တိုက်လေယာဉ် (၅) စီး ၏ ကြေကွဲစရာအဖြစ်
အငြိမ်းစား ဗိုလ်မှူးကြီးသန်းဌေး (လေ)
၁၉၇၃ ခုနှစ် ဇွန်လအလယ်ရက်တစ်ရက်၏ နံနက်ပိုင်းကား ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ခဲ့ရသည်။ တနေကုန် မိုးရွာသွန်းနေသော ရာသီဥတု အခြေအနေကြောင့် လေယာဉ်များပျံသန်းရန်မသင့်တော်ချေ။ သို့သော်လည်း စစ်သားများ အတွက်ကား ပေးအပ်လာသောတာဝန်ကို ထမ်းဆောင်ရန်အသင့်ဖြစ်နေရမည်။ ရခိုင်တိုင်း စစ်တွေမြို့ကို မူဂျာဟစ်သူပုန် များ ဝန်းရံတိုက်ခိုက်နေခြင်းကို ချေမှုန်းရန် အရေးပေါ် လေကြောင်းတိုက်ခိုက်မှု အတွက် တာဝန်တစ်ရပ်ရောက်ရှိလာသည်။ မူဂျာဟစ်သူပုန်များလက်ထဲသို့ စစ်တွေမြို့ကျမသွားစေရန် လေကြောင်းမှစစ်ကူပေးရန် တပ်မတော် (ကြည်း) မှ တောင်းခံလာပါသည်။
မနက် ၈ နာရီအချိန်၌ မင်္ဂလာဒုံ အမှတ် (၅ဝ၂) လေတပ်စခန်းဌာနချုပ်၏ ဌာနချုပ်မှူးသည် လေသူရဲများ၊ လေတပ်သားများအားလုံးကို ရှင်းလင်းဆောင်တွင် စုရုံးစေလိုက်သည်။ ဒီနောက်တော့ စစ်ဆင်ရေးဝင်ရမည့် လေသူရဲများ အား စစ်ဆင်ရေးစီမံချက်အသေးစိတ်ကိုရှင်းပြ၍ စစ်ဆင်ရေးအမိန့်ကိုပေးလိုက်သည်။ စစ်ဆင်ရေးဝင်ရမည့်နေရာသည် လေတပ်စခန်းဌာနချုပ်နှင့် အလွန်ဝေးကွာသောကြောင့် တိုက်ပွဲဝင် လေယာဉ်များ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းသို့ ပျံသန်းဆင်းသက်ပြီး ဆီထပ်ဖြည့်ရန်၊ ရှမ်းတဲလေယာဉ်ကွင်းမှ ပျံတက်ပြီး စစ်ဆင်ရေးဝင်ရမည့် ရခိုင်တိုင်း စစ်တွေမြို့သို့ ပျံသန်းရန် လေတပ်စခန်းဌာနချုပ်မှူးမှ ညွှန်ကြားပါသည်။ လေသူရဲများသည် ပစ်မှတ်ကို ငါးမိနစ်ကြာတိုက်ခိုက်ပြီး ရှမ်းတဲ လေတပ်စခန်းသို့ပြန်လာရန်၊ ရှမ်းတဲလေယာဉ်ကွင်းတွင် ဆီဖြည့်ပြီးသည်နှင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ ပြန်လာ ကြရန်ဖြစ်သည်။
စစ်ဆင်ရေးအတွက် တီ ၃၃ ဂျက်တိုက်လေယာဉ် (၅) စီး ဖြင့် လေသူရဲ နှင့် တွဲဖက်လေသူရဲ စုစုပေါင်း (၁ဝ) ဦး ပါဝင်ခဲ့ကြသည်။ အုပ်စုဖွဲ့ ပျံသန်းရန်အလို့ငှာ ဝါရင့်လေသူရဲ (၅) ဦး နှင့် သူတို့၏တွဲဖက်လေသူရဲ (၅) ဦးကို လေတပ်စခန်း ဌာနချုပ်မှူးမှရွေးချယ်ပေးခဲ့သည်။ နံနက် ၉း၃ဝ နာရီတွင် လေယာဉ် (၅) စီးသည် ရှမ်းတဲ လေယာဉ်ကွင်းသို့ ဦးတည် ပျံသန်းရန်အတွက် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထွက်ခွာသွားကြသည်။
