ဧဒင်အချစ်ပုံပြင်: ကျွန်မကလေးကို ဒီလို ကျောင်းကိုပို.ရမှာကြောက်မိပါတယ်(သတင်း)

Friday 12 October 2012

ကျွန်မကလေးကို ဒီလို ကျောင်းကိုပို.ရမှာကြောက်မိပါတယ်(သတင်း)

11/10/2012 (ကြာသပတေးနေ့) ကျွန်မရဲ့ တူအရင်းခေါက်ခေါက်၊ အထက (၂) စမ်းချောင်း၊ တန်းခွဲ(A)က သူငယ်တန်းကျောင်းသား၊ မောင်လမင်းခန့်။ ရင်ကျပ်ရောဂါရှိတဲ့အတွက် အိမ်နားနီးတဲ့ မိန်းကလေးကျောင်းမှာ မူလတန်းထားထားတာပါ။ သူက စာလိုက်မရေးလို့ သူ့အတန်းပိုင်ဆရာမဒေါ်ခင်မျိုးလွင်က အမှောင်ခန်းထဲ ထည့်မယ်ဆိုပြီး အတင်းဆွဲခေါ်သတဲ့။ သားစာရေးပါ့မယ်... အမှောင်ခန်းထဲ မထည့်ပါနဲ့ တောင်းပန်ငိုယိုနေတာကိုလည်းအတင်းဆွဲခေါ်သတဲ့။ အဲဒီတော့ တူေ
လးက သူ့လက်ထဲမှာကိုင်ထားတဲ့ ခဲတံနဲ့ ဆရာမ တင်ပါးကို ထိုးပါသတဲ့။

ကျောင်းကြိုသွားတဲ့ ကလေးအမေ ကျွန်မယောင်းမကို ဆရာမက မိဘအများကြားမှာ ပြောလိုက်ပါသတဲ့။
(၁) ကလေးကို နောက်နေ့တွေ ကျောင်းလာမပို့နဲ့တော့
(၂) ကလေးက Normal မဟုတ်ဘူး၊ ဆရာမကိုတောင် ဒီလိုလုပ်တယ်ဆိုရင်၊ ကျန်တဲ့ကျောင်းသားတွေကိုပါ ဒီလိုလုပ်လိမ့်မယ်လို့ ကျောင်းကြိုလာတဲ့ မိဘတွေကို ပြောပါသတဲ့။
“ဆရာဝန်ပြဖို့ နင်တို့ ဆရာဝန်မသိရင် ငါ့လာမေး” လို့လည်း ပြောလိုက်ပါသေးသတဲ့။ နင့်ကလေးလုပ်တာကိုလည်း ငါက ခဲတံကို “သက်သေ”အဖြစ်
ယူထားလိုက်ပြီ၊ နောက်နေ့တွေ ကျောင်းလာစရာ မလိုကြောင်း ပြောလွှတ်လိုက်ပါတယ်။

ကလေးရဲ့ လုပ်ရပ်ကိုသာ မဲပြောပြီး ကလေးက အရူးဖြစ်တယ်လို့ ကျောင်းဆင်းချိန်မှာ အရှက်ခွဲ ပြောဆိုတဲ့ ဆရာမဟာ ဘာကြောင့် ဒီလိုကာဗာယူပြောသလည်းဆိုတာ ပူးတွဲပါ ဓာတ်ပုံမှာသာ ကြည့်ကြပါတော့။ ကျွန်မတို့ ကလေးက အသားအရည် ကြည်လင်နေအောင် ဖြူပါတယ်။ ကျောင်းက ပြန်လာကာစ ကလေးပါးမှာ လက်ချောင်းရာတွေ တွေ့ရပါတယ်။ ကျွန်မတို့ မိသားစု ဆွေးနွေးဆုံးဖြတ်ပြီး ရဲစခန်းနဲ့ ဆေးရုံက ပြန်လာချိန် ဒီဓာတ်ပုံကို ရိုက်ယူချိန် ည ၁၀နာရီမှာ အစင်းရာ ၂ကြောင်း ကလေးပါးမှာ ကျန်ပါသေးတယ်။ ၀ဲဖက်လက်ဖျံမှာ သွေးထွက်ရာ အပေါက်ကလေး တွေ့ပါတယ်။ ၀ဲနားရွက် ညိုနေပါတယ်။

