ဧဒင်အချစ်ပုံပြင်: မြန်မာနိုင်ငံသံရုံးများတွင် စီးပွားရေးသံမှူးများ ခန့်အပ်သွားမည်

Tuesday 22 January 2013

မြန်မာနိုင်ငံသံရုံးများတွင် စီးပွားရေးသံမှူးများ ခန့်အပ်သွားမည်

Photo: မြန်မာနိုင်ငံသံရုံးများတွင် စီးပွားရေးသံမှူးများ ခန့်အပ်သွားမည်

မြန်မာနိုင်ငံနှင့် ကုန်သွယ်ဆက်ဆံမှုမြင့်မားလာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အလားအလာကောင်းသည့် နိုင်ငံများသို့ မြန်မာ့စီးပွားရေးသံမှူးများစေလွှတ်ပြီး တာဝန်ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာအနှံ့တွင် မြန်မာသံရုံးပေါင်း လေးဆယ်ကျော် ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း စီးပွားရေးကောင်စစ်ဝန်အဖြစ် ကျွမ်းကျင်သံမှူးများကို ရွေးချယ်သင်တန်းပေးကာ ထိုအထဲမှ ထပ်မံရွေးထုတ်၍ စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအတွက် ရွေးချယ်ထားသူများမှာ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူးအဆင့် အယောက် ငါးဆယ်ကျော်ရှိကြောင်း သင်တန်းတက်ရောက်နေသူ အရာရှိတစ်ဦးကပြောသည်။

အဆိုပါ သင်တန်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ကြီးမှူး၍ ဇန်န၀ါရီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံနိုင်ငံခြား စီးပွားရေးသင်တန်းဟု အမည်ပေးထားသည်ဟု သတင်းရရှိသည်။

“၀န်ကြီးဌာနတွေမှာ ဘာသာစကားကောင်းတဲ့ အရာရှိတွေကို ရွေးပြီး အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှာ သင်တန်းပေးနေတာပါ။ ဒီလမကုန်ခင်သင်တန်းပြီးမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် စီးပွားဆက်သွယ်မှုများ ပိုမိုများပြားလာပြီဖြစ်သောကြောင့် နိုင်ငံခြားစီးပွားဆက်ဆံ ရေးတိုးတက်စေရန်အတွက် စီးပွားရေးသံမှူးများကို နိုင်ငံ့စီးပွားရေးမျက်နှာစာတွင် ရှေ့တန်းတိုက်စစ်မှူးများအဖြစ် ခန့်အပ်ရန်လိုအပ်သောကြောင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့က ဇန်န၀ါရီ ၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် တကူးတကသီးသန့်လာရောက်စရာမလိုတော့ဘဲ မြန်မာနိုင်ငံ၏ စီးပွားရေးသတင်းအချက်အလက်များကို စီးပွားရေးသံမှူးများထံမှ အလွယ်တကူရရှိနိုင်လိမ့်မည်ဖြစ်ပြီး စီးပွားရေးသံမှူးများသည် မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကူအညီပေးလိုသည့် 
နိုင်ငံနှင့် အဖွဲ့အစည်းများကိုလည်း ရှင်းလင်းပြောကြားပေးရနိုင်ကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကလည်း နိုင်ငံခြားစီးပွားဆက်ဆံရေးနယ်ပယ်အောက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရှာဖွေရေး၊ မိမိနိုင်ငံ၏ ပို့ ကုန်များ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် နေရာရယူနိုင်ရေး၊ မိမိနိုင်ငံအတွက် လိုအပ်သည့် သွင်းကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရရှိစေရေး၊ စီးပွားရေးသတင်းအချက်အလက်နှင့် အဆက်အသွယ်များရရှိစေရေး၊ နိုင်ငံခြားမှ အကူ အညီအထောက်အပံ့များ၊ အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိစေရေး၊ လူသားဖွံ့ဖြိုးမှု ဖြစ် 
ပေါ်စေရေးတို့အတွက် ယခုခန့်အပ်သွားမည့် စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း အဆိုပါ သင်တန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

“စီးပွားရေးသံမှူးတွေအနေနဲ့ အဓိကဆောင်ရွက်ရဖွယ်ရှိနိုင်တာတွေကတော့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံချင်သူတွေ၊ ကုန်သွယ်မှုလုပ်ချင်သူတွေအတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ ဆိုင်တဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်တွေ၊ အခြေခံလိုအပ်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် နယ်ပယ်၊ နေရာစတာတွေကို ရှင်းလင်းဆွေးနွေးပေးရမယ်ထင်တယ်” ဟု အဆိုပါ သင်တန်း၌ တက်ရောက်နေသော သင်တန်းသားအရာထမ်းတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO) ရှိသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဖာမြို့ရှိ မြန်မာသံရုံးတစ်ခုတည်းတွင်သာ စီးပွားရေးသံမှူးတစ်ဦးခန့်အပ်ထားရှိပြီး ကျန်နိုင်ငံများတွင် ယခုအချိန်ထိ စီးပွားရေးသံမှူးများ ခန့်အပ်တာဝန်ပေးထားခြင်းမရှိပေ။

7Day News Journalမြန်မာနိုင်ငံနှင့် ကုန်သွယ်ဆက်ဆံမှုမြင့်မားလာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အလားအလာကောင်းသည့် နိုင်ငံများသို့ မြန်မာ့စီးပွားရေးသံမှူးများစေလွှတ်ပြီး တာဝန်ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...