မိုးလေဝသအခြေအနေမှာ ကောင်းမွန်သောအခြေအနေတွင်မရှိချေ။ အနောက်တောင်မုတ်သုံလေသည် မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးပြီဖြစ်သောကြောင့် လမ်းတစ်လျှောက်လုံး တောင်ငူမြို့ရောက်သည့်တိုင် မိုးရောလျှပ်စီးတွေဖြင့်သာပြည့်နှက်နေသည်။ ရခိုင်ကမ်းရိုးတန်းတလျှောက် နှင့် စစ်တွေမြို့ပေါ်တွင်လည်း အလားတူ မိုးလေဝသအခြေ အနေပင်ဖြစ်သည်။
ခန့်မှန်းခြေ နံနက် ၁ဝး၂၅ နာရီတွင် တိုက်လေယာဉ်များ ရှမ်းတဲလေတပ်စခန်းကိုရောက်ဖို့ဖြစ်သည်။ သို့သော် ၁ဝး၅၅ နာရီအထိ တိုက်လေယာဉ်များ ရှမ်းတဲလေယာဉ်ကွင်းသို့ ရောက်မလာပါ။ ထို့ကြောင့် ရှမ်းတဲလေတပ်စခန်း၏ လေကြောင်းထိန်းမျှော်စင်သည် တနိုင်ငံလုံးရှိ လေကြောင်းထိန်းမျှော်စင် အားလုံးသို့ တီ ၃၃ တိုက်လေယာဉ် (၅) စီး ပျောက်ဆုံးနေပြီဟူ၍ အကြောင်းကြားလိုက်သည်။ မိခင်လေတပ်စခန်း ဌာနချုပ်မှ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး အဖွဲ့သည် လေယာဉ်များရှာဖွေရေးလုပ်ငန်းကို စတင်လိုက်သော်လည်း တိုက်လေယာဉ်များမှာ သတင်းမရအောင် ပျောက်ဆုံးနေ သည်။ မိခင်လေတပ်စခန်း နှင့် လေတပ်မိသားစုများမှာ စိုးရိမ်ပူပန်မှုဖြစ်ခဲ့ရပြီးနောက် ရှာဖွေ၍မတွေ့ရှိသေးဟု သတင်းပို့ ချက်ကိုကြားရပြီးနောက် မိသားစုများ၏သောက အထွပ်အထိဋ်ရောက်ခဲ့သည်။
တပ်မတော် (ကြည်း) စစ်ဦးစီးမှူး (ပထမတန်း)ရုံး၊ တပ်မတော် (လေ) စစ်ဦးစီးမှူး (ပထမတန်း)ရုံး၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံး တို့က ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက် နှင့် ရန်ကုန်-တောင်ငူအကြား ကားလမ်းတစ်လျှောက်ရှိ မြို့ကြီးများကို တိုက်လေယာဉ် (၅) စီး ဖြတ်ကျော်ပျံသန်းသွားသော အသံကို ကြားသလားဟု လိုက်မေးခဲ့သည်။
နံနက် ၉းဝဝ နှင့် ၁ဝးဝဝ နာရီအကြားတွင် လေယာဉ်များ မိုးတိမ်များအောက် ပေ ၁ဝဝဝ အမြင့်မှ မြောက်ဖက်သို့ ပျံသန်းသွားသောအသံကို ကြားရသည်ဟု ပဲခူးမြို့မှ သတင်းပေးပို့ချက်ကိုရရှိသည်။ မိုးတိမ်များကြောင့် လေယာဉ် (၅) စီး မြေပြင်မှအထက် နိမ့်နိမ့်လေးပျံသန်းသွားသည်ကို ပဲခူးမြို့သူမြို့သားအချို့ မြင်လိုက်ရသည်။