ဒီလုပ်ရပ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
(၁) ပထမအကြိမ်မှာတုန်းက ကျောင်းပျော်ကလေးဟာ ကျောင်းသွားဖို့ ငြင်းလာပါတယ်။ ဘာလို့လည်း ချော့မေးတော့ ဆရာမက စာမပြီးလို့ အမှောင်ခန်းထဲ ထည့်တာ သားကြောက်တယ်တဲ့လေ။ ကျွန်မလိုက်သွားပါတယ်။ ဆရာမက ကလေးဟာ Ready made ဖြစ်မလာလို့ သူ သိပ်ပင်ပန်းတယ်လို့ ပြောပါတယ်။ Ready made ဆိုတာ ဘာလည်းဆိုတော့ တစ်ခြားကလေးတွေက သူငယ်တန်းလာတက်တာ စာတွေ အကုန်ရပြီးသား၊ ကျွန်မတို့ ကလေးက မရလို့တဲ့လေ။ သေချာပါတယ် ကျွန်မတို့ကလေးက သင်ပုန်းကြီးကို နှုတ်တိုက်ရပါတယ်။ ကကြီးခခွေး ရေးတတ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတော့ မရသေးဘူး။ အစိုးရပိုင်၊ အခြေခံပညာကျောင်းမှာ သူငယ်တန်းတက်တာ ရယ်ဒီမိတ် လုပ်ပေးလိုက်ရမယ်မှန်း မသိခဲ့မိတဲ့ ကျွန်မတို့ အပြစ်ပဲ ထားပါတော့။ ကျွန်မပြောခဲ့ပါတယ်။ ဆရာမရယ် ဆုံးမပါ။ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ အမှောင်ခန်းဆိုတာကို ကလေးက ကြောက်တာတော့ ကျွန်မတို့ စိတ်မကောင်းလို့လို့ ပြောလိုက်ပါတယ်။ သူက “စိန်ဖလိုးမှာ တကယ် အမှောင်ခန်း မရှိပါဘူးတဲ့။ ကျောင်းအုပ်ရုံးခန်းမှာ ထည့်ပြီး ပိတ်ထားခြင်းသာဖြစ်တယ်”လို့ ပြောပါတယ်။ သူ ဒီလုပ်ရပ်ကို လုပ်တဲ့အချိန်မှာလည်း ဒုကျောင်းအုပ် ဒေါ်နှင်းနှင်းမြင့်ကိုယ်တိုင် မြင်တဲ့အတွက် ကလေးရဲ့ အခြေအနေကို ဒေါ်နှင်းနှင်းမြင့် သိသွားပါတယ်တဲ့။ ကျွန်မက .... ဆရာမဒေါ်နှင်းနှင်းမြင့်ဆိုတာ ကျွန်မ ကိုးတန်းတုန်းက ဆရာမပါ။ ဆရာမက ဘာအခြေအနေကို ပြောတာလည်းဆိုတော့ စာကို ငြိမ်ငြိမ် မလုပ်တာကိုလေတဲ့။ ဆရာဝန်ပြကြည့်ပါလားတဲ့။ ယောက်ျားလေး ၆နှစ်သား၊ သူငယ်တန်း ကဏှာမငြိမ် လက်လက်စင်ဆော့တာကို ကျွန်မက ဘယ်ဆရာဝန် သွားပြရမလည်း (ဒါ သူ့ကို ပြောခဲ့တဲ့ စကား မဟုတ်ပါဘူး၊ ကိုယ့်ရင်တွင်းစကားပါ)။ ဟုတ်ပြီ... ဒါဆို ကျွန်မတို့ ဘာလုပ်ပေးရမလည်းဆိုတော့ ကျူရှင်ထားပါတဲ့။ ဟုတ်ကဲ့ ထားပါမယ်ဆိုပြီး သူ့ဆီထားပါတယ်။ ဒါလည်း ကျွန်မကျူရှင်ထားရုံနဲ့ မရဘူးနော်၊ ကျွန်မမှာ ကျူရှင်တွေကများ... သူငယ်တန်းဒင်း(Dean)လည်း ဖြစ်ပြန်တော့ သူ့ကို စာရေးတာ လက်ကိုင်စာသင်ဖို့ ကျွန်မ မအားဘူးတဲ့။ ဟုတ်ပါပြီ.... အိမ်မှာ ကျူရှင်ဆရာမ ထပ်ခေါ်ခဲ့ပါတယ်။ သူငယ်တန်းကလေး ကျူရှင်လခက အတန်းပိုင်ဆရာမကျူရှင် ၁၅၀၀၀၊ ကျူရှင်နောက်တစ်ခု ၂၅၀၀၀... စုစုပေါင်း တစ်လ လေးသောင်းပါ။ တစ်ခြားကျူရှင်ခေါ်ပြီးတော့လည်း မငြိမ်းပါဘူး။ နောက်တစ်ရက် ခေါ်ပြန်ပါတယ်။ လမင်းခန့်အတွက် သင့်တော်မဲ့ ကျူရှင်ဆရာမ သူရှာထားသတဲ့။ သူရှာပေးတာဆိုတော့ သူ့အာဘော်နဲ့ညီအောင် သင်နိုင်ပါလိမ့်မယ်တဲ့။ ကျွန်မ လက်မခံခဲ့ပါဘူး။ အဆင်ပြေနေပြီဖြစ်တဲ့ ကျူရှင်ဆရာမကို ဖြုတ်ပြီး သူ့လူနဲ့ မပြောင်းနိုင်တော့ပါဘူး။ ဒါက ကလေးရှေ့ရေး၊ ကျူရှင်ဆရာမလေးရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်တာပါ။

