
အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများအား အခမဲ့ ဆေးဝါးကုသမှုများ ပေးမည်ဟု ထွက်ပေါ်နေသော သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးကိုကိုက ပြောသည်။ “အသက် ၆၀ နှင့်အထက်တွေကို အခမဲ့ ဆေးဝါးကုသမှု ပေးဖို့က လုံးဝအခမဲ့ မဖြစ်နိုင်သေးဘူး။ သူတို့ချည်းပဲ ပေးမယ်ဆိုတာတော့ မဟုတ်ဘူး။ ဒီအတိုင်း အခမဲ့ပေးမယ့် အခြေခံဆေးဝါးတွေကိုပဲ ရမှာပါ။ အသက်အရွယ်နဲ့ မဆိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။ အခြေခံဆေးဝါးများ အခမဲ့ ပေးနိုင်ရန် အတွက် ဆေးဝါးဝယ်ယူရန် ဘတ်ဂျက်ချထားပေးသည့် အချိန်မှစ၍ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများအား အခမဲ့ ကုသပေးမည်ဟု ဂျာနယ်အချို့တွင် မှားယွင်းဖော်ပြနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ “ဆေးဝါးကုသမှု စရိတ်ကို လူနာအားလုံးအတွက် အခမဲ့ကုသမှုပေးမှာ မဟုတ်ပါဘူး။ အခမဲ့ပေးနိုင်တာ ရှိသလို မပေးနိုင်တာလည်း ရှိပါတယ်။ ဆင်းရဲချို့တဲ့ပြီး မတတ်နိုင်တဲ့သူတွေနဲ့ အရေးပေါ် ဆေးဝါးကုသမှု၊ အရေးပေါ် မွေးဖွားမှု ကိစ္စရပ်တွေကို ဦးစားပေးပြီး ဆေးဝါးတွေကို အသုံးပြုပေးမှာပါ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။ ၎င်းအပြင် ဆေးဝါးလိုအပ်ချက်၊ စိစစ်တွက်ချက် စာရင်းပြုစုခြင်း၊ တင်ဒါစနစ်နှင့် ဝယ်ယူခြင်း စသော လုပ်ထုံးလုပ်နည်း များနှင့် ဆောင်ရွက်ရသည့်အတွက် အချိန်ကာလတစ်ခု စောင့်ဆိုင်းရမည်ဖြစ်ပြီး ချက်ချင်းဘတ်ဂျက်ချပြီး ချက်ချင်း မရရှိနိုင်သည့် အချိန်ကာလ ကြားတွင် အထင်အမြင် လွဲမှားမှုများ ရှိလာနိုင်ကြောင်း ဒေါက်တာကျော်ကျော်က ဆိုသည်။ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် စရိတ်မျှပေးစနစ်ကိုသာ ဆက်လက် ကျင့်သုံးလျက်ရှိပြီး ဆေးဝါး ဖြည့်တင်းရန် ခွင့်ပြုရန်ပုံငွေ ပိုမိုရရှိလာသည့်အတွက် အခြေခံဆေးဝါး အခမဲ့ ထောက်ပံ့ပေးသည့် ဆေးဝါးနှင့် ကုသစောင့်ရှောက်မှုကို ယခင်ကထက် ပိုမိုဖြည့်ဆည်း ပေးလာနိုင်ခြင်း သာ ဖြစ်သည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment