ဧဒင်အချစ်ပုံပြင်: ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

Tuesday 22 January 2013

ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

Photo: ဆိုင်ကယ်စီးခွင့်တားမြစ်ထားသည့် ရန်ကုန်ဧရိယာအတွင်း ဆိုင်ကယ်မတော်တဆမှုများ ဖြစ်ပွားနေ

ဆိုင်ကယ်စီးခွင့် တားမြစ်ထားသည့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းမှုများကြောင့် မတော်တဆမှုများ ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ဌာနဆိုင်ရာအချို့မှလွဲ၍ ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို တားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသကဲ့သို့ အရေးယူမှုအားနည်းခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားနေရသည်ဟု မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရသူများက ပြောကြသည်။

“ဈေးသိမ်းပြီးတော့ အပြန်မှာ အနောက်က ဆိုင်ကယ်ပွတ်တိုက်သွားတာ။ ဒီလောက်ရှုပ်ယှက်ခတ်နေချိန်မှာ ဆိုင်ကယ်ကို အရမ်းမောင်းတာလေ” ဟု လှိုင်မြို့နယ် သံလမ်းတွင် ဆိုင်ကယ်အတိုက်ခံရ၍ ဘယ်ခြေထောက်ဒဏ်ရာရရှိခဲ့သော ဒေါ်တင်တင်သန်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်လိုင်စင်များကို ၂၀၀၁ ခုနှစ်မှစ၍ သက်တမ်းတိုးခွင့် တားမြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကိုသာ လုပ်ငန်းလိုအပ်ချက်အရ တရားဝင် စီးနင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း လျှပ်စစ်ဌာနမှ ဆိုင်ကယ် ၆၅ စီးနှင့် စည်ပင်မှ ၃၃ စီးကိုသာ တရားဝင် စီးနင်းခွင့်ပြုထားကြောင်း နေပြည်တော်ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောကြားသည်။

သို့ရာတွင် ရန်ကုန်မြို့တော်အတွင်း တရားမ၀င် ဆိုင်ကယ်များ စီးနင်းမှု များပြားလာခြင်း၊ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပွားနေခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ဥပဒေပညာရှင်များနှင့် ရေးရာကော်မတီတို့က သုံးသပ်ပြောဆိုကြသည်။

“ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ဘူး။ အန္တရာယ်မရှိဘူးဆိုရင် လိုင်စင်ပေးပေါ့။ လိုင်စင်မဲ့ဆိုင်ကယ် ရှိနေတာကတော့ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြနေတာ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ကပြောသည်။

“မတော်တဆမှု ဖြစ်ပွားတဲ့ စာရင်းဇယားတွေကိုကြည့်ရင် ဆိုင်ကယ်တွေကြောင့် အများကြီး ပါပါတယ်။ အခု ကယ်ရီတွေပါ ဆွဲနေကြတော့ ပိုဆိုးတယ်။ ဥပဒေနှစ်ခုကို ချိုးဖောက်နေတဲ့သဘောပေါ့” ဟု ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး(အငြိမ်းစား) ဦးအောင်နိုင်က သုံးသပ်သည်။

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယင်းအထဲတွင် ဆိုင်ကယ်ကြောင့် ဖြစ်ပွားသော ယာဉ်တိုက်မှုပေါင်း ၁၆၀ ဖြစ်ပွားခဲ့ သည်။ စုစုပေါင်း သေဆုံးသူ ၃၀၀ 
နီးပါးတွင် ဆိုင်ကယ်တိုက်မှုကြောင့် ၄၂ ဦး သေဆုံးခဲ့ရသည်။

ရန်ကုန်နယ်နိမိတ်အတွင်း လျှပ်စစ်စက်ဘီများ စီးနင်းခွင့်ကိုလည်း ၂၀၁၂ ခုနှစ်အစပိုင်းတွင် မော်တော်ယာဉ်နည်းဥပဒေအရ ပိတ်ပင်ထားခဲ့သော်လည်း မြို့နယ် အချို့တွင် စီးနင်းနေကြဆဲဖြစ်သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်တွင် အုပ်စုဖွဲ့ဆိုင်ကယ်စီးနင်းသူ ၂၅ ဦးက ဆိုင်ကယ် ၉ စီးဖြင့် ရောက်ရှိလာပြီး ကန်ပေါင်ရှိ ၀န်ထမ်းအချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း ဆိုင်ကယ်များ တရားမ၀င် စီးနင်းနေခြင်းကို ၁၉၄၇ ခုနှစ် သွင်းကုန်ထုတ်ကုန်ကြီးကြပ်ရေး ယာယီအက်ဥပဒေ ပုဒ်မ ၅(၁)/ ၅(၃)တို့ဖြင့် အရေးယူနိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ဒဏ် ချမှတ်နိုင်ကြောင်း၊ လျှပ်စစ်ဆိုင်ကယ်များ စီးနင်းမှုကိုလည်း မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)ကဆိုသည်။

“ခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေ မဟုတ်ဘဲ စီးတာတွေ့ရင် ဒဏ်ကြေး ၅၁၅၀၀ ကျပ် ရိုက်တယ်။ နောက်မစီးဖို့ ခံဝန်ထိုးခိုင်း တယ်။ လိုင်စင်မဲ့ဆို နိုင်ငံပိုင်အဖြစ် တစ်ခါတည်း သိမ်းလိုက်တယ်” ဟု နေပြည်တော် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

7Day News Journalဆိုင်ကယ်စီးခွင့် တားမြစ်ထားသည့် ရန်ကုန်မြို့ မြို့နယ်အချို့တွင် စည်းကမ်းမဲ့ဆိုင်ကယ်စီးနင်းမှုများကြောင့် မတော်တဆမှုများ ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...