(၂) တကယ်တမ်း ပထမဦးဆုံးအကြိမ် သူငယ်တန်းတွေ စာမေးပွဲ ဖြေဆိုချိန်မှာ ကလေးက တစ်ဘာသာတည်း ၉၈မှတ်၊ ကျန်တာ အမှတ်ပြည့်ရပါတယ်။ ဒါတောင် ၅၀ဖိုးဖြေ ၂နဲ့ မြှောက်ထားတဲ့ ရလဒ်ပါ။ အဲဒီတော့ တစ်ခြားကျောင်းသားတွေကို ပြောပါသတဲ့။ လမင်းခန့် xျီး ကျွေးရမယ်တဲ့။ ကလေးက “သားသား xျီး ဘာလို့ သူများကျွေးရမှာလည်း၊ အဲဒါက စားရတာ မဟုတ်ဘူးမလား”လို့ ပြောပါတယ်။ စာမေးပွဲအတန်းစောင့်ဆရာမကတော့ ပြောပါတယ်... သူ(ဒေါ်ခင်မျိုးလွင်)ကသာ ကလေးက ဘာဖြစ်တယ် ညာဖြစ်တယ်ပြောတာ.... ကလေးက စာမေးပွဲဖြေတာ ဖြောင့်နေတာပဲ။ လက်ချောင်းလေးတွေထောင်ပြီး.... ၅နဲ့ ၅နဲ့ ပေါင်းမယ်၊....... ဆိုပြီးကို ရေးနေတာပါတဲ့လေ။ ကျောင်းက သင်္ချာဆရာမကလည်း ပြောပါတယ်... ကလေးဆိုတာ ကြမ်းလို့မရဘူး၊ ချော့ပြောရင် ရတာပဲလေတဲ့။ လမင်းလေးက ချော့တာခံချင်တဲ့ ကလေးမျိုးလို့ ပြောပါတယ်။

(၃) နောက်တစ်ခါ အဲဒီဆရာမက ခေါ်ပြန်ပါတယ်။ သူ့လော့ကတ်သီးလေးကို လမင်းခန့်က ညှစ်လိုက်လို့ ကျိုးသွားတယ်တဲ့။ ကျွန်မတို့ အဲဒီလော့ကတ်သီးကို ပြန်ဆက်ပေးခဲ့ပါတယ်။ နောက်ထပ် လော့ကတ်သီးတစ်လုံးလည်း လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဒါက ဆရာမကို အားနာလို့ကို ပေးခဲ့တာပါ။ ပေးခဲ့ရတာ ကျွန်မတို့ စေတနာသက်သက်ပါ။ ဖြစ်စဉ်ကို နားထောင်ကြည့်တော့..... ဆရာမရဲ့ စားပွဲအောက်က အကန့်လေးကို ကလေးက ၀င်ဝင်နေသတဲ့။ အဲဒါကို အတင်းဆွဲထုတ်ရင်း ကလေးက လော့ကတ်သီးညှစ်မိတာလို့ ပြောပါတယ်..... အဲဒါနဲ့ ကျွန်မက သားလေးရယ်... ဘာလို့ ဆရာမစားပွဲခုံအောက် သွားဝင်နေရတာလည်းဆိုတော့ ဖြေပုံလေးက... ကျွန်မသာ သူ့ဆရာမသာဆို သိပ်ချစ်မိမှာပါ..... “ဆရာမကို သားသားက ချစ်လို့...”တဲ့။