ဒီနောက်တော့ ဒိုက်ဦး နှင့် ပဲနွယ်ကုန်းမြို့များမှလည်း နံနက် ၁ဝးဝဝ နာရီတွင် လေယာဉ် (၅) စီး မြောက်ဖက်သို့ ဦးတည်ပြီး နိမ့်နိမ့်လေး ပျံသန်းသွားကြောင်း ထပ်မံအတည်ပြုသည်။ ထိုနောက် လေယာဉ် (၅) စီး နံနက် ၁ဝ နာရီ အချိန် တွင် မြို့ပေါ်မှဖြတ်ပျံသွားသည်ကို အသံကြားသလား၊ တွေ့မြင်သလားဟု တောင်ငူမြို့ကို စုံစမ်းမေးမြန်းရသည်။ လေယာဉ်များကို မတွေ့ဟု တောင်ငူမြို့မှ အကြောင်းပြန်လာသည်။ ထို့ကြောင့် တိုက်လေယာဉ် များသည် ရွှေကျင်မြို့ နှင့် ကျောက်ကြီးမြို့များဆီသို့ ဦးတည်ပျံသန်းသွားနိုင်ကြောင်း လေတပ်စခန်းဌာနချုပ်မှ ခန့်မှန်းသုံးသပ်လိုက်သည်။ ရွှေကျင် မြို့ကို ဆက်သွယ်မေးမြန်းလိုက်ရာ အဖြေမှာမှန်ကန်နေကြောင်းသိရသည်။ တိုက်လေယာဉ် (၅) စီး အုပ်စုဖွဲ့၍ မိုးတိမ်များ အောက်ခြေ ပေ ၁ဝဝဝ အမြင့်မှ ပျံသန်းသွားသည်ကိုမြင်ရပြီးနောက် လေယာဉ်များပျောက်ကွယ်သွားကြောင်း ရွှေကျင်မြို့ မှ အကြောင်းပြန်လာသည်။ ထိုနေ့ည သန်းခေါင်ယံအလွန် နံနက် ၁း၃ဝ နာရီတွင် ထိုလေယာဉ်များ သတင်းကိုရရှိသည်။ ထိုစဉ်ကဆက်သွယ်ရေးစံနစ်မှာ အော်တိုတယ်လီဖုန်းမဟုတ်ပဲ တယ်လီဖုန်းအိပ်စ်ချိန်းမှ တဆင့် ခေါ်ရခြင်းဖြစ်သောကြောင့် ထိုကဲသို့ သတင်းနောက်ကျရခြင်းအပေါ် စိတ်ပျက်မိသည်။ နောက်ဆုံးအနေဖြင့် တိုက်လေယာဉ် (၅) စီး မှာ ပျက်ကျ သွားပြီဟုသာ ကောက်ချက်ချစရာ ရှိတော့သည်မို့ အထက်ဌာနအဆင့်ဆင့်ကို အစီရင်ခံတင်ပြလိုက်ပါသည်။
နောက်တနေ့နံနက်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ) တို့ သည် အဲလူးဝက် ရဟတ်ယာဉ် (၂) စီးဖြင့် လေယာဉ်များပျက်ကျသည်ဟုထင်ရသော နေရာများကိုလိုက်ရှာပါတော့သည်။ ရွှေကျင်မြို့အနီးရှိတောင်ပေါ်တစ်နေရာတွင် ပျောက်ဆုံးနေသော လေယာဉ်ပျက်များကိုတွေ့ရှိရပါသည်။ သေဆုံးကုန်သော လေသူရဲများကို ကောင်းမွန်စွာသင်္ဂြိုလ်ပြီး ကြွင်းကျန်သော အရိုးပြာများကို လေတပ်စခန်း ဌာနချုပ်သို့ ပြန်လည်ယူဆောင် လာခဲ့သည်။ နောက်တနေ့တွင် အရိုးပြာများကို မင်္ဂလာဒုံစစ်သချိုင်္င်းသို့ပို့ဆောင်ပြီး စစ်အခမ်းအနားဖြင့် မြုတ်နှံခဲ့သည်။
