ပြဒါးလင်းဂူတွင်
ထွန်းကားခဲ့သော သမိုင်းမတင်မီခေတ် (စာပေအရေး အသားမပေါ်သေးသော ခေတ်)
ကျောက်ခေတ်ဂူအနုပညာ (Cave Art) သည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း
ယဉ်ကျေးမှုအမွေ အနှစ်ပင် ဖြစ် သည်။ ၎င်းရှေးဟောင်းယဉ်ကျေးမှုကို နိုင်ငံသားတိုင်း
မပျောက်မပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်လှပေ သည်။ ပြဒါးလင်းဂူ
(မြေက်လတ္တီတွဒ် ၂၁ ဒီဂရီ ဝ၇ ဒသမ ၇၇၅ လက်မနှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ
၂ဝ ဒသမ ၄၈၉ လက်မ) သည်ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်
တွင်တည်ရှိသည်။ ရေဘုတ်ရွာ၏ အနောက်ဘက်တစ်မိုင် အကွာ ညောင် ကျပ်ရွာ၏
အရှေ့မြောက် ဘက်လေးမိုင်အကွာ၊ ရွာငံမြို့၏ အနောက်ဘက် ဆယ်မိုင်အကွာနှင့်
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁ဝဝဝ မှာတည်ရှိ သည်။
ပြဒါးလင်းဂူနှစ်ဂူရှိပြီး နှစ်ဂူစလုံးမှာ တောင်ဘက်ကို မျက်နှာမူလျက်ရှိသည်။ တစ်ဂူနှင့်တစ်ဂူ ကိုက် ၂ဝဝ ကွာဝေးသည်။ အနောက်ဘက်ဂူသည် ပိုမိုကြီး မားပြီး ဂူတစ်ခုတည်းမဟုတ်ပဲ ဂူကိုးခုစီတန်းပြီး တစ်ခုနှင့်တစ်ခု ကျဉ်းမြောင်း သည့် ဂူများနှင့် ဆက်လျက်ရှိသည်။ အနောက်ဘက်ဂူမှာ ပေ ၈ဝဝ ရှည် လျားသည်။ အနောက်ဘက်ဂူမှာ မြေပြင်အထက်ပေ ၇ဝ အမြင့်တွင် တည်ရှိ သဖြင့် ရန်သူများ ရုတ်တရက်လာရောက်တိုက်ခိုက်မည်ကို ကြိုတင်သိမြင်နိုင် သည့် အနေအထားတွင် ရှိသည်။ ထုံးကျောက်ဂူဖြစ်သည့် အားလျော်စွာ အနောက်ဘက်ဂူကြီး၏ အတွင်းပိုင်းမှာ သဘာဝအလျောက် ကျောက်စက် ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များနှင့် ဆန်းကြယ်စွာ တွေ့ရှိရသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်ရှိ ထန်ဆမ်းဂူနှင့် လွန်စွာတူညီ သည်။ အနောက်ဘက် ဂူကြီးကဲ့သို့ မှောင်မိုက်ပြီး စွတ်စိုထိုင်းမှိုင်းနေသည့် ဂူမျိုးမှာ ရှေးဦးလူသားများအမြဲခိုအောင်းလေ့မရှိပါ။
အရှေ့ဘက်ဂူမှာ အနောက်ဘက်ဂူထက်ပိုမိုသေးငယ်သည်။ အလင်းရောင်နှင့် လေကောင်းလေသန့် လည်း ကောင်းမွန်စွာရရှိသည်။ အရှေ့ဘက်ဂူ၏ အလယ်မှာ ရှေ့ကိုအစွန်းထွက်နေသဖြင့် နှစ်ပိုင်းကန့် ထားသည့် အနေအထားမျိုး ဖြစ်နေသည်။ အင်္ဂလိပ်အက္ခရာ (E) နှင့် သဏ္ဌာန်တူသည်။ အရှေ့ဘက် ဂူနံရံတွင် ကျောက်ခေတ် ဂူနံရံပန်းချီ လက်ရာများကို မြေပြင်မှ ၁၂ ပေအကွာတွင် တွေ့ရှိရသည်။ နေပုံ၊ လူ၏လက်ပုံ၊ ငါးနှစ်ကောင်ဟု ယူဆရသည့်ပုံ၊ နွားနှစ်ကောင်ခွေ့နေ သည့်ပုံ၊ နွားမကြီးနောက်မှ နွားငယ်လေးများလိုက်နေပုံဟု ယူဆရသည့်ပုံ စသည်တို့ဖြစ်သည်။ ဂူနံရံပန်းချီများကဲ့သို့ လူပုံမပါ ဝင် ပေ။ နေထွက်နေ သည့်ပုံမှာ ပန်းချီလက်ရာအားလုံးအနက် အပီပြင်ဆုံးကျန်ရှိသည့် ပုံဖြစ်သည်။ စုစုပေါင်း ပန်းချီပုံ ၁၂ ပုံရှိပြီး ပန်းချီပေါ်မှာ ထုံးရည်ကြည်များဖုံးနေ သည်ကို တွေ့ရသည်က တစ်ကြောင်း၊ ၁၉၆၉ ခုနှစ် ဇန်နဝါရီလ တူးဖော်မှုမှ မြေနီခဲ (Red Ochre) များ တွေ့ရှိရသည်က တစ်ကြောင်း ၎င်းပုံများကို ရှေးဦးလူသားများ ရေးဆွဲခဲ့သည်မှာ ထင်ရှားကြောင်း တွေ့ ရသည်။
ပြဒါးလင်းဂူနှစ်ဂူအနက် အရှေ့ဘက်ဂူကို ၁၉၆၉ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ လမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တူးဖော်ခဲ့သည်။ ၁၉၆၉ ခုနှစ် တူးဖော် မှုမှ ကျောက်လက်နက်အကောင်း၊ အကျိုးစုစုပေါင်း ၁၆ဝဝ ကျော်၊ တိရစ္ဆာန်အရိုးအပိုင်းအစများ၊ မီးသွေး များ၊ မြေနီခဲများ စသည်တို့ ရရှိခဲ့ပါသည်။ ကျောက်လက်နက်အကောင်း ၄၂၂ ခုကို ဆက်လက်လေ့လာ မှုပြရန် ရန်ကုန်မြို့သို့ ယူဆောင်လာပြီး ကျန်ကျောက်လက်နက်များကို အရှေ့ဘက်ဂူတွင် မြှုပ်နှံထားခဲ့ သည်ဟု သိရှိရပါသည်။ ပထမအကြိမ် ၁၉၆၉ ခုနှစ် တူးဖော်မှုအပြီး ၂ဝဝ၉ ခုနှစ်တွင် အရှေ့ဘက်ဂူကို ဇန်နဝါရီလတွင် တူးဖော်ခဲ့ရာ ကျောက်လက်နက် ၄ဝဝ ကျော်ရရှိခဲ့သည်ဟု သိရှိရသည်။
ပြဒါးလင်းဂူမှာ သွားလာရခက်သည့်နေရာတစ်ခု ဖြစ်သည်။ လမ်းနှစ်သွယ် ရှိပြီး တစ်ခုမှာ မန္တလေးတိုင်း ဒေသကြီး ကူမဲမြို့နယ်ရှိ ကင်းတား ဆည် ကို ဖြတ်ရန်စက်လှေ ၄၅ မိနစ်ခန့်စီးရပြီး ဆက်လက်၍ ခြေကျင်ခရီး အမြန်နှုန်းလမ်းလျှောက်လျှင် တစ်နာရီခွဲကြာ သည်။ နောက် လမ်းတစ်သွယ် မှာ တောင် ကြီးမြို့ ရွာငံမြို့မှ ၁ဝ မိုင် လမ်းလျှောက်ရသည့် ခရီးဖြစ်သည်။ များသောအားဖြင့် ကင်းတားဆည်မှ သာ သွားကြသည်မှာများသည်။ လမ်းပန်းခက်ခဲသဖြင့် လူအသွားအလာအရောက်အပေါက် နည်းသည့် နေ ရာဖြစ်သည်။ စာရေးသူသည် ပြဒါးလင်းဂူသို့ သုံးကြိမ်ရောက်ဖူးပြီး နှစ်ကြိမ်မှာ ကင်းတားဆည် မတည်ဆောက်ရသေး သဖြင့် ပြဒါးလင်းဂူ အထိ ခြေကျင် ခရီးဖြင့်သာ သွားရောက်ခဲ့ရ သည်။ တတိအကြိမ်တွင်မူ ကင်းတားဆည် တည်ဆောက်ပြီးဖြစ်၍ ကင်းတားဆည် တစ်စိတ်တစ်ပိုင်း စက်လှေဖြင့် စက်လှေဖြင့် သွားရောက်ခဲ့ရသည်။