(၄) လွန်ခဲ့တဲ့ တစ်လလောက်က ကလေးရဲ့ ညာဖက်မျက်လုံးထောင့်စွန်းမှာ သွေးထွက်လာတာ နှစ်နေရာ ပါလာပါတယ်။ ကလေးချင်းများ ဖြစ်လေသလား ကျွန်မတို့ လိုက်သွားပါတ်ယ... ကိုယ့်ကလေးတောင် ဒီလေက်ထိလာတာ တစ်ခြားကလေးကို တောင်းပန်သင့် တောင်းပန်ရအောင်ပါ။ ကလေးချင်း မဟုတ်ပါတဲ့။ မီးခလုပ်လှမ်းဖွင့်လို့ ဆရာမက ကြိမ်လုံးနဲ့ လှမ်းရိုက်လိုက်တာ ညာဖက် မျက်လုံးထောင့်စွန်းမှာ ၂နေရာ ပဲ့ထွက်သွားတာပါတဲ့။ ကျွန်မတို့ သည်းခံပါတယ်။ ဟုတ်တယ်။ မီးခလုပ်ကိုင်တာ ဆူရမယ်... ရိုက်သင့် ရိုက်ရမယ်။ ဒါ... မတော်တဆဖြစ်တာလို့ ကျွန်မတို့ ခံယူခဲ့ပါတယ်။ အဲဒီ ဒဏ်ရာက တုတ်နဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ဒီကနေ့ 11/10/2012 အထိ ရှင်းရှင်း မပျောက်သေးပါဘူး။

အခု ဒီတစ်ခေါက်တော့ ကျွန်မတို့မသားစုကတော့ သည်းခံသင့်တယ် မထင်တော့ပါဘူး။ ကလေးပါးမှာ ပါး (သို့မဟုတ)် နားထင်ကို ရိုက်ချထားတဲ့ လက်ချောင်းရာတွေ တွေ့လိုက်ရပါတယ်။ မျက်နှာမှာ ခြစ်ရာ ၂ခု၊ လက်ဖျံမှာ အပေါက်သေးလေးက သွေးထွက်နေတာတစ်ခု... တစ်ကိုယ်လုံးလည်း ဆွဲလွဲထားတာ ကျွန်မတူကလေးရဲ့ ဖြူဖြူကြည်ကြည်အသားလေးက နီတောက်နေပါတယ်။ ၀ဲနားရွက် ညိုမည်းလာပါတယ်။

ကျွန်မ အဖေနဲ့ အမေဟာ မြေးလေး ဖြစ်လာတာမြင်ပြီး သွေးတွေတိုး လဲနေပါတယ်။ အဖေ့မျက်နှာ ရဲရဲတောက်နေတာ ကျွန်မဖြင့် အဖေတစ်ခုခု ဖြစ်သွားမှာ အတော်ကြောက်မိပါတယ်။ ဒီနေ့ညကတော့ ကျွန်မတို့ မိသားစုတွေ ငိုကြ၊ မခံချင်စိတ်တွေဖြစ်ကြ... မိသားစု အစည်းအဝေးထိုင်ကြပါတယ်။ ကျွန်မအမေက အထက(၁)ဒဂုံက အငြိမ်းစားယူထားတဲ့ ဆရာမ “ဒေါ်မာမာတင်”ပါ။ အဖေ “ဦးဘို”ကတော့ ဟိုတယ်ခရီးက မန်နေဂျာ၊ အဲဒီကနေမှ Savoy Hotel မှာ Director (Admin &Finance) မှာ လုပ်ခဲ့တဲ့သူပါ။ အခုလက်ရှိ ဆေးရုံသုံးပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာ တစ်ပတ် ၂ရက် အကြံပေးအနေနဲ့ ပြန်လုပ်နေတဲ့ ပင်စင်စားတွေပါ။ ဆိုလိုတာက ကျွန်တို့ စိတ်ဓာတ်၊ ဘ၀ကို ရိုးရိုးသားသား ပညာနဲ့ ရှင်သန်နေထိုင်တဲ့သူတွေ ဖြစ်ကြောင်း သိစေချင်တာပါ။

ကျွန်မကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှာ ဆရာမလုပ်ခဲ့ပါတယ်။ ဖေ့ဘုတ်ပေါ်မှာကို တပည့်တွေ အများကြီးရှိပါတယ်။ ကလေးတွေကို ကျွန်မ ဘယ်လို ဆက်ဆံခဲ့တယ်၊ ဘယ်လို စာသင်ခဲ့တယ် သူတို့တွေ သိပါတယ်။ ၁၀တန်းကလေးပဲ ကျူရှင်သင်ခဲ့ပေမဲ့ ကိုယ့်တက္ကသိုလ်က ကလေးကို လုံးဝ ကျူရှင်မပေးခဲ့ပါဘူး။ အပြင်လောကမှာလည်း ကျွန်မတို့ မိသားစုက ဘယ်လိုဆိုတာ စုံစမ်းနိုင်ပါတယ်။ ဒီဆရာမအပေါ် အနာကြီးနာစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။

သို့သော်လည်း ကျွန်မတို့ မိသားစု အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တို့ ကလေးလေး စိတ်ဒဏ်ရာ ရသွားပြီ။ ဒီဒဏ်ရာမျိုးကို နောက်နောင် ကျွန်မတူကို လုံးဝ အပေးမခံနိုင်တော့ပါဘူး။ ထို့အတူပဲ…. ဆရာစိတ်၊ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းစိတ် မသွင်းနိုင်ပဲ ဆရာဝင်လုပ်နေ၊ ၀န်ထမ်းဝင်လုပ်နေသူရဲ့လက်ထဲမှာ တစ်ခြား ကလေးလေးတွေကိုပါ ကျွန်မတူကလေး ကြုံရသလို (ခုထိ အသားတွေတုန်အောင်ကြောက်နေဆဲ) အဖြစ်ဆိုးမျိုး မပေးချင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ စမ်းချောင်းရဲစခန်းမှာ ဒဏ်ရာတွေပြပြီး၊ အနောက်ပိုင်းဆေးရုံမှာ ဆေးစာယူခဲ့ပါပြီ။ မနက်ဖြန်မှာ ကျောင်းအုပ်ဆရာမကြီးနဲ့ တစ်ခြားတာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးပြီး ဒီဆရာမအပေါ် Action ယူခိုင်းပါမယ်။ ဒီ Action နဲ့ မလုံလောက်ရင် အဆင့်ဆင့် တက်သွားပါမယ်။ အဆုံးထိ ဒီကိစ္စကို ဖြေရှင်းပါမယ်။

