ဧဒင်အချစ်ပုံပြင်: ခေတ်သစ် ဒီမို ချစ်တီး ဆိုတာ ...ဒါမျိုးလား

Sunday 22 July 2012

ခေတ်သစ် ဒီမို ချစ်တီး ဆိုတာ ...ဒါမျိုးလား




ဒီနေ့ကြားလိုက်သိလိုက်ရတဲ့သတင်းတပုဒ်ကြောင့်ကျမစိတ်ထဲ တော်တော်ကိုဘ၀င်မကျဖြစ်သွားရပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းတန်မိုဘိုင်းဖုန်းကဒ်များကို အရစ်ကျစနစ်နဲ့ ရောင်းပေးမယ်
ဆိုတဲ့သတင်းပါ။

ကျမတို့ မြစ်မခ မီဒီယာက ဥာဏ်ဥာဏ်ရေးတဲ့သတင်းပါ။`အစိုးရ၀န်ထမ်းများကို (၂)သိန်းဖုန်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဒီသတင်းကို ဖတ်ပြီးတော့ ကျမကတော့ စိတ်ထဲ တော်တော်လေးကို ဘ၀င်မကျဖြစ်သွားပါတယ်။

သာမန်အားဖြင့် ကြည့်ရင်တော့ အရစ်ကျရောင်းပေးမယ်ဆိုတော့ ကျေးဇူးတင်ရမလိုလိုပါဘဲ၊ ဒါပေမဲ့ သေချာ စဉ်းစားကြည့်ရင် လူလည်ကြတဲ့ နည်းလမ်းတစ်ခုလို့ ကျမ မြင်မိပါတယ်။

၂သိန်းတန်ဖုန်းကို အရစ်ကျဝယ်ယူရာမှာ တစ်လကို ကျပ်လေးသောင်း ဖြင့်(၅)လ ပေးသွင်းရမယ် လို့သိရပါတယ်။ ကျပ်နှစ်သိန်းခွဲတန် WCDMAဖုန်း ဝယ်ယူမည်ဆိုပါက တစ်လလျှင် ကျပ် ငါးသောင်းဖြင့် (၅)လအရစ်ကျပေးသွင်းခိုင်းတာပါ။

ဒီလို ဘ၀င်မကျဖြစ်နေတုန်းမှာပဲ အစိုးရ၀န်ထမ်း အသိတဦးက ဖုန်းဆက်လာပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့ ဖုန်းလေး ၀ယ်ချင်လွန်းလို့ ၀ယ်သင့်လားလို့ လှမ်း တိုင်ပင်တာလို့ ပြောပါတယ်။

သူက တလကို လစာငွေ ၅ သောင်းလောက်ရတဲ့ အစိုးရ၀န်ထမ်းတဦးပါ ။ သူ့အနေနဲ့ဖုန်းဝယ်ချင်တယ်၊ခုလို အရစ်ကျ စနစ်နဲ့ ရောင်းပေးတုန်းမှ မ၀ယ်နိုင်ရင် သူ ဘယ်တော့မှ ဖုန်းဝယ်နိုင်မှာ မဟုတ်တော့ဘူး လို့ ပြောပါတယ်။ ဒါပေမဲ့ သူက အပြင်ကနေ လစဉ်ပိုက်ဆံ ၂ သောင်းလောက်ချေးငှားပြီး ဖုန်းဖိုးသွင်းလို့ ကျန်တဲ့ငွေ ၁ သောင်းနဲ့ ဖြစ်အောင်နေမယ်လို့ လည်း ပြောပါတယ်။ (တလ ငွေကျပ် ၃ သောင်းနဲ့ သူ ဘယ်လိုနေမလဲ ဆိုတာ ကျမ မစဉ်းစားတတ်ပါဘူး)

ကျမကတော့ သူ့ကို အဲဒီ အရစ်ကျပေးရမဲ့ ဖုန်းမျိုး လုံးဝ မ၀ယ်သင့်ဘူးလို့ အကြံပေးပါတယ်။ သူတင်မကပါဘူး၊ အခြားလူမေးလာရင်လည်း မ၀ယ်သင့်ကြောင်း ပြောမိမှာပါ၊။

အများတကာတွေလို ဖုန်းဝယ်ကိုင်ချင်ရှာတဲ့ သူ့ကိုလည်း စာနာပါတယ်။ ဒါပေမဲ့ အကြွေးတွေ အထပ်ထပ်တင်ပြီး ချစ်တီးတွေကို လုပ်ကြွေးရမဲ့ အလုပ်မို့ မလုပ်စေချင်တာပါ။

ပြီးတော့ ဖုန်းဈေးတွေက နောက်ပိုင်းကာလတွေမှာ ဒီထက်မက ပိုပြီး ဈေးသက်သာတဲ့ ဖုန်းတွေ ပေါ်လာနိုင်တယ်၊ တနေ့ထက် တနေ့ ဖုန်းဈေးဆိုတာ ကျလာဖို့ပဲ ရှိတယ်၊ ခုထက်လည်း ပိုတက်ပြီး ရောင်းလို့မရတော့ဘူးဆိုတာကိုလည်း သူ့ကို ရှင်းပြပါတယ်။

အဲဒီလိုသူ့ကိုရှင်းပြနေရင်းနဲ့ကို ကျမစိတ်ထဲ တော်တော်လေးကို ဘ၀င်မကျဖြစ်လာခဲ့တယ် ။ဒေါသလည်း ထွက်ခဲ့မိတယ်။

ဒီညနေပိုင်း သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တော့ အစိုးရအရာရှိ သူငယ်ချင်းတယောက်ကလည်း သူ့ဝန်ထမ်းတွေက အရစ်ကျ ငွေချေစနစ်နဲ့ ဖုန်းဝယ်ရမလားလို့ သူ့ကို မေးလာတဲ့အကြောင်း ပြောပါတယ်။