ပြဒါးလင်းဂူနှစ်ဂူအနက် အရှေ့ဘက်ဂူမှာ (Cupules) ခေါ် ကျောက်ခွက် ငယ်လေးများကို တွေ့ရှိရ သည်။ ပထမဦးစွာ (Cupules) ဆိုသည်မှာ (Cup Stones, Cup Marks) ဟုလည်း အဓိပ္ပာယ်ရသည်။ ၎င်း (Cupules) ဆိုသည့်အခေါ်အဝေါ်ကို ကမ္ဘာကျော်ရှေးဟောင်း သုတေသနပညာရှင် Robert G.Bednarik က မကြာသေးမီ ၂ဝဝ၃ ခုနှစ်ကမှ အမည်ပေး ခဲ့ခြင်း ဖြစ်သည်။ Cupules မှာ အစောဆုံး သမိုင်းမတင်မီ ခေတ်အနုပညာ (Prehistoric Art) ဖြစ်သည်။ ခွက်ငယ်ပုံသဏ္ဌာန် (Cup-shaped) ရှိပြီး လူလုပ်သည့်ကျောက်အနုပညာ (Man-made Rock Art) ဖြစ်သည်မှာ ထင်ရှားသည်။ ထုံးကျောက် မျက်နှာပြင်ကို လူ၏လက်ဖြင့် ခွက်ငယ်လေး များပုံသဏ္ဌာန်ဖြစ်အောင် ရိုက်ခတ်ပြီး ပြုလုပ်ထား သည့် ကျောက်ခွက် ငယ်လေးများကို ဒေါင်လိုက် (သို့မဟုတ်) အလျားလိုက် နှစ်မျိုးတွေ့ ရှိရသည်။
ကျောက်ခွက်ငယ်လေးများကို ကုန်းတွင်းပိုင်းအရှေ့တောင်အာရှ (Mainland Southeast Asia) နိုင်ငံများ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မှာသာ ထူးခြားရှားပါးစွာ တွေ့ရှိရသဖြင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည်။ အရှေ့တောင်အာရှ ကျွန်းနိုင်ငံတစ်ခုဖြစ် သည့် ဘရူနိုင်း နိုင်ငံတွင်လည်း တွေ့ရှိရသည်။
ပြဒါးလင်းဂူနှစ်ခုမှ အသစ်တွေ့ရှိချက်နှစ်ခု (New Discoveries) ကို တင်ပြလိုပါသည်။ ၎င်းတို့မှာ အရှေ့ဘက်ဂူမှ ကျောက်ခွက်ငယ်လေးများ (Cupules) နှင့် အနောက်ဘက်ဂူမှ ဂူနံရံပန်းချီတို့ပင် ဖြစ်သည်။ အနောက်ဘက်ဂူပေါက်ဝ ဘယ်ညာနှစ်ဖက်စလုံးတွင် အနီရောင် ပန်းချီများကို တွေ့ရသော် လည်း ထုံးရည်ကြည်များ ဖုံးလွှမ်းနေ၍ တစ်ကြောင်း၊ လူအများက၎င်းတို့၏ အမည်များနှင့် ၎င်းတို့ နေထိုင် ရာ ဒေသအမည်များကို (Correction Pens) များနှင့်ရေးသားထားခဲ့ကြ၍ တစ်ကြောင်း ယခုအခါ ဆေးနီရောင်မှလွဲ၍ မည်သည့်ပုံကို ရေး ဆွဲခဲ့သည် ဟူ၍ ဖော်ပြနိုင်ခြင်းမရှိတော့ပေ။ မြေပြင်မှ ၁ ဒသမ ၇ မီတာ အကွာတွင် ၎င်းတို့ကို တွေ့ရှိရသည်။
ပြဒါးလင်းဂူကို ပြည်ပနိုင်ငံများတွင် မဆိုထားဘိ၊ မြန်မာနိုင်ငံတွင် နေထိုင်သူ အများစုကပင် မသိရှိကြ ၍ စာရေးသူက မိမိပြုလုပ်ထားသမျှ သုတေသန လုပ်ငန်းကို တင်ပြရခြင်းဖြစ်သည်။ အမှန်တကယ်အား ဖြင့် ယနေ့အထိ ပင် ပြဒါးလင်းဂူ ယဉ်ကျေးမှုကိုမပျောက်မပျက်ဘဲ လက်တွေ့သွားရောက်လေ့ လာနိုင် သည်။ မြန်မာနိုင်ငံမှာ ရှေးဦးလူသားတို့၏ ဂူနံရံပန်းချီကို ပြဒါးလင်းဂူ တစ်ခုတည်းမှာသာ တွေ့ရ သေးသဖြင့် တန်ဖိုးမဖြတ်နိုင် သည့် ကျောက်ေ ခတ် လူ သားတို့၏ ယဉ်ကျေးမှုကို အထင်အရှားတွေ့ရသည်။ ။

No comments:
Post a Comment