ကလေးခဲတံနဲ့ထိုးတဲ့ တင်ပါးက ဒဏ်ရာကြောင့် ဆရာမဒေါသက ကလေးပါးပေါ် လက်တွေပေါ် နားရွက်သေးသေးလေးပေါ် ရောက်ပါတယ်။ ကလေးကို အသားတွေနီရဲလာအောင် ဆွဲဆောင့်တယ်… နောက်နေ့ကစပြီး ကျောင်းမလာတော့ဖို့ ပြောတယ်။ Normal ကလေး မဟုတ်ကြောင်း တစ်ခြားကျောင်းသား၊ မိဘတွေ သိအောင် အော်ဟစ်ပြောဆိုတယ်။ ကျွန်မဆို ဟင်္သာတတက္ကသိုလ်မှာ တာဝန်ကျတုန်းက ကျောင်းသူတစ်ယောက်က အဝေးက ပြေးလာပြီး ကျွန်မကျောကို လှမ်းဖက်တာ အရှိန်လွန်ပြီး နှစ်ယောက်လုံး မှောက်ထိုးလဲပါတယ်။ ကျွန်မက အောက်မှာပိနေတော့ ကျွန်မ ပိုအထိနာခဲ့ပါတယ်။ ဆရာမကို ချစ်လို့ ဖက်တာ… ဆရာမက တပည့်လုပ်လို့ နာသွားပြီး၊ သွေးထွက်သွားရတယ် လက်စားပြန်ချေ ခဲနဲ့ ကောက်ထုရမလား။ ကျွန်မတို့ အရပ်သားလည်းမဟုတ်၊ သာမာန်ဝန်ထမ်းလည်း မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို တာဝန်ထမ်းဆောင်ရတဲ့ ဆရာမတွေပါ။ ကျွန်မ အရပ်သားစိတ်နဲ့ စိတ်ဆိုးပြီး ကလေးကို ပြန်လုပ်ဖို့ ဖြစ်နိုင်ပါ့မလားရှင်။ ဒီဆရာမအတွက်တော့ ကျွန်မတို့ Action ယူတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားလမ်းကြောင်း ရှာမတွေ့တော့ပါဘူး။

ကျွန်မကိုယ်တိုင် ၀န်ထမ်းဖြစ်ခဲ့သူပါ။ ၀န်ထမ်းများဖက်က အမြဲရပ်တည်ပြီး ပြောခဲ့တဲ့သူပါ။ တက္ကသိုလ်တွေမှာ၊ ၁၀တန်းစာစစ်ချိန်တွေမှာ၊ ဖောင်ကြီးသင်တန်းမှာ လုပ်ဖော်ကိုင်ဖက်၊ ရဲမေတွေနဲ့ စားကောင်းသောက်ကောင်း ဘ၀ရဲ့ အမှတ်တရ အပျော်တွေရခဲ့တဲ့ အထိ ၀န်ထမ်းဘ၀၊ ဆရာမဘ၀ကို ချစ်မြတ်နိုးခဲ့သူပါ။ အိမ်ထောင်ကျပြီးမှ အခြေအနေအရပ်ရပ်ကြောင့် ပါရဂူဘွဲ့ရပြီးမှ ဆရာမဘ၀ကို ကျောခိုင်းခဲ့တဲ့သူပါ။ ဒီဆရာမအပေါ် ပညာရေးဝန်ထမ်းအချင်းချင်း ဒုက္ခမရောက်စေချင်ပါဘူး။

သို့သော်လည်း… သူများတွေ သူ့လက်ချက်မိခဲ့သူတွေအများကြီးဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ခံစားရပါပြီ။ အဲဒီတော့ “ပြောမှသိ၊ ထိမှနာ၊ နာမှသေ” ရတော့တဲ့ဘ၀ ရောက်နေပါပြီ။ ကျွန်မတို့ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် နိုင်ငံတည်ဆောက်ရာမှာ ဒီလူတွေ ဒရွတ်ဆွဲလိုက်နေရင် ပညာရေးလောကကြီး ပြန်လည်ရှင်သန်လာဖို့ နှောင့်နှေးပါမယ်။ ၀န်ထမ်းချင်း ကာဗာလုပ်ပေးချင်တဲ့ အတွေးအခေါ်ကို ခေါင်းထဲက ထုတ်လိုက်ပါပြီ။ ဒီဆရာမ၊ ဒီဝန်ထမ်းဟာ ကိုယ်က သည်းခံလိုက်ရင် ထပ်ထပ် အတင့်ရဲလာတာ ကိုယ်တိုင် ခံစားလိုက်ရပါပြီ။ တစ်ခြားကလေး၊ တစ်ခြားမိဘတွေကို ကျွန်မတို့ ကလေးလေးခံစားရသလို မခံစားရစေချင်ဘူး။ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသေးသေးလေးတွေကို ဒီလို ရုန့်ရင်းကြမ်းတမ်း ဆက်ဆံတာမျိုးကို ကျွန်မတို့ မိသားစုက တွန်းလှန်ပါတော့မယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပညာရေးလောကက ဘယ်လို Action မျိုး ယူပေးလေမလည်း… စောင့်ကြည့်ကြတာပေါ့နော်။
ကူးယူဖော်ပြဝေငှလိုက်ပါတယ်နော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...