သူကလည်း သူ့ဝန်ထမ်းတွေကို လုံးဝမ၀ယ်ပါနဲ့လို့ ပြောလိုက်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။

`မလုပ်သင့်ဘူးကွာ၊ ဒီလောက် ဆင်းရဲနေတဲ့ ၀န်ထမ်းတွေအပေါ် ချစ်တီးကြတဲ့ အလုပ်တွေကို သူတို့မို့ လုပ်ရက်တယ်၊ ဒီလောက်တောင် စိတ်ဓါတ်တွေက အောက်တန်းကျတယ်။ ငါတော်တော်လေး ရင်နာတယ်`လို့ သူက ပြောတယ်။

သူက လက်ရှိဝန်ကြီးဌာနကြီး တခုက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတယောက်ပါ။ ကျမက သူ့ဆီကနေ ခုလိုမျိုး အသံကြားရတော့ ၀မ်းသာတယ် ကျေနပ်တယ်လို့ ပြန်ပြောလိုက်မိတယ်။

သူ့လို ရာထူးကြီးကြီးမှာ တာဝန်ယူထားတဲ့သူတွေ ဆီက ဒီလိုမျိုး အသံကြားရတိုင်း ကျမ အားတက်မိပါတယ်။ စိတ်ကောင်းရှိတဲ့ အရာရှိတွေ ရှိနေတာဟာ အားတက်စရာပဲ မဟုတ်လား။ ဒါပေမဲ့ အနည်းစု ဖြစ်နေတာကိုတော့ စိတ်ထိခိုက်ရပါတယ်။

ဝန်ကြီးဌာနတွေနဲ့ ပေါင်းပြီး မရှိဆင်းရဲသား ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဆင်းရဲပါတယ်၊ ကြောက်ပါတယ်ဆိုတဲ့အစိုးရ၀န်ထမ်းအများစု ဆီကနေ ဒီ လူတွေဆီကနေ ဘယ်လောက်ရရ ကျောက်ခဲ ရေညှစ်သလို ညှစ်ထုတ်ချင်တဲ့ စိတ်ကူးမျိုးတွေနဲ့ လူမဆန်စွာ တွေးကြ လုပ်ကြပါတယ်။ ဒါမျိုး လူတွေကို ချစ်တီးလို့ ခေါ်ပါသလား။

ဒီလို အချိန်မျိုးမှာတောင်မှ ကိုယ့်အကျိုးစီးပွားအတွက် မရှိဆင်းရဲသားတွေဆီကနေ အမြတ်ထုတ်ချင်တယ်ဆိုတဲ့ ခေတ်ပျက် သူဋ္ဌေးလုပ်ချင်တဲ့သူတွေရဲ့ စိတ်နှလုံးတွေကိုလည်း အံ့သြမိတယ်။ဒီလိုလူမျိုးတွေချစ်တီးတွေကတော့ ခေတ်တိုင်းမှာရှိနေတာပါပဲလို့ ပေါ့ပေါ့မတွေးနိုင်ပါဘူး။
ဒီလူတွေဟာ တိုင်းပြည်နဲ့ ပြည်သူကို ပျက်အောင် ဖျက်နေတဲ့ သူတွေလို့ သဘောထားရပါမယ်။

ဒီလို လူမျိုးတွေကိုလည်း အစိုးရနဲ့ပြည်သူက အားမပေးသင့်ပါဘူး။

ကျမတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူထောင်နေချိန်မှာ ပြုပြင်ပြောင်းလဲရေး ကာလမှာ အစိုးရရော၊ ပြည်သူမှာရော အခက်အခဲတွေ အများကြီး ရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အားလုံးက တိုင်းပြည်အတွက် စိတ်ကောင်းနှလုံးကောင်းထားဖို့ လိုအပ်နေချိန်ပါ။ ကိုယ့်အတွက် အမြတ်ထုတ်ရေးသာ ကြည့်နေမယ်ဆိုရင် ကျမတို့တိုင်းပြည် နွံထဲကနေ ဘယ်လိုမှ ရုန်းထနိုင်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် ၀န်ကြီးဋ္ဌာနတွေက ဆုံးဖြတ်ပေးနိုင်တဲ့ အဆင့်မှာ ရှိနေတဲ့ လူကြီးမင်းတွေက ပိုပြီး စိတ်ကောင်းနှလုံးကောင်းရှိဖို့ လိုပါတယ်။

တိုင်းပြည်နဲ့ပြည်သူလူထုကိုတကယ်ချစ်ဖို့ လိုပါတယ်။ ကိုယ်ကျိုးကို ကြည့်ပြီး ဘယ်သူတွေက ဘယ်လောက်အမြတ်ထုတ်ထုတ်လို့ ခွင့်ပြုပေးနေမယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်ရာ ရောက်ပါတယ်။

တာဝန်ကြီးကြီးယူထားပြီး ကိုယ့်တိုင်းပြည်နဲ့ပြည်သူအပေါ် သစ္စာဖောက်ဖို့ တွန်းအားဖြစ်စေတဲ့ ဒီမိုချစ်တီးတွေရဲ့အန္တရာယ်ကိုလည်း လူကြီးမင်းတို့ သတိထားဖို့ လိုနေပါပြီ။

ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် လုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး သေရင် ကိုယ့်နောက်မပါတဲ့ အရာတွေအတွက် သေရင်ကိုယ့်နောက်ပါမဲ့ အကုသိုလ်အလုပ်တွေကို လုပ်သင့်ရဲ့လား ဆိုတာကိုလည်း စဉ်းစားသင့်ပါပြီ။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်

1 comment:

  1. ဖတ်ရှုသွားပါတယ်နော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...