ဧဒင်အချစ်ပုံပြင်: 'Resident Evil' လူသတ်သမား များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

Tuesday, 9 October 2012

'Resident Evil' လူသတ်သမား များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ဗြိတိန်နိုင်ငံ၊ Norfolk မြို့နေ အမျိုးသား တစ်ဦးအား Resident Evil ရုပ်ရှင်ထဲမှ ပုံစံဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံ ၃ ဦးအား တရားရုံးမှ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။
Derek Blake (၄၄ နှစ်) အား ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ယင်း၏ ရေချိုးခံအတွင်း၌ ဒဏ်ရာများ၊ အပူလောင်ရာများဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။
တရားခံများဖြစ်သည့် Ricky Roys (၂၀ နှစ်) ၊ Andrew Brown (၄၂ နှစ်) နှင့် Helen Cooke (၁၉ နှစ်) တို့က တရားသူကြီးထံ လူသတ်မှုအတွက် ဝန်ခံထွက်ဆိုမှု အပြီးနောက် Norwich ခရိုင် တရားရုံးက ထောင်ဒဏ် ၂၀ နှစ်၊ ၂၃ နှစ်နှင့် ၁၈ နှစ်တို့ အသီးသီး ချမှတ်ခဲ့သည်။
Mr. Blake ၏ ရုပ်အလောင်းအား စစ်ဆေးချက်အရ ယင်း၏ ခန္ဒာကိုယ်တွင် ဒဏ်ရာဒဏ်ချက်ပေါင်း ၁၀၄
ခုအား တွေ့ရှိခဲ့ရပြီး “လွန်စွာမှ နာကျင်ပြီး လူမဆန်သည့်” လုပ်ရပ်မှ ရရှိခဲ့သည့် ဒဏ်ရာများဟု သိရှိရသည်။
တရားခံတစ်ဦးက ယင်းတို့၏ မူးယစ်ပြီး သတ်ဖြတ်ခဲ့မှုအား Resident Evil ရုပ်ရှင်ထဲမှ သတ်ဖြတ်မှုများကဲ့သို့ ဆောင်ရွက်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။ တရားခံများအနေဖြင့် Mr. Blake အား ရေနွေးပူဖြင့် လောင်းခြင်း၊ အကြောများအား ဖြတ်ခြင်း၊ ဘိလိယက်ထိုးတံဖြင့် ထိုးနှက်ပြီး နှိပ်စက်ခြင်း စသည်တို့အား ရက်ရက်စက်စက် လူမဆန်စွာ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ထို့အပြင် အင်္ဂလိပ်အက္ခရာ J အားလည်း ယင်း၏ မျက်နှာပေါ်တွင် ထိုးထွင်းခဲ့သည်။
တရားသူကြီး Peter Jacobs က “ဒီလူသတ်မှုဟာ လွန်စွာမှ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်နေပါတယ်။ သင်တို့အားလုံးဟာ ဒီပုဂ္ဂိုလ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြံစည်သတ်ဖြတ် ခဲ့ကြတယ်။ နှိပ်စက်၊ ရိုက်နှက်၊ လူမဆန်စွာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိစေခဲ့တာက သက်သေအဖြစ် ပြနေပါတယ်။” ဟု ယင်း၏ ဆုံးဖြတ်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
Resident Evil သည် နာမည်ကျော် ဗီဒီယိုဂိမ်းဖြစ်ပြီး ယင်းအား အခြေခံကာ ရုပ်ရှင်ကား ၅ ကား ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း စိတ်ချောက်ခြားစရာ ရုပ်ရှင်ကားအဖြစ် လွန်စွာမှ နာမည်ကျော်ကြားသည်။
---

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...