ့ နယ်တော်တော်များများက ၀ယ်ယူ အသုံးပြုနေတာကို တွေ့ရပါတယ်။
ဒီလို အရစ်ကျပေး စနစ်နဲ့ ရောင်းချထားပေးတဲ့ ဖုန်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တာဝန်ခံနဲ့ အင်ဂျင်နီယာတွေက တဆင့်  ရောင်းချပေးရတာဖြစ်ပြီး ဖုန်းလိုချင်သူတွေ အနေနဲ့ကတော့ ပထမအရစ်အနေနဲ့ ငွေကျပ် ၄သောင်း ပေးသွင်းရမယ်၊ နောက်ပိုင်းလတွေမှာ တလ တသောင်းနှုန်းနဲ့ ပေးသွင်းဖို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားပါတယ်။
ဒါပေမယ့် တချို့မြို့နယ်တွေမှာတော့ တသောင်း ပိုပေးနေရပါတယ် တဲ့။



နေပြည်တော် ဇမ္ဗူသီရိ မှာနေထိုင်သူ တဦးက “ကျွန်မတို့ အစိုးရက အရစ်ကျ ချပေးတဲ့ ဖုန်းကို ရပ်ကွက်အုပ်ချူပ်ရေးမှူးဆီမှာ သွားဝယ်ရပါတယ်။ ပထမဆုံးလမှာ လေးသောင်းပေးရမယ် ဆိုပေမယ့် ငါးသောင်း ပေးရပါတယ်။ တသောင်းက သူတို့ကို အပိုပေးလိုက်ရတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်မတို့ ဆီက လူတွေ တော်တော်များများက ဖုန်းကိုင်ချင်တဲ့အတွက် တသောင်းကို မမြင်ကြပဲ  ကျေကျေ နပ်နပ်ဝယ်ကြပါတယ်”လို့ ပြောပါတယ်။

အရစ်ကျ ၀ယ်ယူမှုအတွက် ဖုန်းစာချူပ်ကိုတော့ မပေးသေးဘဲ ဖုန်းတန်ဖိုး အရစ်ကျ ပေးချေခြင်း ပြီးဆုံးမှသာ စာချူပ်ကို အပ်နှံရမယ်လို့ သိရပါတယ်။

အစိုးရ၀န်ထမ်းများကို ချပေးတဲ့ ဖုန်းများကိုတော့ ငွေကျပ် တသောင်း ပေးစရာမလိုဘဲ နှစ်သိန်း အတိသာ ပေးဆောင်ကြရပြီး တချို့ မြို့နယ်မှာတော့ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေ၊ ကျေးရွာ အုပ်ချူပ်ရေးမှူးတွေက တသောင်း ကျပ် ပိုယူပြီး ဖုန်းကို အရစ်ကျရောင်းပေး တာတွေ တွေ့ရပါတယ်။

တယောက် တသောင်းနှုန်းနဲ့ ယူတဲ့အခါ လူအယောက် ၅၀လောက် ဆိုရင်တော့ ပိုက်ဆံ ငါးသိန်း အမြတ် ထွက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ အစိုးရက ဘယ်လို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားသလဲ၊ တရားဝင် ယူခိုင်းတာလား၊ တရားမ၀င် လားဆိုတာ မသိရပါဘူး။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကနေ ၂၀၁၂ အောက်တိုဘာ ၁ ရက်က စပြီးတော့ ကျေးလက်နေပြည်သူများနဲ့ အစိုးရ ၀န်ထမ်းများ၊ အများပြည်သူများ သက်သာချောင်ချိစွာ ဖုန်းကိုင်နိုင်ဖို့အတွက် အရစ်ကျ စနစ်နဲ့ ရောင်းချပေးခဲ့တာပါ။ ဒီနှစ်ကုန်တဲ့ အထိ ရောင်းချပေး မယ်လို့ ဆိုပါတယ်။

အရစ်ကျ ဖုန်းစီမံချက်ကိုတော့ ဖုန်းအလုံးရေ ၉ သိန်းကျော် ရောင်းချပေးဖို့ စီစဉ်ထားပြီး အခုလက်ရှိမှာတော့ ၆ သိန်းကျော် ရောင်းချပြီးသွားပြီလို့ သိရပါတယ်။

ဖုန်းဈေးနှုန်းတွေကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီလ မှာလည်း တသိန်းကျော်အထိ ထပ်မံကျဆင်းမယ်လို့ ခန့်မှန်း ထားကြပါတယ်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကတော့ ဖုန်းဈေးနှုန်း ကျဆင်းနေရင်လည်း အရစ်ကျ ရောင်းပေးထားတဲ့ လူတွေအတွက်တော့ ပေါက်ဈေးအတိုင်းပဲ ပေးဆောင်စေရမယ်လို့ ပြောကြားထားပါတယ်။    
by-   irrawaddy                                                

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...