ကြေကွဲဖွယ်ရာထိုဖြစ်ရပ်မှ လေသူရဲအားလုံး သင်ခန်းစာယူသင့်သည်များမှာ -
(၁) အုပ်စုဖွဲ့ပျံသန်းမှုတွင် လေယာဉ်များ ပဲခူး၊ ဒိုက်ဦး၊ ပဲနွယ်ကုန်း တို့ကိုကျော်လွန်ပြီး ရွှေကျင်ရောက်သည်အထိ အုပ်စုခေါင်းဆောင်သည် လေယာဉ်များကို ဦးဆောင်သွားသည်မှာ သေချာပေသည်။
(၂) ဂျက်တိုက်လေယာဉ်များ၏ ဆီစားနှုန်းမြင့်သောကြောင့် ခရီးဝေးပျံသန်းရာတွင် နိမ့်နိမ့်ပျံသန်းရန်မသင့်တော်ချေ။ လေယာဉ်ဆီသုံးစွဲမှု ချွေတာရာလည်း ရောက်အောင် မြင့်မြင့်ပျံသန်းသင့်သည်။
(၃) အုပ်စုခေါင်းဆောင်သည် အနိမ့်ပျံသန်းခြင်းကိုအကြာကြီးမလုပ်သင့်ဟု နားလည်သောကြောင့် တိမ်ပါးရာ ရွှေကျင်မြို့ အနားမှ အမြင့်သို့ ထိုးတက်စဉ်တွင် လေယာဉ်များတောင်ခပန်းနှင့်တိုက်မိခဲ့သည်။
(၄) တောင်ထိပ်၏အမြင့်မှာ ပင်လယ်မြေမျက်နှာပြင်မှအထက် ၁၉ဝ၅ ပေ ရှိပြီး တောင်၏အမြင့် ၁၈ဝဝ ပေ ကို လေယာဉ် များဝင်တိုက်ခဲ့သည်။ မိုးရွာသွန်းနေသောကြောင့် လေယာဉ်များအတွက် မြင်ကွင်းမကောင်းတာလည်းဖြစ်နိုင်သည်။
(၅) အုပ်စုခေါင်းဆောင်သည် အထက်ကိုဖေါက်တက်ရန် ၁ မိနစ်ခန့်စော၍ဆုံးဖြတ်လိုက်ပါက လေယာဉ် (၅) စီးစလုံး ထိုတောင်ကိုကျော်လွှားနိုင်ပြီး ရှမ်းတဲလေတပ်စခန်းသို့ ချောမောစွာဆင်းသက်နိုင်မည်ဖြစ်သလို လေသူရဲ (၁ဝ) ဦး၏ အသက်ဆုံးရှုံးမှုကို ဖြစ်စေမည်မဟုတ်ချေ။
(၆) အုပ်စုဖွဲ့ပျံသန်းမှုတွင် အုပ်စုခေါင်းဆောင်၏ဆုံးဖြတ်ချက်သည် အချိန်နှင့်အမျှအရေးကြီးသည်ကို ဤအဖြစ်ဆိုးမှ သင်ခန်းစာယူသင့်ပေသည်။ အထူးသဖြင့် ရာသီဥတုဆိုးဝါးချိန်တွင် အုပ်ဖွဲ့ပျံသန်းရာ၌ အုပ်စုခေါင်းဆောင်၏ ပျံသန်းရေးဝါရင့်မှုသည် အရေးပါလှပေသည်။
(၇) ခရီးဝေးပျံသန်းရာတွင် စိတ်ချရသောနည်းမှာ လိုအပ်သောအမြင့်အထိ ပျံတက်ရန်၊ တဲ့တဲ့ပျံသန်းရန်၊ ရည်မှန်းချက် လေယာဉ်ကွင်း နှင့် တဖြောင့်တည်း ပျံသန်းရန် တို့ဖြစ်ပေသည်။
မှတ်ချက်။ ထိုဖြစ်ရပ်တွင် သေဆုံးကုန်သော လေသူရဲ (၁ဝ) ဦးတို့၏ အမည်များ ယခင်က ကျနော်ထံတွင်ရှိခဲ့သော်လည်း ပြည်ပကိုမသွားမီ မိတ်ဆွေတစ်ဦးကို မှတ်စုများကိုပေးလိုက်ရာတွင်ပါသွားပါသည်။
ဝေဟင်ချစ်သူ
No comments:
Post a Comment