
‘သူ့ကို မင်းသမီးလုပ်မလားမေးတယ်။ ကိုယ်ကတော့နောက်ထပ် အမျိုးထဲမှာကိုယ့်ခြေရာ နင်းမယ့်ကိုယ့်တူမ ဖြစ်စေချင်တယ်။ သူ့ကို ကမ်းလှမ်းထားတာတွေ လည်းရှိတော့ သူ့ကိုလုပ်စေချင်တယ်။ ဒါပေမဲ့ သူက မင်းသမီး တစ်ယောက် မလုပ်ချင်ဘူး။ Photo မော်ဒယ်လောက်ပဲ လုပ်ချင်တယ်။ ငယ်ကလည်း ငယ်သေးတယ်လေ။ ဒီအလုပ်ကတော့ ပင်ပန်းတယ်။ သူ အပင်ပန်း ခံနိုင်ပါ့မလားပေါ့။ ဒီလိုဒဏ်ခံနိုင်မှ လုပ်ပေါ့။ ဓာတ်ပုံလာရိုက်တဲ့အချိန် အူဝဲရှိရင်တော့ အိုက်တင်ပို့စ်တွေ ကိုတော့ ပြောပြဖြစ်တယ်။ အဝတ်အစား ဒီဇိုင်းနဲ့ ပတ်သက်ပြီ လည်း အကြံပေးတယ်။ သူက ကံကောင်းတာက
သူ့အမေက ဒီဇိုင်နာဆိုတော့ သူကဘာမှ ခေါင်းစားစရာမလိုဘူး။ အကုန်လုံးက သူ့ကိုဘေးနားက ပံ့ပိုးပေးဖို့ ရှိနေတာလေ” လို့ တူမဖြစ်သူကို အနုပညာမျိုးဆက် အမွေ ဆက်ခံစေလိုတဲ့ စေတနာ စိတ်ဆန္ဒနဲ့ ပြောကြားလာတဲ့ အိန္ဒြာကျော်ဇင်ကို ကိုယ့်တူမလေး အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ ဘာတွေမှာကြားထားလဲ မေးတဲ့အခါ “သူ့ကို မင်းသမီးတစ်ယောက် လုပ်မယ်ဆိုရင်လည်း တကယ်ကို ပေါက်ပေါက်မြောက်မြောက် သေသေချာချာ လုပ်စေချင်တယ်။ ဒါပေမဲ့ ကျောင်းကလည်း ရှိသေးတယ်။ ပညာရေးရှိသေးတော့ အနုပညာ ဘက်ကို ခြေစုံပစ်ပြီး ဝင်လို့မရသေးဘူး။ ပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် သင်စေချင်သေးတယ်။ အခု ကြားထဲမှာတော့ ဓာတ်ပုံရိုက်တာလောက်ပဲ ပေးလုပ်ထားသေးတယ်။ သူက ဒီဇိုင်နာလည်း ဝါသနာပါတယ်။ သူက မင်းသမီး မလုပ်ဘူးလို့ပဲပြောတယ်။ Photo မော်ဒယ်ပဲ လုပ်ချင်တယ်။ ဒါပေမဲ့ ဒီထက်အသက်ကြီးလာရင်တော့ သူ့စိတ်ပြောင်းသွားမလား ကြည့်ရမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီး ကိုယ်တွေက ဂိုက်လိုင်းလေး လုပ်ပေးရမှာပေါ့” လို့ ဖြေ ကြားပါတယ်။ နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အနုပညာ အမွေဆက်ခံမယ့် မျိုးဆက်သစ်အဖြစ် အနုပညာလမ်း စတင် လျှောက်လှမ်းတော့မယ့် မေတိုးခိုင်ဟာ အသက်က ၁၇နှစ်ရှိပြီဖြစ် ပြီး ILBC မှာ GCE O Level ဖြေပြီးသွားပြီ ဖြစ်ကြောင်း၊ နောက်၂နှစ်လောက်မှာ ဖက်ရှင်ဒီဇိုင်းပညာကို သြစတြေးလျ (သို့မဟုတ်) အမေရိကမှာ သွားသင်မှာဖြစ်ကြောင်းနဲ့ အခုအခါမှာ ဇန်နဝါရီလအတွင်း ဖြေဆိုရမယ့် IELTS အတွက် ကျူရှင်တက်နေကြောင်း သိရတဲ့ အတွက် အဒေါ်ဖြစ်သူနဲ့ ပေါ်ပြူလာဂျာနယ် မျက်နှာဖုံး ရိုက်ကူးမှုနဲ့ အတူ အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးခွန်းလေးတွေ မေးဖြစ်တဲ့အခါ ”အန်တီနဲ့က အခုမှ ပထမဦးဆုံး ရိုက်တာ။ ဒီနေ့က ပေါ့ပေါ့ပါးပါးပဲလေ။ ဒါပေမဲ့ နေကတအားထိုးတော့ တအားပူတယ်။ အန်တီနဲ့ ရိုက်ရတော့ အိုက်တင်ပိုပြီး လုပ်တတ်တာပေါ့။ တစ်ယောက်တည်း ထက်စာရင် ၂ယောက်ဆိုတော့ ပိုကောင်းတာပေါ့။ ဒီရှေ့မှာတော့ မဂ္ဂဇင်း ၃ခုအတွက် ဓာတ်ပုံရိုက်ထားတယ်။ မြင်ကွင်းရယ်၊ People ရယ်၊ ရတီအတွက် တစ်ယောက်တည်း ရိုက်တာပါ။ ရတီအတွက် ရိုက်တုန်းက လမ်းမပေါ်မှာဆိုတော့ ရိုက်ရတာပျော်သလိုပဲ။ လမ်းမပေါ်က လူတွေလည်း ရှိနေ တယ်။ ပျော်စရာကောင်းတယ်။ ဓာတ်ပုံရိုက်ရတာ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှု ရှိတယ်။ အဲဒါကြောင့် ဓာတ်ပုံမော်ဒယ်ဘက်မှာပဲ အောင်မြင်အောင် ကြိုးစားမှာပါ။ အန်တီဟေမာရဲ့ ‘လေထီးလေးလို ကခုန်ခြင်း’ သီချင်းဗီစီဒီ တစ်ပုဒ်ရိုက်ထားတယ်။ အဲဒီသီချင်းတုန်းက တစ်ယောက်တည်း သရုပ်ဆောင်ထားတာပါ။ ဒါရိုက်တာက ဦးလူမော်။ အိုက်တင်တို့၊ စာဖတ်တာတို့ပဲ လူငယ်ဆန်ဆန်ပဲ ရိုက်ရတယ်။ ခက်ခက်ခဲခဲကြီး သရုပ်မဆောင်လိုက်ရဘူး။ ပျော်ဖို့ကောင်းပါတယ်။ ဓာတ်ပုံရိုက်တာကို ဝါသနာပါတယ်။ သရုပ်ဆောင်တာ ဝါသနာမပါဘူး။ ဖက်ရှင်နဲ့ ပတ်သက်ပြီးလည်း ဝါသနာ ပါတယ်။ မေမေ့ဆိုင်ကိုတော့ နေ့တိုင်းလိုက်သွားတယ်။ ပက်တန် ဆွဲတာတို့၊ စီးကွမ့် ထိုးတာတို့ အစစ၊ အရာရာ အကုန်သိအောင်လို့ လိုက်လုပ်ဖြစ်တယ်။ ရည်ရွယ်ချက်က ဒီဇိုင်းပညာကို နိုင်ငံခြားမှာ သွားတက်ပြီးသွားရင် ဒီမှာဒီဇိုင်းနဲ့ ပတ်သက်တဲ့ ကျောင်းတွေပြန်ဖွင့်မယ်။ ဆိုင်ကိုလည်း ပြန်လုပ်မယ်။ နောက်ထပ်လည်း လူမှုရေးလုပ်ငန်း တွေကိုလည်း အများကြီး လုပ်ချင်တယ်။ အနုပညာနဲ့ပတ် သက်ရင် ပုံဆွဲတာတို့ စန္ဒရားတီးတာတို့လည်း ဝါသနာ ပါတယ်။ သီချင်းဆို တာတော့ သိပ်ပြီး ဝါသနာ မပါဘူး”လို့ ဖြေကြားပါတယ်။ အဒေါ်ဖြစ်သူက အနုပညာနဲ့ပတ်သက် ပြီး ဘာတွေသင်ကြားလဲမေးတဲ့အခါ ”ငယ်ငယ်တုန်း ကတော့ ရှုတင်တွေ လိုက်သွားဖြစ်တယ်။ အခုနောက်ပိုင်းက ကျောင်းရှိတော့ လိုက်မသွားဖြစ်ဘူး။ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမယ်။ စိတ်ကို ဘယ်လိုထားရမယ်။ Cute ဖြစ်ချင်ရင် Cuteဖြစ်အောင် စိတ်ထဲမှာသွင်းရမယ်။ အစစအရာရာ ဘေးကနေပြောပေးတယ်။ ဒီဇိုင်းနဲ့ ပတ်သက်တာတို့၊ ဘယ်လိုနေရမယ်၊ ဟန်ပန် အမူအရာက အစ ပြောပြပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
မေမွန်မောင်၊ ခိုင်ဝေလွင်
No comments:
Post a Comment